မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုသည် ကောင်းကင်တမန်မင်း မိက္ခေလလော

ယေရှုသည် ကောင်းကင်တမန်မင်း မိက္ခေလလော

စာရှုသူများအမေး . . .

ယေရှုသည် ကောင်းကင်တမန်မင်း မိက္ခေလလော

▪ ရိုးရိုးလေးပြောရလျှင် အဖြေမှာ ဟုတ်ပါသည်။ ယဉ်ကျေးမှုများစွာတွင် လူတစ်ဦး၏အမည်ကို တစ်ခုထက်မက မှည့်ခေါ်တတ်ကြသည်။ သမ္မာကျမ်းစာတွင် ပါရှိသောအမည်များလည်း ထိုနည်းအတိုင်းပင်။ ဥပမာ၊ ဘိုးဘေးယာကုပ်ကို ဣသရေလ (အစ္စရေး) ဟုလည်း ခေါ်ကြသည်။ (ကမ္ဘာဦး ၃၅:၁၀) တမန်တော်ပေတရုတွင် နာမည်ငါးမျိုးရှိသည်။ ၎င်းတို့မှာ ရှိမုန်၊ ရှိမုန်ပေတရု၊ ကေဖ၊ ပေတရုနှင့် ရှုမောင်တို့ ဖြစ်သည်။ (မဿဲ ၁၀:၂; ၁၆:၁၆; ယောဟန် ၁:၄၂; တမန်တော် ၁၅:၇၊ ၁၄) မိက္ခေလဟူသော အမည်သည် ယေရှု၏ အမည်နောက်တစ်မျိုးဖြစ်ကြောင်း ကျွန်ုပ်တို့ မည်သို့သိနိုင်သနည်း။ အောက်ပါ ကျမ်းစာအထောက်အထားကို သုံးသပ်ကြည့်ပါ။

သမ္မာကျမ်းစာတွင် တန်ခိုးကြီးသော ကောင်းကင်တမန်မင်း မိက္ခေလဟူ၍ ငါးကြိမ်တိုင်တိုင် ဖော်ပြထားသည်။ သုံးကြိမ်ကို ဒံယေလကျမ်းတွင် တွေ့ရသည်။ “ကောင်းကင်တမန်မင်းစုထဲက” တစ်ပါးနှင့် “သင်တို့၏ကောင်းကင်တမန်” ဟုခေါ်သော မိက္ခေလသည် တာဝန်ပေးအပ်ခံရသော ကောင်းကင်တမန်တစ်ပါးကို ကယ်တင်ခဲ့သည်ဟု ဒံယေလ ၁၀:၁၃၊ ၂၁ (သမ္မာ) တွင် ကျွန်ုပ်တို့ ဖတ်ရ၏။ ထို့ပြင် နောက်ဆုံးကာလ၌ “သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်မင်းကြီး မိက္ခေလသည် ပေါ်လာလိမ့်မည်” ဟု ဒံယေလ ၁၂:၁ တွင်ဖော်ပြထား၏။

ကျမ်းစာ၏ နောက်ဆုံးစာစောင်တွင်လည်း မိက္ခေလအမည်ကို ဖော်ပြထားသည်။ “မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည်” အလွန်အရေးပါသောစစ်ပွဲတွင် ပါဝင်ဆင်နွှဲပြီး စာတန်နှင့် သူ၏နတ်ဆိုးများကို ကောင်းကင်မှ နှင်ချလိုက်သည်ဟု ဖော်ပြထား၏။—ဗျာ. ၁၂:၇

ဖော်ပြပါ ကျမ်းချက်တစ်ခုစီတွင် ယေဟောဝါဘုရားသခင်၏ လူမျိုးတော်အတွက် ကာကွယ်တိုက်ခိုက်ပေးနေသော၊ ကိုယ်တော်၏ အကြီးဆုံးရန်သူ စာတန်ကိုပင် ရင်ဆိုင်တိုက်ခိုက်နေသော စစ်သူရဲ ကောင်းကင်တမန်အဖြစ် မိက္ခေလကို ဖော်ပြထားသည်။

ယုဒအခန်းငယ် ၉ တွင် မိက္ခေလကို “ကောင်းကင်တမန်မင်း” ဟု ခေါ်ဆိုထားသည်။ “မင်း” ဟူသော နောက်ဆက်စကားလုံးသည် “အကြီးအမှူး” သို့မဟုတ် “ဦးစီးချုပ်” ဟုအဓိပ္ပာယ်ရပြီး သမ္မာကျမ်းစာတွင် “ကောင်းကင်တမန်မင်း” ဟူသောစကားလုံးကို အများကိန်းဖြင့် တစ်ခါမျှ အသုံးမပြုထားချေ။ နောက်ကျမ်းချက်ဖြစ်သော ၁ သက်သာလောနိတ် ၄:၁၆ တွင် ကောင်းကင်တမန်မင်းဟု ဖော်ပြထားသေးသည်။ ထိုကျမ်းချက်တွင် ပေါလုက ရှင်ပြန်ထမြောက်ပြီးသော ယေရှုအကြောင်း ဤသို့ဖော်ပြသည်– “သခင် [ယေရှု] ကိုယ်တော်တိုင်သည် အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း၏အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတို့နှင့် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူ” သည်။ ထိုကျမ်းချက်အရ ယေရှုခရစ်သည် ကောင်းကင်တမန်မင်းတည်းဟူသော ကောင်းကင်တမန်ဦးစီးချုပ်ဖြစ်သည်။

ဖော်ပြပါအချက်များအရ ကျွန်ုပ်တို့ မည်သို့ကောက်ချက်ချနိုင်သနည်း။ ယေရှုခရစ်သည် ကောင်းကင်တမန်မင်း မိက္ခေလဖြစ်ပါသည်။ မိက္ခေလ (“ဘုရားသခင်နှင့်မည်သူတူသနည်း” ဟုအဓိပ္ပာယ်ရှိ) နှင့် ယေရှု (“ယေဟောဝါဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်သည်” ဟုအဓိပ္ပာယ်ရှိ) ဟူသော အမည်နှစ်ခုစလုံးသည် ဘုရားသခင်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အပြည့်အ၀ ထောက်ခံသူအဖြစ် ကိုယ်တော်၏ အခန်းကဏ္ဍကို ဖော်ကျူးသည်။ ဖိလိပ္ပိ ၂:၉ တွင် ဤသို့ဖော်ပြထားသည်– “ဘုရားသခင်သည် ကိုယ်တော် [ဂုဏ်တင်ခံရသောယေရှု] ကို သာလွန်မြင့်မြတ်သော အခွင့်အရာသို့ ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။”

လူသားအဖြစ် ယေရှု မွေးဖွားခံရချိန်တွင် ယင်းသည် ကိုယ်တော့်အသက်တာ၏ အစမဟုတ်ကြောင်း မှတ်သားထားဖို့ အရေးကြီးသည်။ ယေရှုကို မမွေးဖွားမီ မာရိထံ ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး သန့်ရှင်းသောစွမ်းအားတော်ဖြင့် မာရိ ကိုယ်ဝန်ရရှိမည်၊ မွေးဖွားလာမည့် သားယောက်ျားကို ယေရှုဟူ၍ အမည်ပေးရမည်ဟု ပြောခဲ့သည်။ (လုကာ ၁:၃၁) ယေရှုလည်း ဓမ္မအမှုဆောင်ချိန်အတွင်း မိမိ၏ လူသားဘဝမတိုင်မီက အသက်တာအကြောင်း ပြောပြလေ့ရှိသည်။—ယောဟန် ၃:၁၃; ၈:၂၃၊ ၅၈

ထို့ကြောင့် ယေရှုသည် လူသားဘဝမတိုင်မီတွင် ကောင်းကင်တမန်မင်း မိက္ခေလ ဖြစ်ခဲ့၏။ ကိုယ်တော်သည် ကောင်းကင်သို့ ရှင်ပြန်ထမြောက်ပြီးနောက်တွင် ကောင်းကင်တမန်မင်း မိက္ခေလအဖြစ် မိမိတာဝန်ကို ပြန်လည်ထမ်းဆောင်ကာ ‘ခမည်းတော် ဘုရားသခင်၏ဘုန်းအသရေကို ထင်ရှားစေ’ တော်မူသည်။—ဖိလိပ္ပိ ၂:၁၁