မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျိုးပဲ့ကြေမွသောစိတ်” ဖြင့် ခွင့်လွှတ်မှုရှာယူသောအခါ

“ကျိုးပဲ့ကြေမွသောစိတ်” ဖြင့် ခွင့်လွှတ်မှုရှာယူသောအခါ

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့

“ကျိုးပဲ့ကြေမွသောစိတ်” ဖြင့် ခွင့်လွှတ်မှုရှာယူသောအခါ

၂ ဓမ္မရာဇဝင် ၁၂:၁-၁၄

ကျွန်ုပ်တို့အားလုံး အကြိမ်ကြိမ် မှားတတ်ကြ၏။ ကိုယ့်အမှားအတွက်လည်း အလွန်စိတ်မကောင်းဖြစ်ရသည်။ သို့တိုင် ‘ခွင့်လွှတ်ပေးဖို့ ငါ စိတ်ရင်းနဲ့ဆုတောင်းတာကို ဘုရားသခင် နားထောင်ရဲ့လား။ ငါ့ကို ကိုယ်တော် ခွင့်လွှတ်ပါ့မလား’ ဟူ၍တွေးတောမိတတ်ကြသည်။ ကျမ်းစာတွင် စိတ်သက်သာဖွယ် ဤအမှန်တရားကို ဖော်ပြထားသည်– ယေဟောဝါဘုရားသခင်သည် အပြစ်ပြုခြင်းကို မနှစ်သက်သော်လည်း နောင်တယူသော အပြစ်ကျူးလွန်သူကိုမူ ခွင့်လွှတ်လိုစိတ် ရှိတော်မူသည်။ ရှေးခေတ်အစ္စရေးလူမျိုး၏ဘုရင်ဖြစ်သူ ဒါဝိဒ်၏ဖြစ်ရပ်က ထိုအမှန်တရားကို ပီပီပြင်ပြင် ဖော်ပြထားပြီး ယင်းကို ၂ ဓမ္မရာဇဝင်အခန်းကြီး ၁၂ တွင် တွေ့နိုင်သည်။

ဖြစ်ပျက်ခဲ့ရာကို မြင်ယောင်ကြည့်ပါ။ ဒါဝိဒ်သည် ဆိုးဝါးသောအပြစ်များကို ကျူးလွန်ခဲ့သည်။ ဗာသရှေဘနှင့် အိမ်ထောင်ရေးဖောက်ပြန်ခဲ့ပြီး ယင်းကို ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သို့နှင့် ဗာသရှေဘ၏ခင်ပွန်းကို သေဆုံးစေရန် စီစဉ်ခဲ့သည်။ ထို့နောက် သူ့အမှားကို ဆက်ဖုံးကွယ်ထားပြီး အပြစ်မရှိသယောင်ဖြင့် လပေါင်းများစွာ ဟန်ဆောင်နေခဲ့သည်။ သို့သော် ဒါဝိဒ်၏အပြစ်ကို ယေဟောဝါဘုရားသခင် မြင်တော်မူ၏။ ထို့ပြင် ဒါဝိဒ်တွင် နောင်တယူလိုသော သဘောထားရှိနိုင်ကြောင်းကိုလည်း ကိုယ်တော် သိမြင်တော်မူ၏။ (သု. ၁၇:၃) သို့နှင့် ကိုယ်တော် အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။

ပရောဖက် နာသန်ကို ဒါဝိဒ်ထံ ကိုယ်တော်စေလွှတ်ခဲ့သည်။ (အခန်းငယ် ၁) ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုရထားသော နာသန်သည် ဘုရင့်ထံ လိမ္မာပါးနပ်စွာ ချဉ်းကပ်ခဲ့သည်။ ပြောဆိုမည့်စကားလုံးများကို ကောင်းစွာရွေးချယ်ရမည်ဖြစ်ကြောင်းကိုလည်း သူ သိထားသည်။ ဒါဝိဒ်သည် ကိုယ့်ကိုယ်ကိုယ်လှည့်စားနေကြောင်း၊ သူ့အပြစ် မည်မျှတိုင်ကြီးလေးကြောင်း သဘောပေါက်လာစေရန် နာသန် မည်သို့လုပ်ဆောင်မည်နည်း။

ယခင်က သိုးထိန်းဖြစ်ခဲ့ဖူးသူ ဒါဝိဒ်၏စိတ်နှလုံးကို ထိမိပြီး မည်သို့မျှငြင်းပယ်၍မရနိုင်အောင် ပုံဥပမာတစ်ခုကို နာသန်ပြောပြခဲ့သည်။ ယင်းမှာ သူဌေးတစ်ဦးနှင့် ဆင်းရဲသားတစ်ဦးတို့အကြောင်း ဖြစ်သည်။ ထိုသူဌေးတွင် “အလွန်များစွာသော သိုးနွားများ” ရှိသော်လည်း ဆင်းရဲသားတွင်မူ “သိုးမကလေးတစ်ကောင်” သာရှိသည်။ သူဌေးသည် ရောက်လာသောဧည့်သည်ကို ဧည့်ခံကျွေးမွေးရန် စီစဉ်လေသည်။ သူ့သိုးနွားများထဲက တစ်ကောင်ကို မသတ်ဘဲ ဆင်းရဲသား၏ တစ်ကောင်တည်းသော သိုးမကလေးကို ယူ၍သတ်စေသည်။ ဒါဝိဒ်သည် ထိုဥပမာကို တကယ့်ဖြစ်ရပ်ဟုယူဆကာ ‘ထိုသူသည် အမှန်သေရမည်ဟု’ ဒေါသတကြီးဖြင့် ပြောချလိုက်၏။ အဘယ်ကြောင့်နည်း။ ‘သနားခြင်းစိတ်မရှိဘဲ ထိုအမှုကိုပြုသောကြောင့်’ ဟုသူရှင်းပြသည်။ *အခန်းငယ် ၂-၆

နာသန်၏ပုံဥပမာသည် ရည်ရွယ်ထားသည့်အတိုင်း ထိရောက်ခဲ့သည်။ ဒါဝိဒ်သည် ကိုယ့်ကိုယ်ကိုယ် စွပ်စွဲမိလိုက်ပြီ။ နာသန်က “ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏” ဟု ပွင့်ပွင့်လင်းလင်း ဆိုလေသည်။ (အခန်းငယ် ၇) နာသန်သည် ဘုရားသခင့်ကိုယ်စား ပြောနေခြင်းဖြစ်ရာ သူ၏စကားများက ဘုရားသခင်၏ခံစားချက်ကို ဖော်ပြသည်။ ထို့ကြောင့် ဒါဝိဒ်၏လုပ်ရပ်များက ဘုရားသခင်အား ထိပါးရာရောက်ကြောင်း နာသန်၏စကားမှ သိရှိနိုင်ပါသည်။ ဘုရားသခင့်ပညတ်များကို ချိုးဖောက်ခြင်းအားဖြင့် ဒါဝိဒ်သည် ပညတ်များကို ပြဋ္ဌာန်းတော်မူသောအရှင်အား မလေးစားကြောင်း ဖော်ပြရာရောက်သည်။ ‘သင်သည် ငါ့ကို မထီမဲ့မြင်ပြုသည်’ ဟုဘုရားသခင် မိန့်ဆို၏။ (အခန်းငယ် ၁၀) ပြင်းထန်စွာဆုံးမခံလိုက်ရ၍ အူနုကျွဲခတ်ဆိုသလို ဆတ်ဆတ်ခါ နာကျင်သွားရာ ‘ငါသည် ထာ၀ရဘုရားသခင်ကို ပြစ်မှားပါပြီ’ ဟု ဒါဝိဒ် ဝန်ခံလေတော့သည်။ ဒါဝိဒ်ကို ဘုရားသခင် ခွင့်လွှတ်ကြောင်း နာသန် အသိပေးခဲ့သည်။ သို့သော် ဒါဝိဒ်သည် မိမိလုပ်ရပ်၏ ဆိုးကျိုးများကို ခံရမည်။—အခန်းငယ် ၁၃၊ ၁၄

အမှားများ ဘူးပေါ်သလို ပေါ်သွားပြီးနောက် ဒါဝိဒ်သည် ဆာလံ ၅၁ ကို ရေးသားခဲ့သည်။ ထိုကျမ်းတွင် သူ၏ခံစားချက်ကို မကွယ်မဝှက် ဖွင့်ဟကာ သူ၏နက်ရှိုင်းသော နောင်တကို ဖော်ပြထားသည်။ အပြစ်ကျူးလွန်ခြင်းဖြင့် ဘုရားသခင်ကို သူ မထီမဲ့မြင်ပြုခဲ့သည်။ သို့သော် သူနောင်တယူလိုက်သည်နှင့် ဘုရားသခင်၏ ခွင့်လွှတ်မှုကို ရရှိခဲ့သည်။ သို့နှင့် ဘုရားသခင်ကို သူဤသို့လျှောက်ဆိုခဲ့၏– “အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောစိတ်နှလုံးကို မထီမဲ့မြင်ပြုတော်မူမည်မဟုတ်ပါ။” (ဆာလံ ၅၁:၁၇သမ္မာ) အဆိုပါစကားများက ဘုရားသခင့်ခွင့်လွှတ်မှုကို တောင်းခံနေသော နောင်တရသည့် အပြစ်သားတစ်ဦးအတွက် အလွန်နှစ်သိမ့်မှု ဖြစ်စေပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဧည့်သည်ကို သိုးကလေးတစ်ကောင်ချက်ပြီး တည်ခင်းဧည့်ခံခြင်းသည် ဧည့်ဝတ်ကျေပွန်ရာရောက်သည်။ သို့သော် သိုးကလေးကိုခိုးခြင်းက ရာဇဝတ်မှုဖြစ်ပြီး ငါးဆ ပြန်လျော်ပေးရန် ပြစ်ဒဏ်ခံရမည်။ (ထွက်မြောက်ရာ ၂၂:၁) သိုးကလေးကို ထိုသူဌေးယူလိုက်သောကြောင့် ဒါဝိဒ်၏အမြင်တွင် ယင်းသည် ကရုဏာစိတ်ကင်းမဲ့သော အပြုအမူဖြစ်၏။ ဆင်းရဲသောမိသားစုအတွက် သိုးတစ်ကောင်သည် နို့နှင့်သိုးမွေးရရှိစေသည့်အပြင် သိုးအုပ်တစ်အုပ်ဖြစ်လာရန် အရင်းတည်ထားသော အကောင်လည်းဖြစ်နိုင်ရာ ယင်းကို သူဌေးယူလိုက်ခြင်းသည် အနိုင်ကျင့်ရာကျသည်။