မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂိလဒ်ပြည်မှ ဗော်လ်ဆမ် အနာပျောက်ဆီမွှေး

ဂိလဒ်ပြည်မှ ဗော်လ်ဆမ် အနာပျောက်ဆီမွှေး

ဂိလဒ်ပြည်မှ ဗော်လ်ဆမ် အနာပျောက်ဆီမွှေး

အီဂျစ်ပြည်သို့ ခရီးသွားနေကြသော ဣရှမေလကုန်သည်တချို့ထံ ယောသပ်ကို အစ်ကိုများက ရောင်းစားလိုက်သည့်မှတ်တမ်း ကမ္ဘာဦးကျမ်းတွင် ဖော်ပြထားသည်။ ဂိလဒ်ပြည်မှ ကုန်သည်များသည် ဗော်လ်ဆမ်ဆီမွှေးနှင့် အခြားကုန်ပစ္စည်းများကို ကုလားအုတ်များပေါ်တင်ဆောင်၍ အီဂျစ်ပြည်သို့ သွားနေကြသည်။ (ကမ္ဘာဦး ၃၇:၂၅) ထိုမှတ်တမ်းအရ ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသတွင် ဂိလဒ်ပြည်မှ ဗော်လ်ဆမ်ဆီမွှေးကို လူအများနှစ်သက်ကြပြီး ယင်းတွင် အနာပျောက်စေသည့် အစွမ်းသတ္တိများရှိသောကြောင့် အလွန်တန်ဖိုးထားခံရကြောင်း သိရှိရ၏။

သို့သော် ဘီစီ ခြောက်ရာစုတွင် ပရောဖက် ယေရမိက ‘ဂိလဒ်ပြည်၌ ဗော်လ်ဆမ်ဆီမွှေး မရှိသလော’ ဟူ၍ ဝမ်းနည်းစွာ မေးခဲ့သည်။ (ယေရမိ ၈:၂၂) ယေရမိ အဘယ်ကြောင့် ထိုသို့မေးခဲ့သနည်း။ ဗော်လ်ဆမ်ဆီမွှေးကား အဘယ်နည်း။ ယနေ့ခေတ် ဆေးကုသမှုတွင် ဗော်လ်ဆမ်ဆီမွှေးကို အသုံးပြုပါသလော။

ကျမ်းစာခေတ်က ဗော်လ်ဆမ်ဆီမွှေး

ဗော်လ်ဆမ်ဟူသည်  ယေဘုယျအမည်တစ်ခုဖြစ်ပြီး အပင်နှင့်ချုံပင်အမျိုးမျိုး၏ သစ်စေးမှ ထုတ်ယူထားသော မွှေးကြိုင်သည့်အဆီ ဖြစ်သည်။  အမွှေးနံ့သာနှင့်  ရေမွှေးတို့တွင်  ထည့်သုံးလေ့ရှိသော ဗော်လ်ဆမ်ဆီမွှေးသည် ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသတွင် အလွန်ဈေးကြီးသော ပစ္စည်းတစ်မျိုးဖြစ်၏။ အစ္စရေးလူတို့ အီဂျစ်ပြည်မှ ထွက်လာပြီး များမကြာမီ ဝတ်ပြုရာတဲတော်ကို ဆောက်လုပ်ခဲ့ကြသည်။ ထိုနေရာ၌ အသုံးပြုခဲ့သော သန့်ရှင်းမြင့်မြတ်သည့်ဆီနှင့် နံ့သာပေါင်းတွင် ဗော်လ်ဆမ်ဆီမွှေး ထည့်ခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၅:၆; ၃၅:၈) ရှောလမုန်ဘုရင်အား ရှေဘမိဖုရားဆက်သခဲ့သည့်  လက်ဆောင်ပဏ္ဏာများစွာတွင်  ဗော်လ်ဆမ်ဆီမွှေးလည်း ပါသည်။ (၃ ဓမ္မရာဇဝင် ၁၀:၂၊ ၁၀) ဧသတာသည် ပါးရှန်းဘုရင် အာရွှေရုထံ မဝင်မီ မိမိ၏ကိုယ်ခန္ဓာလှပလာစေရန် ‘ခြောက်လပတ်လုံး ဗော်လ်ဆမ်ဆီမွှေး’ သုံး၍ နှိပ်နယ်ခဲ့၏။—ဧသတာ ၁:၁; ၂:၁၂သမ္မာ။

အရှေ့အလယ်ပိုင်းဒေသအသီးသီးတွင် ဗော်လ်ဆမ်ဆီမွှေး ထွက်ရှိသော်လည်း  ဂိလဒ်အမည်တပ်ထားသော  ဗော်လ်ဆမ်ဆီမွှေးသည် ခါနာန်ပြည်မှ  ထွက်ရှိသည်။  ဂိလဒ်ပြည်သည် ဂျော်ဒန်မြစ်၏ အရှေ့ဘက်၌ တည်ရှိ၏။ ဘိုးဘေးယာကုပ်သည် ဗော်လ်ဆမ်ဆီမွှေးကို ‘ခါနာန်ပြည်၏ အကောင်းဆုံး’ ထွက်ကုန်တစ်ခုအဖြစ် သတ်မှတ်ပြီး ယင်းကို  အီဂျစ်ပြည်သို့  လက်ဆောင်ပါးလိုက်သည်။  (ကမ္ဘာဦး ၄၃:၁၁) ယုဒပြည်နှင့် ဣသရေလပြည်မှ တိုင်ရာမြို့သို့ တင်ပို့သော ကုန်ပစ္စည်းများတွင် ဗော်လ်ဆမ်ဆီမွှေးလည်းပါကြောင်း ပရောဖက်ယေဇကျေလက ဖော်ပြခဲ့သည်။ (ယေဇကျေလ ၂၇:၁၇) ဗော်လ်ဆမ်ဆီမွှေး နာမည်ကြီးရသည့် အကြောင်းရင်းမှာ အထူးသဖြင့် ဆေးဖက်ဝင်သောကြောင့်ဖြစ်သည်။ ယင်းတွင် အနာရောဂါပျောက်ကင်းစေနိုင်သည့် အစွမ်းသတ္တိရှိကြောင်း ရှေးခေတ်စာပေများတွင် ဖော်ပြလေ့ရှိသည်။ အနာရောဂါများကို ကုသရာတွင် ယင်းကို မသုံးမဖြစ် သုံးကြသည်။

ဘုရားသခင်နှင့်ဆက်ဆံရေးပျက်ခဲ့သော လူမျိုးအတွက် ဗော်လ်ဆမ်ဆီမွှေး

‘ဂိလဒ်ပြည်၌  ဗော်လ်ဆမ်ဆီမွှေး  မရှိသလော’ ဟု ယေရမိမေးခဲ့ခြင်းက  အဘယ်ကြောင့်နည်း။  ယင်းကိုနားလည်ရန်  ထိုစဉ်က အစ္စရေးလူတို့၏ အခြေအနေကို သုံးသပ်ကြည့်ကြမည်။ ဘုရားသခင်နှင့်ဆက်ဆံရေးပျက်ခဲ့သည့် ထိုလူမျိုး၏အခြေအနေကို ပရောဖက်ဟေရှာယကလည်း ဤသို့ဖော်ပြခဲ့ဖူးသည်– “ခြေဖဝါးမှ ဦးခေါင်းထိအောင် ကျန်းမာခြင်းမရှိ။ ဒဏ်ရာ၊ ဒဏ်ချက်နှင့်တကွ သွေးစိမ်းထွက်သော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်၊ အဝတ်နှင့်မစည်း။”  (ဟေရှာယ ၁:၆၊ သမ္မာ)  သူတို့သည် မိမိတို့၏ သနားစရာအခြေအနေကို  အသိအမှတ်ပြုပြီး  ကုသဖို့  ကြိုးစားမည့်အစား ဆက်၍ခေါင်းမာခဲ့ကြသည်။ ယေရမိခေတ်ရောက်သော် သူတို့သည် ‘ထာ၀ရဘုရားသခင်၏ နှုတ်မြွက်တော်ကို ပယ်ကြပြီဖြစ်၍ သူတို့၌ အဘယ်မည်သောပညာရှိသနည်း’  ဟူ၍သာ  ယေရမိမြည်တမ်းရတော့သည်။ (ယေရမိ ၈:၉၊ သမ္မာ) ယေဟောဝါဘုရားသခင်ထံ သူတို့ပြန်လာမည်ဆိုလျှင်  သူတို့၏အနာပျောက်သွားမည်။ သို့သော် ‘ဂိလဒ်ပြည်၌ ဗော်လ်ဆမ်ဆီမွှေး မရှိသလော’ ဟူ၍မေးခြင်းက စဉ်းစားစရာပင်။

ယနေ့လောကတွင်လည်း နည်းအမျိုးမျိုးဖြင့် “ဒဏ်ရာ၊ ဒဏ်ချက်” များပြည့်နှက်နေသည်။ လူတို့သည် ဆင်းရဲမွဲတေမှု၊ တရားမမျှတမှု၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် အကြင်နာကင်းမှုတို့ကြောင့် ဝေဒနာခံစားနေရကြ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားသခင်နှင့်လူသားချင်းတို့အပေါ် လူတို့မေတ္တာကင်းမဲ့၍ဖြစ်သည်။ (မဿဲ ၂၄:၁၂; ၂ တိမောသေ ၃:၁-၅) လူများစွာသည်  လူမျိုးရေးနောက်ခံမတူသောကြောင့်  သို့မဟုတ် အသက်အရွယ်ကြောင့် ခွဲခြားဆက်ဆံခံနေရသည်။ ထို့ပြင် အစာရှားပါးမှု၊ ဖျားနာမှု၊ စစ်မှုနှင့် သေခြင်းတို့ကြောင့်လည်း နာကျင်မှု ပို၍ခံစားနေရသည်။ ဆင်းရဲဝေဒနာခံစားနေရသူတို့၏ ဒဏ်ရာဒဏ်ချက်များကို ကုသရန် ဂိလဒ်ပြည်ထွက် ဗော်လ်ဆမ်ဆီမွှေးမရှိသလောဟု ယေရမိကဲ့သို့ပင် စိတ်ရိုးမှန်သော ခရစ်ယာန်များ သိလိုကြသည်။

အနာပျောက်စေသော သတင်းကောင်း

ယေရှုခေတ်တွင်လည်း  စိတ်နှိမ့်ချသောသူတို့ ထိုသို့မေးခဲ့ကြသည်။ သို့သော်  သူတို့အဖြေရခဲ့ကြသည်။  အေဒီ  ၃၀  အစပိုင်းတွင် နာဇရက်မြို့ရှိ တရားဟောရာနေရာ၌ ယေရှုသည် ဟေရှာယကျမ်းလိပ်ကိုဖွင့်၍ ဤသို့ဖတ်လေသည်– ‘ထာ၀ရအရှင်ဘုရားသခင်သည် ငါ့ကို တန်ခိုးနှင့်ပြည့်၀စေတော်မူပြီ။ ဆင်းရဲသူတို့အတွက် သတင်းကောင်းကို ယူဆောင်ကာ စိတ်နှလုံးကြေကွဲသူတို့၏ အနာရောဂါကို ပျောက်ကင်းစေတော်မူပြီ။’ (ဟေရှာယ ၆၁:၁ခမ) ထို့နောက် ယေရှုသည် နှစ်သိမ့်မှုပေးသော သတင်းစကားကြားပြောရန် တာဝန်ရထားသည့် မေရှိယအဖြစ် မိမိကိုယ်ကိုယ်ရည်ညွှန်းကာ ထိုစကားများသည် မိမိနှင့်သက်ဆိုင်ကြောင်း ဖော်ပြခဲ့သည်။—လုကာ ၄:၁၆-၂၁

ယေရှုသည်  ဓမ္မအမှုဆောင်စဉ်တစ်လျှောက်  ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ထက်သန်စွာ ဟောပြောခဲ့သည်။ (မဿဲ ၄:၁၇) တောင်ပေါ်တွင် ယေရှုဟောပြောခဲ့စဉ်က ဆင်းရဲဝေဒနာခံစားနေရသူတို့၏ အခြေအနေ ပြောင်းလဲသွားမည်ဟု ဤသို့ကတိပြုခဲ့သည်– “ယခုတွင် ငိုကြွေးသောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။” (လုကာ ၆:၂၁)  မကြာမီ  ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တော့မည့်အကြောင်း ကြေညာခြင်းအားဖြင့် ယေရှုသည် စိတ်နှလုံးကြေကွဲသူတို့၏ဒဏ်ရာကို ကုသပေးခဲ့သည်။

ယနေ့ခေတ်တွင်လည်း လူတို့သည် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကြောင့်  နှစ်သိမ့်မှုရရှိနေဆဲပင်။  (မဿဲ  ၆:၁၀;  ၉:၃၅) ဥပမာ၊ ရိုဂျာနှင့် လီလျန်းတို့၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် ထာ၀ရအသက်နှင့်ဆိုင်သော ဘုရားသခင့်ကတိစကားကို သူတို့ ဦးဆုံး ကြားသိခဲ့ရသည်။ ယင်းသည် သူတို့အတွက် အနာကိုပျောက်ကင်းစေသည့် ဗော်လ်ဆမ်ဆီမွှေးနှင့်တူသည်။ “ကျွန်မ သိရှိခဲ့ရာတွေကို တွေးရင်းနဲ့ ပျော်လွန်းလို့ မီးဖိုချောင်ထဲမှာ ကခုန်နေမိတယ်”  ဟုလီလျန်းက  ပြောပြသည်။  “ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်နဲ့ နာကျင်မှုဝေဒနာတွေအားလုံး ပပျောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်အကြောင်း သိလိုက်ရလို့ ကျွန်တော် အရမ်းဝမ်းသာတယ်။ အဲဒါကြောင့် ဘ၀ကို ပျော်ရွှင်စွာနဲ့ ဆက်အသက်ရှင်တော့မယ်” ဟုဆယ်နှစ်ကြာ ကိုယ်တစ်ပိုင်း လေဖြတ်ခံထားရသည့် ရိုဂျာကဆိုသည်။—ဗျာ. ၂၁:၄

၁၉၇၀ ပြည့်နှစ်တွင်  အသက် ၁၁ နှစ်အရွယ်သားလေး  ဆုံးပါးသွားရာ  သူတို့  ဝမ်းနည်းကြေကွဲခဲ့ရသည်။  သို့သော်  သူတို့သည် တစ်ချိန်လုံး  ဝမ်းနည်းပူဆွေးမနေခဲ့ကြချေ။  ယေဟောဝါဘုရားသခင်သည် “စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍ သူတို့၏အနာကို ကုတော်မူ”  ကြောင်း  သူတို့ကိုယ်တိုင်  တွေ့ ကြုံခံစားခဲ့ရသည်။ (ဆာလံ ၁၄၇:၃) ယင်းကြောင့် နှစ်သိမ့်မှုရရှိခဲ့ကြသည်။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြောင့် ငြိမ်သက်မှုနှင့်ကျေနပ်ရောင့်ရဲမှု ခံစားရသည်မှာ ယခုဆိုလျှင် အနှစ် ၅၀ နီးပါးရှိလေပြီ။

အနာဂတ်တွင် ပြုလုပ်ဦးမည့် ကုသမှု

ယနေ့ခေတ်တွင်  ဂိလဒ်ဗော်လ်ဆမ်ဆီမွှေး  ရှိသေးသလော။ ပကတိဆီမွှေးမရှိသော်လည်း ပုံဆောင်ဆီမွှေးတော့ ရှိပါသည်။ ယင်းမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဖြစ်၏။ ထိုသတင်းကောင်းမှ ရရှိသည့် နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်တို့က စိတ်နှလုံးကြေကွဲနေသူတို့၏ ဒဏ်ရာဒဏ်ချက်များကို ကုစားပေးနိုင်ပါသည်။ ထိုကုစားမှုကို အသင်ကော ရရှိလိုပါသလော။ ရရှိလိုပါက သမ္မာကျမ်းစာမှ နှစ်သိမ့်မှုပေးသော သတင်းစကားကို ခံယူပြီး သင့်ဘ၀တွင် လက်တွေ့ကျင့်သုံးရမည်။ သန်းနှင့်ချီသောလူတို့ ထိုသို့လုပ်ဆောင်ခဲ့ကြပြီ။

ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းမှရရှိသည့်  ထိုကုစားမှုသည် အနာဂတ်တွင် ပြုလုပ်ဦးမည့် ကြီးမားသောကုစားမှု၏ ရှေ့ပြေးပုံရိပ်ဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် “လူမျိုးတို့ကို ကုသ” ၍ ထာ၀စဉ်အသက်ရှင်ခွင့်ပေးမည့်အချိန် အလွန်နီးကပ်လာနေပြီ။ ထိုအချိန်တွင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တော့ချေ။ ထို့ကြောင့် ပုံဆောင်ဂိလဒ်ဗော်လ်ဆမ် ဆီမွှေး ရှိသေးသည်မှာ သေချာပါသည်။—ဗျာ. ၂၂:၂; ဟေရှာယ ၃၃:၂၄

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း၏ ကုသနိုင်သည့်အစွမ်းသည် ယနေ့ခေတ် စိတ်နှလုံးကြေကွဲနေသူတို့၏ နာကျင်မှုဝေဒနာကို သက်သာလျော့ပါးစေလျက်ရှိ