မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်ချက်ရောနှောခြင်းကို ယေဟောဝါသက်သေများ မည်သို့ရှုမြင်ကြသနည်း

ယုံကြည်ချက်ရောနှောခြင်းကို ယေဟောဝါသက်သေများ မည်သို့ရှုမြင်ကြသနည်း

စာရှုသူများအမေး . . .

ယုံကြည်ချက်ရောနှောခြင်းကို ယေဟောဝါသက်သေများ မည်သို့ရှုမြင်ကြသနည်း

▪ “ကမ္ဘာတစ်ဝန်းတွင် ဘာသာတရားပေါင်း ၁၀,၀၀၀” ခန့်ရှိသည်ဟု ကမ္ဘာ့ခရစ်ယာန်စွယ်စုံကျမ်းက ဆိုသည်။ ကွဲပြားသောဘာသာများအကြား ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ထိခိုက်နစ်နာမှုများစွာ ကြုံခဲ့ရသည်။ ထို့ကြောင့် ယုံကြည်ချက်ရောနှောခြင်း အယူအဆသည် လူများစွာကို မျှော်လင့်ချက်ရောင်ခြည်သန်းစေသည်။ ယင်းက ကွဲပြားနေသောလောကတွင် ငြိမ်းချမ်းမှုနှင့် စည်းလုံးမှုရစေနိုင်မည်ဟု သူတို့ ယူဆကြသည်။

ကျမ်းစာက စည်းလုံးမှုကိုအားပေးထား၏။ တမန်တော်ပေါလုက ခရစ်ယာန်အသင်းတော်ကို လူ့ကိုယ်ခန္ဓာနှင့် နှိုင်းယှဉ်ခဲ့ပြီး အစိတ်အပိုင်းတစ်ခုစီသည် “လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်းလျက် ပူးပေါင်းဆောင်ရွက်ကြ၏” ဟုဆိုခဲ့သည်။ (ဧဖက် ၄:၁၆) အလားတူ၊ တမန်တော် ပေတရုကလည်း ယုံကြည်သူချင်းများအား “သင်တို့ရှိသမျှသည် တစ်သဘောတည်းရှိကြလော့” ဟု တိုက်တွန်းခဲ့သည်။—၁ ပေတရု ၃:၈

ထိုအစောပိုင်းခရစ်ယာန်များသည် ယဉ်ကျေးမှုနှင့် ဘာသာရေးအမျိုးမျိုးရှိသောခေတ်တွင် အသက်ရှင်ခဲ့ကြသည်။ သို့တိုင် ကွဲပြားနေသော ဘာသာရေးအမျိုးမျိုး ပေါင်းစည်းခြင်းနှင့်စပ်လျဉ်း၍ ပေါလုက “ယုံကြည်သူနှင့် မယုံကြည်သူသည် မည်သို့မျှဝေခံစားနိုင်မည်နည်း” ဟုမေးခဲ့သည်။ ထို့နောက် “ထိုသူတို့အထဲမှ ထွက်” ကြရန် ခရစ်ယာန်များကို သူ သတိပေးခဲ့သည်။ (၂ ကောရိန္သု ၆:၁၅၊ ၁၇) ယုံကြည်ချက်ရောနှောသော အယူအဆကို ပေါလု ဆန့်ကျင်နေကြောင်း သိသာလှသည်။ အဘယ်ကြောင့် သူ ထိုသို့ ဆန့်ကျင်ခဲ့သနည်း။

ယုံကြည်သူနှင့် မယုံကြည်သူနှစ်ဦး ပေါင်းစည်းကာ ဝတ်ပြုခြင်းသည် ဘက်မညီသည့်ထမ်းပိုးကို ထမ်းရာရောက်ပြီး အံဝင်ခွင်ကျဖြစ်မည်မဟုတ်ဟု တမန်တော်ပေါလုရှင်းပြခဲ့သည်။ (၂ ကောရိန္သု ၆:၁၄) ယင်းက ခရစ်ယာန်များ၏ ယုံကြည်ခြင်းကို ပျက်စီးစေရုံသာ ရှိမည်။ ပေါလု၏ စိုးရိမ်ပူပန်မှုသည် ပတ်ဝန်းကျင်ရှိ ဆိုးသွမ်းသော ကလေးတချို့ကြောင့် စိုးရိမ်နေသော ဖခင်တစ်ဦး၏အဖြစ်နှင့်  ဆင်တူသည်။ စိုးရိမ်တတ်သော မိဘတစ်ဦးအနေဖြင့် မိမိကလေးသည် မည်သူများနှင့်သာ ပေါင်းသင်းသင့်ကြောင်း စည်းမျဉ်းများကို သူ ပညာရှိရှိ သတ်မှတ်ပေမည်။ သူ၏စည်းမျဉ်းများက နှစ်သက်စရာကောင်းမည်မဟုတ်ပါ။ သို့သော် အခြေအနေအရ ကလေးကို သီးခြားနေစေခြင်းက မကောင်းသောအပေါင်းအသင်းများနှင့် ပေါင်းသင်းခြင်း၏အန္တရာယ်မှ ကာကွယ်ပေးသည်။ အလားတူ၊ ယုံကြည်ခြင်းမတူသူများနှင့် သီးခြားနေခြင်းက ခရစ်ယာန်များကို အန္တရာယ်ရှိသော အကျင့်ဓလေ့များမှ ကာကွယ်ပေးကြောင်း ပေါလု သိနားလည်ခဲ့သည်။

ထိုသို့ဆိုခြင်းဖြင့် ယေရှုကို ပေါလု တုပခဲ့၏။ ယေရှုသည် လူများနှင့် သင့်မြတ်စွာ နေထိုင်ခဲ့သော်လည်း ယုံကြည်ချက် ရောနှောခဲ့ခြင်းမရှိချေ။ ယေရှု မြေကြီးပေါ် ခရစ်ယာန်ဓမ္မအမှုဆောင်စဉ် ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့ကဲ့သို့သော အုပ်စုများကလည်း ဘာသာရေးလုပ်ဆောင်မှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ အမှန်မှာ၊ သူတို့သည် ယေရှုကို အကဲစမ်းရန် ပူးပေါင်းခဲ့ကြပြီး ကွပ်မျက်ရန်အထိပင် ကြံစည်ခဲ့ကြသည်။ သို့သော် ယေရှုက “ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ သွန်သင်ချက်ကို သတိပြု” ကြလော့ဟု တပည့်များကို မိန့်ဆိုခဲ့သည်။—မဿဲ ၁၆:၁၂

ယနေ့ခေတ်ကော မည်သို့နည်း။ ယုံကြည်ချက်ရောနှောခြင်းနှင့်ပတ်သက်သည့် ကျမ်းစာသတိပေးချက်သည် ယနေ့အထိ သက်ဆိုင်နေဆဲလော။ သက်ဆိုင်နေဆဲပင်။ အကြောင်းမှာ အိုးတစ်လုံးထဲတွင် ဆီနှင့်ရေကို ထည့်လိုက်သော်လည်း ထိုအရာနှစ်ခုသည် မပေါင်းစပ်သွားသကဲ့သို့ ကွဲပြားသောဘာသာရေး ယုံကြည်ချက်များကိုလည်း ပေါင်းစပ်၍မရနိုင်ချေ။ ဥပမာ၊ ဘာသာရေးနောက်ခံ အမျိုးမျိုးရှိသော လူတို့သည် ငြိမ်းချမ်းရေးအတွက် အတူတကွ ဆုတောင်းသောအခါ မည်သည့်ဘုရားသခင်ထံ ဆုတောင်းနေခြင်းနည်း။ သုံးပါးပေါင်း ဘုရားသခင်ထံလော။ ဟိန္ဒူဘုရား ဗြဟ္မာထံလော။ . . . သို့မဟုတ် တခြားပုဂ္ဂိုလ်တစ်ပါးထံလော။

“နောက်ဆုံးကာလ၌” လူမျိုးအသီးသီးမှ လူတို့သည် ‘လာကြလော့။ ထာဝရဘုရားသခင်၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်’ ဟုပရောဖက် မိက္ခာက ကြိုဟောခဲ့သည်။ (မိက္ခာ ၄:၁-၄) သို့ဖြစ်၍ ကမ္ဘာချီ ငြိမ်းချမ်းပြီး စည်းလုံးမှုရှိရန်မှာ ယုံကြည်ချက်အားလုံးကို ပေါင်းစည်းခြင်းအပေါ် မူမတည်ချေ။ သို့အစား တစ်ခုတည်းသော စစ်မှန်သည့် ယုံကြည်ချက်ကို လူခပ်သိမ်း လက်ခံခြင်းအပေါ်၌သာ မူတည်သည်။

[စာမျက်နှာ ၂၇ ပါရုပ်ပုံ]

၂၀၀၈ ခုနှစ်၊ ဘာသာရေးညီလာခံတစ်ခုမှ ကမ္ဘာ့အဓိက ဘာသာရေးအဖွဲ့ဝင်များ

[Credit Line]

REUTERS/Andreas Manolis