မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် အဘယ်အရာ လုပ်ဆောင်နေသနည်း

ဘုရားသခင် အဘယ်အရာ လုပ်ဆောင်နေသနည်း

ဘုရားသခင် အဘယ်အရာ လုပ်ဆောင်နေသနည်း

‘အိုထာဝရဘုရားသခင် [“ယေဟောဝါ၊” ကဘ] ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍ နေတော်မူသနည်း။ ဘေးအန္တရာယ်ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။’—ဆာလံ ၁၀:၁

သတင်းစာခေါင်းကြီးပိုင်းကို ဖျတ်ခနဲကြည့်လိုက်သည်နှင့် “ဘေးအန္တရာယ်ရောက်သည်ကာလ” တွင် ကျွန်ုပ်တို့ အသက်ရှင်နေကြကြောင်း သိနိုင်သည်။ ရာဇဝတ်မှု၊ ပြင်းထန်သော မတော်တဆမှု၊ ချစ်မြတ်နိုးရသူ သေဆုံးမှုအစရှိသော အဖြစ်ဆိုးများကို ကိုယ်တိုင်ကြုံတွေ့ရသောအခါ ဒါတွေကို ဘုရားသခင် တွေ့ရဲ့လား၊ ငါတို့ကို ဂရုစိုက်ရဲ့လား၊ ဘုရားသခင်ဆိုတာ ရှိကောရှိရဲ့လားဟူ၍ ကျွန်ုပ်တို့ မေးကြပေမည်။

ဘုရားသခင် အဘယ်အရာ လုပ်ဆောင်နေသည်ကို ကျွန်ုပ်တို့ အပြည့်အဝ နားမလည်သောကြောင့် အထက်ပါမေးခွန်းများကို တစ်ခါတစ်ရံ မေးကြပေမည်။ ဤဥပမာကို သုံးသပ်ကြည့်ပါ– ဖခင် အလုပ်သွားနေသည့်အတွက် သားငယ်လေး ဝမ်းနည်းနေရှာသည်။ သားငယ်လေးသည် ဖခင်ကို သတိရနေပြီး အိမ်ကိုပြန်လာစေချင်သည်။ စွန့်ပစ်ခံရသည်ဟု သားငယ်လေး ခံစားနေရပြီး “ဖေဖေ ဘယ်မှာလဲ” ဟုတစ်နေ့လုံး မေးနေတော့၏။

ကလေးဖြစ်သူ ထိုသို့မခံစားသင့်ကြောင်း ကျွန်ုပ်တို့ ချက်ချင်း သဘောပေါက်ကြသည်။ အမှန်မှာ ဖခင်သည် မိသားစုကိုထောက်ပံ့ရန် အလုပ်လုပ်နေခြင်းဖြစ်သည်။ ထိုနည်းတူ ကျွန်ုပ်တို့လည်း “ဘုရားသခင် ဘယ်မှာလဲ” ဟုမေးသင့်ပါသလော။

ဥပမာ၊ အချို့က ဘုရားသခင်အား ပြစ်မှုကျူးလွန်သူကို ချက်ချင်း အရေးယူစေလိုပေမည်။ အချို့ကမူ ဘုရားသခင်အား လက်ဆောင်များ လိုက်ဝေပေးနေသော ခရစ္စမတ်ဘိုးဘိုးအဖြစ်သာ ရှုမြင်ကြသည်။

ဘုရားသခင် ချက်ချင်း အရေးမယူပေးလျှင်၊ တောင်းဆုများကို မဖြည့်ဆည်းပေးလျှင် ကျွန်ုပ်တို့၏ ဆင်းရဲခက်ခဲမှုများကို ကိုယ်တော် မစာနာသည့်ပြင် ကျွန်ုပ်တို့၏လိုအပ်ချက်ကို မသိဟု အဆိုပါရှုမြင်ချက်နှစ်ခုစလုံးက ယူမှတ်စေသည်။ သို့သော် ယင်းတို့အားလုံး မှား၏။ အမှန်တကယ်တွင် လူ့မိသားစုတစ်ခုလုံးကို ထောက်ပံ့ရန် ဘုရားသခင် အလုပ်လုပ်နေခြင်းဖြစ်သည်။ သို့သော် လူအများ တောင်းဆိုသည့်နည်းဖြင့်ကား မဟုတ်ချေ။

သို့ဆိုလျှင် ဘုရားသခင် အဘယ်အရာ လုပ်ဆောင်နေသနည်း။ ယင်းမေးခွန်းကို ဖြေဆိုရန် ဘုရားသခင်နှင့် လူ့ဆက်ဆံရေး အကြီးအကျယ် ပျက်ပြားသွားခဲ့ချိန်ဖြစ်သော လူ့သမိုင်းအစကို ပြန်လေ့လာကြည့်ဖို့လိုသည်။ သို့သော် ယင်းသည် ပြုပြင်၍မရနိုင်တော့သည့် အခြေအနေမျိုးတော့ မဟုတ်ခဲ့ပါ။

အပြစ်၏ဆိုးကျိုးများ

ပျက်စီးယိုယွင်းနေသည်မှာ နှစ်များစွာကြာပြီဖြစ်သော အိမ်တစ်လုံးကို မြင်ယောင်ကြည့်လိုက်ပါ။ ခေါင်မိုးက ပြိုကျနေပြီး တံခါးရွက်များ ပြုတ်နေသည်။ အိမ်အပြင်တွင်လည်း ပျက်စီးနေ၏။ တစ်ချိန်က ထိုအိမ်သည် အလွန်လှပခဲ့သော်လည်း ယခုမူကား ထိုသို့မဟုတ်တော့ချေ။ ပျက်စီးနေသည့် အတိုင်းအတာကို ကြည့်လျှင် ပြန်လည်ပြုပြင်ရန် လွယ်ကူသည့်ကိစ္စ မဟုတ်သည့်ပြင် နေ့ချင်းညချင်း ပြုပြင်နိုင်မည်လည်း မဟုတ်ပေ။

လွန်ခဲ့သည့် အနှစ် ၆,၀၀၀ ခန့်တွင် စာတန်အမည်ရှိ နာမ်ဝိညာဉ်တစ်ပါးသည် ဘုရားသခင်အား ပုန်ကန်ရန် အာဒံနှင့်ဧ၀ကို သွေးဆောင်ခဲ့၏။ ယင်းကြောင့် လူသားတို့ ခံစားရသော ထိခိုက်နစ်နာမှုကို သုံးသပ်ကြည့်ပါ။ ထိုပုန်ကန်မှုမတိုင်မီက အာဒံနှင့်ဧ၀သည် မွေးဖွားလာမည့် သားသမီးများနှင့်အတူ ထာ၀စဉ်နေထိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် အသက်ရှင်ခဲ့ကြသည်။ (ကမ္ဘာဦး ၁:၂၈) သို့သော် သူတို့ အပြစ်ပြုခဲ့ကြရာ မမွေးဖွားသေးသော လူ့မိသားစုကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတော့သည်။

ထိုပုန်ကန်မှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လျှော့မတွက်လိုက်ပါနှင့်။ “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏” ဟုသမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (ရောမ ၅:၁၂) အပြစ်တရားကြောင့် သေခြင်းတရားဝင်လာပြီး ဖန်ဆင်းရှင် ဘုရားသခင်နှင့် ဆက်ဆံရေး ပျက်ပြားခဲ့ရသည်။ ကာယရေးပိုင်း၊ စိတ်ဓာတ်ရေးပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းတို့တွင်လည်း ထိခိုက်ခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အခြေအနေသည် အထက်တွင် ဖော်ပြခဲ့သော ပျက်စီးယိုယွင်းနေသည့် အိမ်တစ်လုံးနှင့်တူ၏။ ဖြောင့်မတ်သောအမျိုးသားဖြစ်သူ ယောဘက လူသည် ‘အသက်တို၍ ဆင်းရဲခြင်းနှင့်ပြည့်စုံပါ၏’ ဟုဆိုကာ ကျွန်ုပ်တို့၏အခြေအနေမှန်ကို ဖော်ပြခဲ့သည်။—ယောဘ ၁၄:၁

သို့သော် အာဒံနှင့်ဧ၀ အပြစ်ပြုပြီးနောက် လူသားတို့ကို ဘုရားသခင် စွန့်ပစ်ထားသလော။ လုံး၀မစွန့်ပစ်ထားချေ။ ဘုရားသခင်သည် ထိုအချိန်မှစ၍ ယနေ့ထိတိုင် လူ့မိသားစုအကျိုးအတွက် လုပ်ဆောင်ပေးလျက်ရှိသည်။ အိမ်တစ်လုံးကို ပြန်လည်ပြုပြင်ရာတွင် လုပ်ဆောင်ရမည့် အချက်သုံးချက်ကို သုံးသပ်ကြည့်ပါ။ ထိုအချက်တစ်ချက်စီသည် လူသားတို့ မူလအခြေအနေပြန်ရောက်အောင် ကိုယ်တော်လုပ်ဆောင်ပေးခဲ့ရာများနှင့် မည်သို့ဆက်စပ်ကြောင်း သုံးသပ်ကြည့်ပါက ကျွန်ုပ်တို့အတွက် ကိုယ်တော်လုပ်ဆောင်ပေးရာများကို ပို၍တန်ဖိုးထားတတ်လာမည်။

၁ ပျက်စီးယိုယွင်းနေသော အိမ်ကိုစစ်ဆေးပြီးနောက် အိမ်ပိုင်ရှင်သည် ယင်းကို ပြန်လည်ပြုပြင်ရန် သို့မဟုတ် ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ရမည်။

ဧဒင်ဥယျာဉ်တွင် ပုန်ကန်မှုဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် လူသားတို့ကို မူလအခြေအနေသို့ ပြန်ရောက်စေမည်ဟူသော မိမိ၏ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။ ပုန်ကန်မှု၏နောက်ကွယ်ရှိ နာမ်ဝိညာဉ်သား စာတန်ကို ကိုယ်တော်က “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။—ကမ္ဘာဦး ၃:၁၅

ယေဟောဝါဘုရားသခင်သည် ဧဒင်ဥယျာဉ်တွင် ပုန်ကန်မှုဖြစ်ပေါ်အောင် သွေးထိုးပေးခဲ့သူကို ဖျက်ဆီးမည်ဟု ထိုစကားများဖြင့် ကတိပြုခဲ့သည်။ (ရောမ ၁၆:၂၀; ဗျာ. ၁၂:၉) ထို့ပြင် လူသားတို့ကို အပြစ်မှကယ်နုတ်မည့် “အမျိုးအနွယ်” ပေါ်လာမည်ဟု ကြိုပြောခဲ့သည်။ * (၁ ယောဟန် ၃:၈) ဤနည်းဖြင့်  မိမိဖန်ဆင်းထားရာများကို မဖျက်ဆီးဘဲ ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း ဘုရားသခင် အတိအလင်း ဖော်ပြခဲ့သည်။ သို့သော် လူသားတို့ မူလအခြေအနေပြန်ရောက်ရန်မူကား အချိန်များစွာလိုမည်။

၂ ပုံစံရေးဆွဲသူသည် ပျက်စီးနေသည့်အိမ်ကို ပြန်လည်ပြုပြင်ရန် အသေးစိတ်ရေးဆွဲသည်။

ယေဟောဝါဘုရားသခင်သည် အစ္စရေးလူတို့ကို ပညတ်များပေးခဲ့ပြီး မိမိအား ၎င်းတို့ ကိုးကွယ်ရာတွင် အသုံးပြုရမည့်နေရာဖြစ်သော ဝတ်ပြုရာအိမ်တော်ပုံစံကို ရေးဆွဲပေးခဲ့သည်။ “ထိုအရာများသည် နောင်ဖြစ်လာမည့်အရာများ၏ အရိပ်ဖြစ်ကြ၏” ဟုသမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (ကောလောသဲ ၂:၁၇) ထိုအရာများသည် အသေးစိတ်ရေးဆွဲထားသော အိမ်ပုံစံကဲ့သို့ပင် သာ၍ကြီးမြတ်သောအရာကို ကိုယ်စားပြုသည်။

ဥပမာ၊ အစ္စရေးလူတို့သည် အပြစ်မှခွင့်လွှတ်မှုရရန် တိရစ္ဆာန်ယဇ်များကို ပူဇော်ခဲ့ရသည်။ (ဝတ်ပြုရာ ၁၇:၁၁) ထိုယဇ်များသည် ရာစုနှစ်များစွာကြာပြီးနောက်မှ ပူဇော်မည့် သာ၍ကြီးမြတ်သောယဇ်၏ အရိပ်ဖြစ်သည်။ အဆိုပါယဇ်ဖြင့် လူသားတို့ကို အပြစ်တရားမှ ရွေးနုတ်မည်ဖြစ်သည်။ * အစ္စရေးလူတို့ ကိုးကွယ်ရာနေရာဖြစ်သော ဝတ်ပြုရာတဲတော်နှင့် ဝတ်ပြုရာအိမ်တော်တို့၏ပုံစံသည် ပေါ်ထွန်းလာမည့်မေရှိယ လုပ်ဆောင်မည့်အရာများ၏ ရှေ့ပြေးပုံရိပ်များဖြစ်သည်။ ယေရှုလုပ်ဆောင်မည့်အရာများတွင် ပူဇော်ရာယဇ်အဖြစ် သေခြင်းနှင့် ကောင်းကင်သို့ ကိုယ်တော် တက်ကြွသွားခြင်းတို့ပါဝင်သည်။— စာမျက်နှာ ၇ ရှိဇယားကို ကြည့်ပါ။

၃ အသေးစိတ်ရေးဆွဲထားသော အိမ်ပုံစံအတိုင်း ဆောက်လုပ်ပေးမည့်သူတစ်ဦးကို ရွေးချယ်ရမည်။

ကတိထားရာ မေရှိယဖြစ်သူ ယေရှုသည် ယဇ်ကောင်များကို အစ္စရေးလူတို့ ပူဇော်ခဲ့သည့်နည်းအတိုင်း လူသားတို့ကိုကယ်နုတ်ရန် မိမိအသက်ကို ပူဇော်ခဲ့သည်။ ထို့ကြောင့် နှစ်ခြင်းဆရာယောဟန်က ယေရှုအား “လောက၏အပြစ်ကို ဖယ်ရှားသော ဘုရားသခင်၏ သိုးသငယ်” ဟုခေါ်ဆိုခဲ့သည်။ (ယောဟန် ၁:၂၉) ယေရှုသည် ထိုတာဝန်ကို စိတ်လိုကိုယ်လျောက် လက်ခံခဲ့သည်။ ကိုယ်တော်က “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုတော်ကိုဆောင်ရန် ဆင်းသက်လာ၏” ဟုဆိုခဲ့သည်။—ယောဟန် ၆:၃၈

ယေရှုကို ဘုရားသခင် လုပ်ဆောင်စေလိုသည့်အရာမှာ “လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကို စွန့်ရန်” သာမက မိမိရွေးချယ်ထားသော တပည့်များနှင့် ဘုရားသခင့်နိုင်ငံတော် ပဋိညာဉ်ဖွဲ့ရန်လည်း ဖြစ်သည်။ (မဿဲ ၂၀:၂၈; လုကာ ၂၂:၂၉၊ ၃၀) ဘုရားသခင်သည် လူသားတို့နှင့်ပတ်သက်သည့် မိမိရည်ရွယ်ချက်ကို ထိုနိုင်ငံတော်အားဖြင့် ဖြစ်မြောက်စေမည်။ ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော ထိုသတင်းစကားကို “သတင်းကောင်း” ဟုခေါ်သည်။ အကြောင်းမှာ ဘုရားသခင်သည် လူ့ရေးရာများကို ကိုင်တွယ်ရန် ကောင်းကင်တွင် အစိုးရတစ်ခုကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယင်းက သိရှိစေ၍ဖြစ်သည်။—မဿဲ ၂၄:၁၄; ဒံယေလ ၂:၄၄၊ ၄၅ *

ပြန်လည်ပြုပြင်ရေးကို ဆက်လုပ်ဆောင်လျက်ရှိ

ယေရှုသည် ကောင်းကင်သို့မတက်ကြွမီ မိမိ၏နောက်လိုက်များကို ဤသို့မိန့်မှာခဲ့သည်– “သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်၏ နာမ၌ နှစ်ခြင်းပေးကြလော့။ . . . ငါသည်လည်း ဤလောကစနစ်နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။”—မဿဲ ၂၈:၁၉၊ ၂၀

ထို့ကြောင့် လူသားတို့၏အခြေအနေ မူလအတိုင်းပြန်ဖြစ်ရန် ပြုပြင်ခြင်းသည် ယေရှုသေပြီးသည်နှင့် အဆုံးသတ်သွားမည်မဟုတ်ချေ။ ကမ္ဘာမြေကို ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်ချိန်ဖြစ်သော “ဤလောကစနစ်နိဂုံးပိုင်း” အထိ ဆက်ပြုပြင်သွားပါလိမ့်မည်။ ထိုအချိန်သည် ယခုအချိန်ပင်ဖြစ်၏။ ယင်းသို့ပြောနိုင်ရခြင်းမှာ “ဤလောကစနစ်နိဂုံးပိုင်း” နှင့်ပတ်သက်၍ ယေရှုကြိုပြောခဲ့သော နိမိတ်သည် ယနေ့ခေတ်တွင် ပြည့်စုံနေ၍ဖြစ်သည်။ *မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၇-၁၁; ၂ တိမောသေ ၃:၁-၅

ယနေ့ နိုင်ငံပေါင်း ၂၃၆ နိုင်ငံတွင် ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောပါဟူသော ယေရှု၏မိန့်မှာချက်အတိုင်း လုပ်ဆောင်လျက်ရှိသည်။ သင် ယခုဖတ်ရှုနေသော မဂ္ဂဇင်းသည် ဘုရားသခင့်နိုင်ငံတော်နှင့် ယင်းက လုပ်ဆောင်ပေးမည့်အရာများအကြောင်း ပိုမိုသိရှိစေရန် ကူညီပေးသည်။ ဤစာစောင်တိုင်း၏စာမျက်နှာ ၂ တွင် ဤသို့ဖော်ပြထားသည်– “ကောင်းကင်တွင် အမှန်တကယ်တည်ရှိသော အုပ်ချုပ်ရေးဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သည် များမကြာမီ ဆိုးသွမ်းမှုအားလုံးကို အဆုံးတိုင်စေပြီး ကမ္ဘာကို ပရဒိသုအဖြစ်သို့ ပြောင်းလဲစေမည်ဟူသည့် သတင်းကောင်းဖြင့် လူတို့ကို နှစ်သိမ့်ပေးသည်။ ကျွန်ုပ်တို့ ထာ၀ရအသက်ရနိုင်စေရန် အသေခံတော်မူခဲ့ပြီး ယခု ဘုရားသခင့်နိုင်ငံတော်တွင် ဘုရင်အဖြစ် အုပ်ချုပ်လျက်ရှိသော ယေရှုခရစ်ကို ယုံကြည်ရန် အထောက်အကူပြုသည်။”

ယခုအချိန်တွင် သဘာ၀ဘေးဒဏ်များ၊ အကြမ်းဖက်တိုက်ခိုက်မှုများအကြောင်း ကြားနေရဆဲဖြစ်ပြီး သင်ကိုယ်တိုင်လည်း ဖြစ်ရပ်ဆိုးများနှင့် ရင်ဆိုင်ရနိုင်သည်။ သို့သော် သမ္မာကျမ်းစာကို သင်လေ့လာသည့်အခါ လူသားတို့ကို ဘုရားသခင် မစွန့်ပစ်ထားကြောင်း သိရှိလာပါလိမ့်မည်။ “ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။” (တမန်တော် ၁၇:၂၇) ထို့ပြင် ကျွန်ုပ်တို့၏ ကနဦးမိဘများဖြစ်သည့် အာဒံနှင့်ဧဝတို့ ဆုံးရှုံးခဲ့ရာကို ပြန်လည်ရရှိစေမည်ဟူသော ဘုရားသခင်၏ကတိတော်သည် ပြည့်စုံလာပါလိမ့်မည်။—ဟေရှာယ ၅၅:၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 16 ကမ္ဘာဦး ၃:၁၅ နှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြချက်ကို ပိုမိုသိလိုလျှင် ယေဟောဝါသက်သေများထုတ်ဝေသော ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်၊ အခန်း ၁၉ ကိုဖတ်ပါ။

^ အပိုဒ်၊ 19 ပိုမိုသိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ အခန်း ၅ ကိုဖတ်ပါ။

^ အပိုဒ်၊ 22 ဘုရားသခင့်နိုင်ငံတော်အကြောင်း ပိုမိုသိလိုလျှင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ အခန်း ၈ ကိုဖတ်ပါ။

[စာမျက်နှာ ၇ ပါရုပ်ပုံနှင့်ဇယား]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

 “စစ်မှန်သောအရာ၏ပုံတူ”ဝတ်ပြုရာတဲတော်က အဘယ်အရာကို ပုံဆောင်

ယဇ်စင်မြင့်

ယေရှုပူဇော်သောယဇ်ကို ယေဟောဝါဘုရားသခင်နှစ်သက်လက်ခံမှု။—ဟေဗြဲ ၁၃:၁၀-၁၂

ယဇ်ပုရောဟိတ်မင်းကြီး

ယေရှု။—ဟေဗြဲ ၉:၁၁

အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီးသည် လူတို့၏အပြစ်ကို ဖြေရန် ယဇ်ပူဇော်ခဲ့သည်။—ဝတ်ပြုရာ ၁၆:၁၅၊ ၂၉-၃၁

အေဒီ ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် ယေရှုသည် လူသားအားလုံးအကျိုးအတွက် မိမိ၏အသက်ကို ယဇ်အဖြစ် ပူဇော်ခဲ့သည်—ဟေဗြဲ ၁၀:၅-၁၀; ၁ ယောဟန် ၂:၁၊ ၂

သန့်ရှင်းရာဌာန

ယေရှု မြေကြီးပေါ်ရှိစဉ် ဘုရားသခင့်သားအဖြစ် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ပြန်လည်မွေးဖွားခံရခြင်း။—မဿဲ ၃:၁၆၊ ၁၇; ရောမ ၈:၁၄-၁၇; ဟေဗြဲ ၅:၄-၆

ကန့်လန့်ကာ

ကောင်းကင်အသက်တာနှင့် မြေကြီးအသက်တာကို ပိုင်းခြားထားသော ယေရှု၏ရုပ်ခန္ဓာ။—၁ ကောရိန္သု ၁၅:၄၄၊ ၅၀; ဟေဗြဲ ၆:၁၉၊ ၂၀; ၁၀:၁၉၊ ၂၀

ယဇ်ပုရောဟိတ်မင်းကြီးသည် သန့်ရှင်းရာဌာနမှ ကန့်လန့်ကာကို ဖြတ်ပြီး အသန့်ရှင်းဆုံးဌာနထဲသို့ ဝင်သည်။

ယေရှုသည် “ငါတို့အတွက် ဘုရားသခင့်ရှေ့တော်မှောက်သို့ ရောက်ရှိရန်” ကောင်းကင်သို့တက်ကြွခြင်းအားဖြင့် ‘ကန့်လန့်ကာကို ဖြတ်’ သည်။—ဟေဗြဲ ၉:၂၄-၂၈

အသန့်ရှင်းဆုံးဌာန

ကောင်းကင်။—ဟေဗြဲ ၉:၂၄

ယဇ်ပုရောဟိတ်မင်းကြီးသည် ယဇ်ကောင်၏အသွေး အနည်းငယ်ကိုယူကာ အသန့်ရှင်းဆုံးဌာနရှိ ပဋိညာဉ်သေတ္တာရှေ့တွင် ဖြန်းရသည်။—ဝတ်ပြုရာ ၁၆:၁၂-၁၄

ယေရှုသည် မိမိသွန်းလောင်းခဲ့သော အသွေး၏တန်ဖိုးကို ဆက်သခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်ကို ဖြေပေးခဲ့သည်။—ဟေဗြဲ ၉:၁၂၊ ၂၄; ၁ ပေတရု ၃:၂၁၊ ၂၂