မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဒီမှာ ဘာကြောင့် ရပ်နေကြတာလဲ”

“ဒီမှာ ဘာကြောင့် ရပ်နေကြတာလဲ”

တောင်အာဖရိကမှ စာတစ်စောင်

“ဒီမှာ ဘာကြောင့် ရပ်နေကြတာလဲ”

“အန္တရာယ်ရှိသည်၊ လုယက်မှုနှင့် ပြည့်တန်ဆာလုပ်ငန်းတို့၏နယ်မြေ” လို့ဆိုတဲ့ သတိပေးဆိုင်းဘုတ်တစ်ခုကို ရွာလမ်းဘေးမှာ ထောင်ထားတယ်။ ကျွန်တော်တို့ကားကို လမ်းဘေးချမောင်းလိုက်ရော ဖုန်တထောင်းထောင်း ထသွားတယ်။ ဆိုင်းဘုတ်ကြီးတစ်ခုအောက်မှာ စောင့်နေတဲ့ တခြားကားတွေဆီကို မောင်းသွားလိုက်တယ်။ ရှေ့ဆက်သွားလိုက်ရင် အပန်းဖြေစခန်းနဲ့ လောင်းကစားရုံရှိတဲ့နေရာကို ရောက်သွားမှာ။ အရှိန်နဲ့ဖြတ်သွားတဲ့ ဇိမ်ခံကားတွေပေါ်ကနေ လူတွေက ‘ဒီမှာ ဘာကြောင့် ရပ်နေကြတာလဲ’ ဆိုတဲ့အကြည့်မျိုးနဲ့ ကျွန်တော်တို့ကို ကြည့်သွားကြတယ်။

သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့သူတွေက ကျွန်တော်တို့ကို ဆိုင်းဘုတ်ကြီးအရိပ်အောက်မှာ ရပ်စောင့်နေကြတယ်။ ကားကို တစ်နေရာမှာ ထိုးရပ်ပြီး သူတို့ဆီ သွားလိုက်တယ်။ ကျွန်တော်တို့အုပ်စုထဲမှာ လူမျိုးပေါင်းစုံရှိတယ်။ အဲဒါက တောင်အာဖရိကနိုင်ငံမှာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေတုန်းပဲ။ ဒီနေရာက ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရဲ့ အနောက်မြောက် မိုင် ၆၀ အကွာမှာရှိတယ်။ ဒီမှာနေတဲ့ ရွာသားတွေကို ကျမ်းစာအမှန်တရားပြောပြဖို့ ကျွန်တော်တို့ ရောက်လာကြတာပါ။

လမ်းဘေးမှာပဲ နေ့စဉ်ကျမ်းချက်ကို တိုတိုတုတ်တုတ် ဆွေးနွေးပြီး အမှုဆောင်ထွက်ဖို့ စီစဉ်ကြတယ်။ ဆုတောင်းပြီးတာနဲ့ ကားမောင်းထွက်လာကြတယ်။ ကွင်းပြင်ရဲ့တစ်ဖက် ခပ်လှမ်းလှမ်းမှာ အိမ်တွေက ကျိုးတိုးကျဲတဲရှိနေတယ်။ ပလက်တီနမ်သတ္တုတွင်းက စွန့်ပစ်ထားတဲ့ အမှိုက်ပုံကြီးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အဲဒီအိမ်တွေက သေးသေးလေးဖြစ်သွားတယ်။ အဲဒီနေရာမှာ အဖိုးတန်တဲ့ ပလက်တီနမ်သတ္တုတွေထွက်တော့ လူတွေက ချမ်းသာမယ်လို့ ကျွန်တော်တို့ ထင်နေတာ။ ဒါပေမဲ့ အထင်နဲ့အမြင် တခြားစီပဲ။

ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ရယ်၊ ဂျာမနီနိုင်ငံက ဇနီးမောင်နှံနှစ်ယောက်ရယ် အဲဒီမနက်မှာပဲ စဟောပါလေရော။ ဒီမှာနေတဲ့လူ သုံးပုံတစ်ပုံလောက်က အလုပ်အကိုင်မရှိကြလို့ သူတို့အိမ်တွေက စုတ်ချာနေတာပဲ။ အိမ်တော်တော်များများကို ဘယ်လိုဆောက်ထားသလဲဆိုရင် ရွဲ့စောင်းနေတဲ့ သစ်သားတိုင်တွေပေါ် သွပ်ပြားတွေတင်၊ ဘီယာပုလင်းဖုံးတွေခံပြီး သံအကြီးကြီးတွေနဲ့ ရိုက်ထားတယ်။ သူတို့ရဲ့အိမ်တွေက လေတိုက်ရင် လဲတော့မယ့်ပုံပဲ။

အိမ်ရှေ့ကနေ ကျွန်တော်တို့ လှမ်းနှုတ်ဆက်လိုက်တဲ့အခါ အိမ်ရှင်မတွေပဲ ထွက်လာတတ်ကြတယ်။ ကျွန်တော်တို့ဟောတာတွေကို သူတို့ စိတ်ဝင်တစား နားထောင်ပေးတယ်၊ ကျွန်တော်တို့ကိုလည်း တလေးတစားနဲ့ ဆက်ဆံတယ်။ နေ့ခင်းပိုင်းမှာ နေပူရှိန်ကြောင့် သွပ်မိုးထားတဲ့ အိမ်ထဲမှာ နေလို့မရအောင် ပူအိုက်လွန်းလို့ ကလေးတွေက ခုံတွေကို သစ်ပင်အောက် ထုတ်သွားတယ်။ ပြီးရင် ကျွန်တော်တို့ကို သစ်ပင်အရိပ်အောက်မှာ ထိုင်ခိုင်းကြတယ်။

မိသားစုတွေက ခုံပုလေးတွေ ဒါမှမဟုတ် မှောက်ထားတဲ့သေတ္တာတွေပေါ် ဝိုင်းထိုင်လိုက်ကြတယ်။ ပြီးတော့ ကစားနေတဲ့ ကလေးတွေကိုလည်း လာနားထောင်ဖို့ လှမ်းခေါ်လိုက်တယ်။ ကျောင်းနေတဲ့ကလေးတွေကို ကျမ်းချက်တချို့နဲ့ ကျမ်းစာအခြေပြုစာစောင်တွေ ဖတ်ခိုင်းတယ်။ ကျွန်တော်တို့ရဲ့စာစောင်တွေကို လူတိုင်းနီးပါးက လက်ခံကြတယ်။ ပြန်လာဖို့လည်း ဖိတ်ခေါ်တယ်။

နေ့လယ်ရောက်တော့ ခဏနားပြီး အစာစားတယ်၊ အအေးသောက်ကြတယ်။ စားသောက်ပြီးတဲ့အခါ အရင်တစ်ခေါက်လာတုန်းက ကျွန်တော်တို့ သွားခဲ့တဲ့သူတွေဆီ ပြန်သွားတယ်။ အရင်ဆုံး ဂျင်မီဆီ သွားလည်ကြတယ်။ သူက မာလာဝီနိုင်ငံကနေ ပြောင်းလာပြီး ဒီက ပလက်တီနမ်သတ္တုတွင်းမှာ အလုပ်လုပ်နေတယ်။ ဂျင်မီဆီကို ပြီးခဲ့တဲ့ လတွေတုန်းကလည်း သွားလည်ဖူးတယ်။ ကျွန်တော်တို့ လာတိုင်း သူအရမ်းပျော်တယ်။ သူနဲ့ ကျမ်းစာအကြောင်းတွေ အကြာကြီး ဆွေးနွေးဖြစ်ခဲ့တယ်။ ဂျင်မီက ဆက်စ်ဝါနာလူမျိုးဖြစ်တဲ့ ဒေသခံအမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရတယ်။ နောက်ဆုံးတစ်ခေါက်လာတုန်းက သူ့ကို အိမ်မှာ မတွေ့ခဲ့ရဘူး။ ဒါကြောင့် သူ ဘယ်လိုများနေမလဲဆိုတာကို အရမ်းသိချင်လိုက်တာ။

ဂျင်မီရဲ့အိမ်ရှေ့ရောက်တော့ တစ်ခုခု ဖြစ်နေပြီဆိုတာကို ချက်ချင်းရိပ်မိလိုက်တယ်။ အရင်က သန့်ရှင်းသပ်ရပ်ခဲ့တဲ့ သူ့ခြံက အခုတော့ ရှုပ်ပွနေတာပဲ။ သူ့ရဲ့ ပြောင်းခင်းကလည်း ခြောက်သွေ့နေတယ်။ အစာရှာစားနေတဲ့ ကြက်ကလေးတွေလည်း မရှိတော့ဘူး။ သူတို့ရဲ့အိမ်ကို သော့ခတ်ထားတာကိုး။ အိမ်နီးချင်းတစ်ယောက်က ဘာများလဲဆိုပြီး ကျွန်တော်တို့ကို လာကြည့်တော့ ဂျင်မီ ဘယ်သွားသလဲလို့ သူ့ကို မေးလိုက်တယ်။ ဂျင်မီက ဆုံးသွားပြီ၊ သူ့ဇနီးနဲ့ ကလေးတွေက ဇနီးရဲ့မိဘအိမ်ကို ပြောင်းသွားပြီလို့ သူပြောပြတော့ ကျွန်တော်တို့ အံ့ဩထိတ်လန့်သွားကြတယ်။

စပ်စုတာ မကောင်းပေမဲ့ ဂျင်မီရဲ့အကြောင်းကို အသေးစိတ် မေးမိတယ်။ “သူ ဖျားပြီး သေသွားတာ။ အခုတစ်လော လူအတော်များများ နေထိုင်မကောင်းဖြစ်ပြီး သေနေကြတယ်” လို့အိမ်နီးချင်းက ပြောပြတယ်။ ဘာရောဂါလည်းဆိုတာ သူတိတိကျကျမသိဘူး။ သင်္ချိုင်းမှာ လောလောလတ်လတ် မြုပ်နှံထားတဲ့ မြေပုံတွေကိုကြည့်ရင် အဲဒီအမျိုးသမီးရဲ့စကား မှန်တယ်ဆိုတာ သိလိုက်ရတယ်။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း သူ့ကို တစ်ခဏ ပြောပြလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ ဝမ်းနည်းစွာနဲ့ ထွက်လာကြတယ်။

နောက်ရွာတစ်ရွာကိုရောက်တော့ အိမ်တန်းလျားတွေရှိတဲ့နေရာကို ကျွန်တော်တို့ မောင်းသွားတယ်။ အဲဒီမှာ အမှိုက်ပုံကြီးတစ်ခုလည်း ရှိတယ်။ နောက်ဆုံးတန်းလျားရဲ့ လမ်းဆုံးတဲ့အထိ ကျွန်တော်တို့ မောင်းဝင်သွားတယ်။ ခြံထဲက ကျောက်တုံးတစ်ခုပေါ်မှာ “တွေဝေခြင်းသည် အချိန်သူခိုးဖြစ်၏။ ၎င်း၏ကြံရာပါမှာ အချိန်ဆွဲခြင်းဖြစ်သည်” ဆိုတဲ့ စာတန်းတစ်ခုကို ထင်းကနဲ တွေ့လိုက်ရတယ်။ အဲဒီစာတန်းကို ဒေးဗစ် * ဆိုတဲ့လူက ရေးထားတာပါ။ သူ့ရဲ့လိပ်ခုံးကားဟောင်း အနောက်ကနေ သူ ခေါင်းပြူကြည့်လိုက်တယ်။ နေထိုးနေတဲ့အတွက် ကျွန်တော်တို့ကို သိပ်မမြင်ရလို့ မျက်လုံးမှေးကြည့်လိုက်ပြီး နောက်မှ မှတ်မိသွားတဲ့အလား သူ အားရပါးရ ပြုံးပြတယ်။ သူ့ရဲ့ ရွှေရောင်တင်ထားတဲ့ ရှေ့သွားတွေက နေရောင်အောက်မှာ ဝင်းကနဲ လင်းလက်သွားတယ်။ ပေကျံနေတဲ့ သူ့လက်တွေကို သုတ်လိုက်ပြီး ကျွန်တော်တို့ကို လာနှုတ်ဆက်တယ်။

“မိတ်ဆွေတို့၊ လာကြ၊ လာကြ” လို့သူက လှမ်းနှုတ်ဆက်တယ်။ ဒေးဗစ်ကို ပြန်တွေ့ရတာ ဝမ်းသာမိတယ်။ ကျွန်တော်တို့ နောက်ဆုံးတစ်ခေါက်လာပြီးကတည်းက သူအလုပ်ရသွားတာ။ တစ်ခဏနေရင် သတ္တုတွင်းကို ပြန်သွားရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ကို အချိန်သိပ်မပေးနိုင်ဘူးလို့ သူက တောင်းပန်စကားဆိုတယ်။ အချိန်ရသလောက် ကျမ်းစာအကြောင်း ဆွေးနွေးနေတဲ့အခိုက်မှာ ဒေးဗစ်က အပြုံးမပျက်ဘူး။ “ခင်ဗျားတို့နဲ့ တွေ့တဲ့နေ့ကစပြီး ကျွန်တော့်ဘ၀ ပြောင်းလဲသွားတာ။ ခင်ဗျားတို့နဲ့သာ မတွေ့ခဲ့ဘူးဆိုရင် ကျွန်တော် ဘယ်ရောက်လို့ ဘာတွေဖြစ်နေမယ်ဆိုတာ မသိနိုင်ဘူး” ဆိုပြီး ခံစားချက်အပြည့်နဲ့ သူပြောပြတယ်။

ဒေးဗစ်ရဲ့အပြောကြောင့် ကျွန်တော်တို့ အရမ်းပီတိဖြစ်ပြီး ပြန်လာခဲ့ကြတယ်။ မိုးချုပ်တော့မှာဖြစ်လို့ အိမ်ပြန်လာကြတယ်။ နေရောင်ရှိနေသေးပေမဲ့ ဖုန်တထောင်းထောင်းထနေလို့ မြင်ကွင်းက သိပ်မသဲကွဲဘူး။ နောက်ဆုံးအနေနဲ့ ကွင်းပြင်ကို လည်ပြန်ကြည့်လိုက်ကြတယ်။ ဒီကနယ်ခံအားလုံးဆီ သတင်းကောင်း ဘယ်လိုပြန့်သွားမယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ “စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏” ဆိုတဲ့ ယေရှုရဲ့စကားက ကျွန်တော်တို့အတွက် အရမ်းအဓိပ္ပာယ်ရှိတယ်။—လုကာ ၁၀:၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 အမည်ကို ပြောင်းထားသည်။

[Picture Credit Line on page 17]

တောင်အာဖရိကစာတိုက်မှ ရရှိခဲ့သောခွင့်ပြုချက်