မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကိုယ်တော်ရှင်သည် သစ္စာစောင့်တော်မူ၏’

‘ကိုယ်တော်ရှင်သည် သစ္စာစောင့်တော်မူ၏’

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့

‘ကိုယ်တော်ရှင်သည် သစ္စာစောင့်တော်မူ၏’

၂ ဓမ္မရာဇဝင် ၂၂:၂၆ခမ

မိမိယုံကြည်စိတ်ချသူတစ်ဦးကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရခြင်း သို့မဟုတ် သစ္စာဖောက်ခံရခြင်းထက် နာကျင်ခံရခက်သည့်အရာမရှိချေ။ ထိုသို့စိတ်ထိခိုက်နာကျင်ရခြင်းသည် သစ္စာမဲ့သော ယနေ့လောကတွင် အဆန်းမဟုတ်တော့ချေ။ (၂ တိမောသေ ၃:၁-၅) ကျွန်ုပ်တို့အပေါ် အမြဲသစ္စာစောင့်သိနိုင်မည့်သူ တစ်ဦးရှိပါသလော။ ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်ပြောခဲ့သော စကားများကို သုံးသပ်ကြည့်ကြစို့။

ဒါဝိဒ်သည် ဘ၀တစ်လျှောက်လုံးတွင် အဆိုးရွားဆုံး သစ္စာဖောက်မှုကို ကြုံခဲ့ရသည်။ သူသည် မနာလိုဖြစ်နေသော အစ္စရေးဘုရင်ရှောလု၏ မတရားစွဲချက်ကြောင့် ၀ရမ်းပြေးဘ၀ဖြင့် ထွက်ပြေးခဲ့ရသည့်အပြင် လိုက်လံသတ်ဖြတ်ခြင်းကိုပါ ခံခဲ့ရသည်။ ဇနီးဖြစ်သူ မိခါလကိုယ်တိုင်က သူ့ကို “စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု” ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၆:၁၆) ယုံကြည်စိတ်ချရဆုံး အတိုင်ပင်ခံအမတ်ဖြစ်သူ အဟိသောဖေလကလည်း သူ့ကို သစ္စာဖောက်ကာ ပုန်ကန်သူများနှင့် ပူးပေါင်းခဲ့သည်။ ထိုပုန်ကန်သူများ၏ ခေါင်းဆောင်ကား မည်သူနည်း။ အခြားသူမဟုတ်ပါ။ သူ၏သားအရင်းအချာပင်။ ဒါဝိဒ်သည် ယုံကြည်စိတ်ချမှု အကြိမ်ကြိမ် ချိုးဖောက်ခံရသောကြောင့် မိမိကို အမြဲသစ္စာရှိမည့်သူ တစ်ဦးမျှမရှိတော့ဟု ယူဆကာ လက်လျှော့ခဲ့ပါသလော။

၂ ဓမ္မရာဇဝင် ၂၂:၂၆ (ခမ) တွင်မှတ်တမ်းတင်ထားသော ဒါဝိဒ်၏စကားများ၌ အဖြေကို သိနိုင်သည်။ ယေဟောဝါဘုရားသခင်နှင့်ပတ်သက်၍ ဒါဝိဒ်က “ကိုယ်တော်ရှင်သည် သစ္စာရှိသူတို့အား သစ္စာစောင့်တော်မူ၏” ဟု ရေးဖွဲ့ ခဲ့သည်။ လူတို့သည် မိမိကို မည်မျှပင်စိတ်ပျက်စေကာမူ ယေဟောဝါဘုရားသခင်သည် အမြဲသစ္စာစောင့်သိတော်မူမည်ဖြစ်ကြောင်း ဒါဝိဒ် ယုံကြည်စိတ်ချခဲ့သည်။

ဒါဝိဒ်၏ အဆိုပါစကားကို သေချာဆန်းစစ်ကြည့်ကြစို့။ ထိုတွင် “သစ္စာစောင့်တော်မူ၏” ဟူ၍ပြန်ဆိုသော မူရင်းဟေဗြဲစကားလုံးကို “ချစ်ခင်ကြင်နာစွာပြုမူသည်” ဟုလည်း ပြန်ဆိုနိုင်သည်။ ထို့ကြောင့် စစ်မှန်သောသစ္စာစောင့်သိမှုသည် မေတ္တာတရားကို အခြေခံသည်။ ယေဟောဝါသည် မိမိအပေါ် သစ္စာရှိသူများကို မေတ္တာပါစွာ နှောင်တွယ်မြတ်နိုးတော်မူ၏။ *

ထိုသစ္စာစောင့်သိမှုသည် ခံစားချက်သက်သက်မျှသာ မဟုတ်ကြောင်းကိုလည်း သတိပြုပါ။ ယင်းတွင် လက်တွေ့လုပ်ဆောင်ပေးခြင်းပါဝင်သည်။ ယေဟောဝါဘုရားသခင်သည် သစ္စာစောင့်သိစွာ လုပ်ဆောင်တော်မူကြောင်း ကိုယ်တွေ့ ဖြစ်ရပ်အားဖြင့် ဒါဝိဒ် ကောင်းစွာသိရှိခဲ့သည်။ သူ့ဘ၀၏အခက်ခဲဆုံးအချိန်တွင် ယေဟောဝါဘုရားသခင်သည် သူ့ကို ကာကွယ်လမ်းပြပြီး သူ့အကျိုးအတွက် လုပ်ဆောင်ပေးခဲ့သည်။ ဘုရားသခင်တစ်ပါးတည်းကသာ မိမိကို “ရန်သူအပေါင်းတို့လက်မှ” ကယ်နုတ်နိုင်ခဲ့ကြောင်း ဒါဝိဒ် ကျေးဇူးတင်စွာ အသိအမှတ်ပြုသည်။—၂ ဓမ္မရာဇဝင် ၂၂:၁

ဒါဝိဒ်၏စကားများသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယေဟောဝါဘုရားသခင်သည် ပြောင်းလဲတော်မမူတတ်ပါ။ (ယာကုပ် ၁:၁၇) ကိုယ်တော်သည် မိမိစံနှုန်းများကို တစ်သမတ်တည်း စွဲကိုင်တော်မူသည်။ မိမိပေးခဲ့သော ကတိတော်များကိုလည်း အမြဲပြည့်စုံစေတော်မူသည်။ ဆာလံကျမ်းနောက်တစ်ချက်တွင် ဒါဝိဒ်က ‘ထာ၀ရဘုရားသခင်သည် မိမိအား သစ္စာစောင့်သိသူများကို စွန့်ပစ်တော်မမူ’ ဟုရေးခဲ့သည်။—ဆာလံ ၃၇:၂၈ခမ။

ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏ သစ္စာစောင့်သိမှုနှင့် သစ္စာရှိစွာ နာခံမှုပြခြင်းကို အလွန်တန်ဖိုးထားတော်မူသည်။ ကျွန်ုပ်တို့သည် အခြားသူများနှင့် ဆက်ဆံရာတွင် သစ္စာစောင့်သိခြင်းအားဖြင့် ဘုရားသခင်ကို တုပရန် တိုက်တွန်းခံရသည်။ (ဧဖက် ၄:၂၄; ၅:၁) ကျွန်ုပ်တို့သည် သစ္စာစောင့်သိမှုကို ဤနည်းများဖြင့် တင်ပြပါက ကျွန်ုပ်တို့ကို ကိုယ်တော် ဘယ်တော့မျှ စွန့်ပစ်မည်မဟုတ်ကြောင်း စိတ်ချနိုင်သည်။ လူတို့သည် ကျွန်ုပ်တို့ကို မည်မျှပင်စိတ်ပျက်အောင်လုပ်ပါစေ ဘုရားသခင်သည် ကျွန်ုပ်တို့အကျိုးအတွက် သစ္စာစောင့်သိစွာ လုပ်ဆောင်ပေးမည့်အပြင် ဘ၀တွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲမှန်သမျှကို အောင်မြင်စွာ ဖြေရှင်းနိုင်ရန် ကူညီပေးမည်ကိုလည်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ သင်သည် “သစ္စာစောင့်သိတော်မူသောအရှင်” ယေဟောဝါဘုရားသခင်နှင့် ပို၍ရင်းနှီးလာရန် လှုံ့ဆော်ခံရသည်မဟုတ်လော။—ဗျာ. ၁၆:၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ၂ ဓမ္မရာဇဝင် ၂၂:၂၆ ၏ကျမ်းပြိုင်မှာ ဆာလံ ၁၈:၂၅ ဖြစ်သည်။ ဘာသာပြန်ကျမ်းတစ်စောင်က ထိုဆာလံကျမ်းချက်ကို ဤသို့ပြန်ဆိုသည်– “သစ္စာစောင့်သိသူများကို ကိုယ်တော်သည် မေတ္တာအပြည့်အ၀ပြတော်မူ၏။”—The Psalms for Today.