မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ဘ၀ကို ကြယ်များက ထိန်းချုပ်ထားသလော

သင့်ဘ၀ကို ကြယ်များက ထိန်းချုပ်ထားသလော

သင့်ဘ၀ကို ကြယ်များက ထိန်းချုပ်ထားသလော

တိမ်ကင်းစင်သောညတွင်  ကောင်းကင်သို့မော့ကြည့်လိုက်ရာ ကောင်းကင်ပြင်ကြီးသည်  တလက်လက်တောက်ပနေသော စိန်ပွင့်လေးများ ကပ်နေသည့် အနက်ရောင်ကတ္တီပါနှင့်တူလေ၏။ ကြယ်များ၏ အရွယ်အစားနှင့် အကွာအဝေးကို လူတို့သိရှိခဲ့ကြသည်မှာ နှစ်ပေါင်း ၃၅၀ မျှသာရှိသေးသည်။ အံ့မခန်းဖွယ်ကောင်းသော စကြ၀ဠာတစ်ခွင်တွင် ပြင်းအားကြီးမားသည့် စွမ်းအင်များရှိကြောင်း ကျွန်ုပ်တို့ သဘောပေါက်ခါစသာ ရှိသေးသည်။

မဟူရာကောင်းကင်ရှိ နက္ခတ်တာရာများ၏ ရွေ့လျားမှုနှင့် အချိန်အခါအလိုက် ပြောင်းလဲမှုများကို ကမ္ဘာဦးကတည်းက လူတို့ သိရှိခဲ့ကြသည်။ (ကမ္ဘာဦး ၁:၁၄) လူများစွာသည် အစ္စရေးဘုရင် ဒါဝိဒ်ကဲ့သို့ ခံစားခဲ့ရသည်။ လွန်ခဲ့သော အနှစ် ၃,၀၀၀ ခန့်က ဒါဝိဒ်သည် သူ၏ခံစားချက်ကို ဤသို့ရေးဖွဲ့ခဲ့၏– “လက်ညှိုးတော်အလုပ် တည်းဟူသော  ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော်  လူသည်  အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။”—ဆာလံ ၈:၃၊ ၄

နက္ခတ်တာရာများနှင့်  ၎င်းတို့၏ရွေ့လျားမှုများအကြောင်း ကျွန်ုပ်တို့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယင်းတို့သည် ကျွန်ုပ်တို့၏ဘ၀ကို အမှန်ပင် ထိန်းချုပ်ထားပါသည်။ ကမ္ဘာသည် နေကို လှည့်ပတ်နေသောကြောင့် အချိန်ကာလဟူ၍ ဖြစ်ပေါ်လာ၏။ လကြောင့် “ရာသီများ” ဖြစ်ပေါ်လာ၏။ (ဆာလံ ၁၀၄:၁၉၊ သမ) လေကြောင်းသွားလာရေးတွင် ကြယ်များသည် ယုံကြည်စိတ်ချရသော လမ်းပြများဖြစ်ရာ အာကာသယာဉ်မှူးများပင် မိမိတို့၏အာကာသယာဉ် မည်သည့်နေရာ၌ ရောက်နေသည်ကို သိရှိနိုင်ကြသည်။ ထို့ကြောင့် ကြယ်တာရာများသည် ကျွန်ုပ်တို့အား အချိန်ကာလနှင့် ရာသီဥတုများကိုသာ ဖော်ပြပေးသလော၊ ဘုရားသခင့်ဖန်ဆင်းခြင်း လက်ရာတော်များကိုလည်း ကျေးဇူးတင်လေးမြတ်သည့်စိတ် ဖြစ်ပေါ်စေနိုင်သလောဟု တချို့က သိလိုကြသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏အနာဂတ်ကို ဟောကိန်းထုတ်နိုင်သလော၊ ဘေးဆိုးများအကြောင်း ကြိုသတိပေးနိုင်သလော။

နက္ခတ်ဗေဒင်၏ အစမူလနှင့် ရည်ရွယ်ချက်

လူတို့၏ဘ၀တွင် အဘယ်အရာဖြစ်ပျက်မည်ကို သိနိုင်ရန် မိုးကောင်းကင်ကို ကြည့်ရှုလေ့လာသည့် ဓလေ့သည် ဘီစီ သုံးထောင်ခန့်က ရှေးခေတ် မက်ဆိုပိုတေးမီးယားပြည်မှ စတင်ခဲ့သည်။ ရှေးခေတ်က  နက္ခတ်ဗေဒင်ပညာရှင်များသည်  မိုးကောင်းကင်ကို အသေအချာ ကြည့်ရှုလေ့လာခဲ့ကြ၏။ သူတို့သည် ကြယ်တာရာများ၏ ရွေ့လျားမှုများကို ပုံဖော်ရန်၊ ကြယ်တာရာများ၏ အနေအထားကို  မှတ်သားရန်၊  ပြက္ခဒိန်များထုတ်ရန်နှင့် နေ  သို့မဟုတ် လ ကြတ်ခြင်းကို ကြိုတင်ခန့်မှန်းရန် ကြိုးစားလေ့လာရာမှ သိပ္ပံနက္ခတ္တဗေဒပညာရပ် ပေါ်ပေါက်လာခဲ့သည်။ သို့သော် နက္ခတ်ဗေဒင်ကမူ နေနှင့်လတို့၏ သဘောသဘာ၀ကို လေ့လာရုံထက်မကချေ။ နေ၊ လ၊ ဂြိုဟ်များ၊ ကြယ်များနှင့် ကြယ်တာရာစုများ၏ တည်နေရာနှင့်အနေအထားတို့သည် ကမ္ဘာမြေပေါ်ရှိ အရေးပါသောဖြစ်ရပ်များအပြင် လူတစ်ဦးချင်းစီ၏ဘ၀ကိုပါ  ထိန်းချုပ်ထားသည်ဟုဆို၏။  မည်သို့အားဖြင့်နည်း။

နက္ခတ်ဗေဒင်ဆရာအချို့သည်  အနာဂတ်နှင့်ပတ်သက်သော အရိပ်နိမိတ်များ  သို့မဟုတ်  သတိပေးချက်များကို  သိရှိနိုင်ရန် နက္ခတ်ဗေဒင်အတတ်ပညာကို  အသုံးပြု၍ မိုးကောင်းကင်ကို ကြည့်ရှုလေ့လာကြသည်။ ယင်းအတတ်ပညာကို နားလည်တတ်ကျွမ်းသောသူတို့သည်  ယင်းမှ  နည်းအမျိုးမျိုးဖြင့်  အကျိုးရရှိနေကြသည်။ နက္ခတ်ဗေဒင်သည် ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်အရာကို ကြိုတင်သတ်မှတ်ပေးကြောင်း၊  တစ်စုံတစ်ရာလုပ်ဆောင်ရန်  သို့မဟုတ် အလုပ်အသစ်ကို စတင်လုပ်ဆောင်ရန် ရက်ကောင်းရက်မြတ် သတ်မှတ်ပေးနိုင်ကြောင်း အချို့က ယူဆကြ၏။ နက္ခတ်တာရာများ၏ အနေအထားကို လေ့လာမှတ်သားခြင်းအားဖြင့်၊ နက္ခတ်တာရာများအချင်းချင်း၏ ဆက်နွှယ်မှု၊ နက္ခတ်တာရာများနှင့် ကမ္ဘာမြေဆက်နွှယ်မှုကို လေ့လာတွက်ချက်ခြင်းအားဖြင့် ထိုသို့သိရှိရခြင်းဖြစ်သည်ဟု ဆိုကြ၏။ နက္ခတ်တာရာများသည် လူတစ်ဦးချင်းစီ၏ ဘ၀ကိုလည်း ထိန်းချုပ်ထားသည်။ ထိုသူ၏ဘ၀သည် ၎င်းမွေးဖွားချိန်တွင် ဖြစ်ပေါ်နေသော နက္ခတ်တာရာများ၏ အနေအထားအပေါ် မူတည်သည်ဟု ဆိုကြ၏။

ကမ္ဘာသည် စကြ၀ဠာ၏အလယ်ဗဟိုတွင်ရှိပြီး ယင်းကို ဂြိုဟ်များနှင့် ကြယ်များက စက်ဝိုင်းပုံဖြင့် လှည့်ပတ်ဝိုင်းရံထားသည်ဟု ရှေးခေတ် နက္ခတ်ဗေဒင်ဆရာများက ယူမှတ်ခဲ့ကြသည်။ ထို့ပြင် နေသည် ကြယ်များနှင့် ကြယ်တာရာစုများအလယ်တွင် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း တစ်နှစ်အတွင်း ဖြတ်သန်းသွားသည်ဟု ၎င်းတို့ကဆို၏။ ယင်းနေသွားရာလမ်းကြောင်းကို အပိုင်း ၁၂ ပိုင်း ခွဲခြားထားသည်။ အပိုင်းတစ်ပိုင်းစီသည် နေဖြတ်သန်းသွားသည့် ကြယ်တာရာစုတစ်စုစီ၏အမည်ကို ကိုယ်စားပြုသည်။ ဤသို့ဖြင့် ဆယ့်နှစ်ရာသီခွင်ဟူ၍ ဖြစ်ပေါ်လာသည်။ ထိုအပိုင်းတစ်ခုစီသည် နတ်ဘုရားတစ်ပါးစီ၏ ဘုံဗိမာန်ဖြစ်သည်ဟု ဆို၏။ နေသည် ကမ္ဘာကို မလှည့်ပတ်ဘဲ ကမ္ဘာကသာ နေကို လှည့်ပတ်နေကြောင်း သိပ္ပံပညာရှင်များက နောက်ပိုင်း လေ့လာသိရှိခဲ့ကြသည်။ ထိုတွေ့ရှိချက်ကြောင့်  နက္ခတ်ဗေဒင်သည်  သိပ္ပံပညာရပ်မဟုတ်ကြောင်း ထင်ရှားလာသည်။

မက်ဆိုပိုတေးမီးယားပြည်မှ မြစ်ဖျားခံလာသည့် နက္ခတ်ဗေဒင်သည် ကမ္ဘာတစ်ဝန်းနီးပါး ပျံ့နှံ့သွားကာ လူ့ယဉ်ကျေးမှုအားလုံးနီးပါးထံသို့ ပုံစံအမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ဗာဗုလုန်ကို ပါးရှားတို့ အနိုင်ရပြီးနောက် နက္ခတ်ဗေဒင်သည် အီဂျစ်၊ ဂရိနှင့် အိန္ဒိယသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ အိန္ဒိယမှ ဗုဒ္ဓသာသနာပြုများသည် အာရှအလယ်ပိုင်း၊ တရုတ်၊ တိဗက်၊ ဂျပန်နှင့် အရှေ့တောင်အာရှသို့ ထိုအတတ်ပညာကို ယူဆောင်သွားကြသည်။  မာယာလူမျိုးထံ  ယင်းအတတ်ပညာ  မည်သို့ရောက်ရှိသွားသည်ကို မသိရသော်လည်း ထိုလူမျိုးသည် ဗာဗုလုန်လူမျိုးကဲ့သို့ပင်  ယင်းကို  ကျယ်ကျယ်ပြန့်ပြန့် လိုက်စားခဲ့ကြသည်။ ခေတ်သစ်နက္ခတ်ဗေဒင် အတတ်ပညာသည် ဂရိယဉ်ကျေးမှုလွှမ်းမိုးခဲ့သည့် အီဂျစ်နိုင်ငံတွင် စတင်ပေါ်ပေါက်လာပုံရပြီး ဂျူးဘာသာဝင်များ၊ အစ္စလမ်ဘာသာဝင်များနှင့် အမည်ခံခရစ်ယာန်ဘာသာဝင်များ၏ အတွေးအခေါ်ထဲ စိမ့်ဝင်သွားခဲ့သည်။

အစ္စရေးလူမျိုးသည် ဘီစီ ခုနစ်ရာစုတွင် ဗာဗုလုန်သို့ ပြည်နှင်မခံရမီကတည်းက နက္ခတ်ဗေဒင်အတတ်ပညာ၏ လွှမ်းမိုးမှုကို ခံခဲ့ရ၏။ ဘုရင်ယောရှိသည် “နေ၊ လ၊ ကြယ်၊ နက္ခတ်တို့ကို ယဇ်ပူဇော်ကြ” သူတို့အား သုတ်သင်ပယ်ရှင်းခဲ့ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။—၄ ဓမ္မရာဇဝင် ၂၃:၅ခမ။

နက္ခတ်ဗေဒင် စတင်ပေါ်ပေါက်လာပုံ

နက္ခတ်ဗေဒင်သည် စကြ၀ဠာတည်ဆောက်ပုံနှင့် လည်ပတ်ပုံတို့အပေါ် မှားယွင်းစွာ အခြေပြုထားသော ပညာရပ်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်ထံမှ မဖြစ်နိုင်ကြောင်း ထင်ရှားပါသည်။ နက္ခတ်ဗေဒင်၏ အခြေခံအယူအဆများသည် မမှန်ကန်သောကြောင့် အနာဂတ်နှင့်ပတ်သက်၍ တိကျမှန်ကန်စွာ မဖော်ပြနိုင်ပါ။ နက္ခတ်ဗေဒင်ပညာရှင်များသည် အနာဂတ်ကို တိကျမှန်ကန်စွာ မဟောနိုင်ကြောင်း စိတ်ဝင်စားဖွယ် သမိုင်းဝင်ဖြစ်ရပ်နှစ်ခုက သက်သေထူသည်။

ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံချိန်အတွင်း ယဇ်ပုရောဟိတ်များနှင့် နက္ခတ်ဗေဒင်ဆရာများသည် ရှင်ဘုရင်၏ အိပ်မက်ကို အနက်မဖွင့်ပေးနိုင်ခဲ့ကြချေ။ သူတို့အနက်မဖွင့်ပေးနိုင်ရသည့် အကြောင်းရင်းကို စစ်မှန်သောဘုရားသခင် ယေဟောဝါ၏ ပရောဖက်တစ်ပါးဖြစ်သည့် ဒံယေလက ဤသို့ထောက်ပြ၏– “အရှင်၏မေးခွန်းကို ဖြေကြားနိုင်သော မှော်ဆရာ၊ ပယောဂဆရာ၊ ဗေဒင်ဆရာ၊ နက္ခတ်ဆရာမရှိပါ။ သို့ရာတွင် လျှို့ဝှက်ခက်ခဲသောအရာများကို ဖော်ပြတော်မူသော ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူပါ၏။ ထိုဘုရားသခင်သည် အနာဂတ်ကာလ၌ အဘယ်သို့ဖြစ်ပျက်မည်ကို အရှင်မင်းကြီးအား ဖွင့်ပြတော်မူပါမည်။” (ဒံယေလ ၂:၂၇၊ ၂၈ခမ) ဒံယေလသည် နေ၊ လ သို့မဟုတ် ကြယ်များကိုမဟုတ်ဘဲ “လျှို့ဝှက်ခက်ခဲသောအရာများကို ဖော်ပြတော်မူသော” ယေဟောဝါဘုရားသခင်ကို အားကိုးအားထားပြု၍ ရှင်ဘုရင်၏အိပ်မက်ကို တိကျမှန်ကန်စွာ အနက်ဖွင့်ဆိုပေးခဲ့သည်။—ဒံယေလ ၂:၃၆-၄၅

မာယာလူမျိုးသည်  နက္ခတ်ဗေဒင်တွက်ချက်ရာတွင် အလွန်တိကျသည်။ သို့သော် အေဒီ ကိုးရာစုတွင် မာယာလူမျိုးလိုက် ပျောက်ကွယ်သွားသည်ကို  သူတို့ကိုယ်တိုင်  မှန်ကန်စွာ  မတွက်ချက်နိုင်ခဲ့ချေ။ နက္ခတ်ဗေဒင်သည် လိမ်လည်လှည့်စားမှုသာဖြစ်ရာ အဘယ်အရာကိုမျှ တိကျမှန်ကန်စွာ ကြိုမပြောနိုင်သည့်အပြင် အနာဂတ်အကြောင်း တိကျမှန်ကန်စွာသိရှိရန် ဘုရားသခင်ကို အားကိုးအားထားပြုရမည်ဟူသော အဖြစ်မှန်ကိုပါ ထိုဖြစ်ရပ်များကဖော်ပြသည်။

နက္ခတ်ဗေဒင်သည်  မုသာဝါဒအပေါ်  အခြေပြုထားသည်ဟူသောအချက်က ယင်း၏အစပြုရှင် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့အား ဖော်ပြပေးသည်။ စာတန်အကြောင်း ယေရှု ဤသို့ဖော်ပြသည်– “သူ၌  အမှန်တရားမရှိသောကြောင့်  အမှန်တရား၌ မတည်မနေ။ သူသည် မုသာစကားကိုပြောသောအခါ မိမိ၏စိတ်ရင်းအတိုင်း ပြောတတ်၏။ အကြောင်းမူကား သူသည် မုသာကောင်ဖြစ်၏။ မုသာ၏အဖလည်း ဖြစ်၏။” (ယောဟန် ၈:၄၄) စာတန်သည် “လင်းသောကောင်းကင်တမန်” အဖြစ်၊ နာမ်ဝိညာဉ်ဆိုးများသည် “ဖြောင့်မတ်ခြင်းတရားဆိုင်ရာအမှုဆောင်များ” အဖြစ် ဟန်ဆောင်ထားကြသည်။ အမှန်မှာ သူတို့သည် လှည့်ဖျားမှုကွန်ရက်ထဲ လူတို့ကျော့မိစေရန် ထောင်ချောက်ဆင်ဖမ်းဖို့ အလွန်ဆန္ဒပြင်းပြသူများ ဖြစ်ကြသည်။ (၂ ကောရိန္သု ၁၁:၁၄၊ ၁၅) “တန်ခိုးပြသည့် အလုပ်အမျိုးမျိုး၊ မုသာနှင့်ဆိုင်သော အတိတ်နိမိတ်နှင့် လက္ခဏာအမျိုးမျိုး” တို့သည် “စာတန်၏လုပ်ဆောင်မှု” ဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ဖော်ထုတ်ထားသည်။—၂ သက်သာလောနိတ် ၂:၉

ယင်းကို ရှောင်ကြဉ်ရသည့်အကြောင်းရင်း

နက္ခတ်ဗေဒင်သည်  မုသာဝါဒအပေါ် အခြေပြုထားရာ ယင်းသည်  အမှန်တရား၏ဘုရားသခင်  ယေဟောဝါအတွက် စက်ဆုပ်ဖွယ်ရာဖြစ်သည်။ (ဆာလံ ၃၁:၅) ထို့ကြောင့် သမ္မာကျမ်းစာတွင် ယင်းကို ပြစ်တင်ရှုတ်ချထားပြီး ယင်းနှင့် မပတ်သက်ရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ ဘုရားသခင် ဤသို့ရှင်းလင်းပြတ်သားစွာ မိန့်မှာတော်မူ၏– ‘သင်တို့တွင် ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့်ဟောပြောသောသူ၊ ကာလဗေဒင်ကိုကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကိုပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ထာ၀ရဘုရားသခင် စက်ဆုပ်ရွံရှာတော်မူ၏။’—တရားဟောရာ ၁၈:၁၀-၁၂

စာတန်နှင့်  နာမ်ဝိညာဉ်ဆိုးများသည်  နက္ခတ်ဗေဒင်၏နောက်ကွယ်တွင် ကြိုးကိုင်ခြယ်လှယ်နေသောကြောင့် ယင်းကို စပ်စုကြည့်ရုံမျှဖြင့် ၎င်းတို့ဩဇာအောက် ကျရောက်သွားနိုင်သည်။ မူးယစ်ဆေးဝါးကို စမ်းသုံးကြည့်ရုံမျှဖြင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူ၏  ထိန်းချုပ်မှုအောက်  ကျရောက်သွားနိုင်သကဲ့သို့ပင် နက္ခတ်ဗေဒင်ကို စပ်စုကြည့်ခြင်းက ကလိမ်ဝိဇ္ဇာ စာတန်၏ထိန်းချုပ်မှုအောက် ကျရောက်သွားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် အမှန်တရားကို ချစ်မြတ်နိုးသူတို့သည် နက္ခတ်ဗေဒင်ကို လုံး၀ငြင်းပယ်ကာ “အဆိုးကိုမုန်း၍ အကောင်းကို မြတ်နိုးလော့” ဟူသော သမ္မာကျမ်းစာ၏  ဆုံးမစကားကို  လိုက်နာကြရမည်။—အာမုတ် ၅:၁၅ခမ။

နက္ခတ်ဗေဒင်သည်  အနာဂတ်အကြောင်း  လူတို့၏သိလိုစိတ်ကို အလွန်ပြင်းပြစေသည်။ အနာဂတ်အကြောင်း သိနိုင်ပါသလော။ သိနိုင်သည်ဆိုလျှင် မည်သို့အားဖြင့်နည်း။ မနက်ဖြန်၊ နောက်လ သို့မဟုတ် နောက်နှစ်တွင် ကျွန်ုပ်တို့ တစ်ဦးစီ မည်သို့ဖြစ်မည်ကို မသိရှိနိုင်ကြောင်း သမ္မာကျမ်းစာက ဆို၏။ (ယာကုပ် ၄:၁၄) သို့တိုင် လူသားတစ်ရပ်လုံးအနေနှင့် အနာဂတ်တွင် မည်သို့ ဖြစ်မည်ကိုကား သမ္မာကျမ်းစာတွင် ခြုံငုံဖော်ပြထားသည်။ ကျွန်ုပ်တို့အား ယေရှု ဆုတောင်းခိုင်းသည့် ဘုရားသခင့်နိုင်ငံတော်သည် မကြာမီ ကမ္ဘာမြေကြီးအပေါ် အုပ်ချုပ်တော့မည်ကို ကျမ်းစာက အသိပေးသည်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀) ထို့ပြင် လူသားတို့ ခံစားနေရသော ဆင်းရဲဝေဒနာများသည် မကြာမီ အဆုံးတိုင်တော့မည်ဖြစ်သည်။ (ဟေရှာယ ၆၅:၁၇; ဗျာ. ၂၁:၄) ဘုရားသခင်သည် လူသားတို့၏ဘ၀တွင် အဘယ်အရာဖြစ်ပျက်မည်ကို ကြိုတင်ပြဋ္ဌာန်းမည့်အစား ကိုယ်တော့်အကြောင်းနှင့် လူသားတို့၏အကျိုးအတွက် ကိုယ်တော်လုပ်ဆောင်ပေးမည့်အရာတို့ကို လေ့လာသင်ယူရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်တော်မူသည်။ မည်သို့သိနိုင်သနည်း။ “ဘုရားသခင်၏အလိုတော်မှာ လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာရန်ဖြစ်၏” ဟူ၍ သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြသည်။—၁ တိမောသေ ၂:၄

အလွန်ခံ့ညားသော မိုးကောင်းကင်နှင့် ယင်းတွင် ရှိရှိသမျှသောအရာတို့သည် ကျွန်ုပ်တို့၏ဘ၀ကို မထိန်းချုပ်နိုင်ပါ။ သို့အစား ယေဟောဝါသည် တန်ခိုးကြီးရှင် ဘုရားသခင်ဖြစ်ကြောင်း ယင်းတို့က ဖော်ပြသည်။ (ရောမ ၁:၂၀) ယင်းတို့သည် မုသာဝါဒကို ငြင်းပယ်ရန်၊ အောင်မြင်သောဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ယုံကြည်စိတ်ချရသော လမ်းညွှန်မှုအတွက် ဘုရားသခင်နှင့် သမ္မာကျမ်းစာကို အားထားရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးနိုင်ပါသည်။ ‘ထာ၀ရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာ၀ရဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’—သု. ၃:၅၊ ၆

[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]

မာယာလူမျိုးသည် နက္ခတ်ဗေဒင်အတတ်ပညာကို အလွန်လေ့လာလိုက်စားခဲ့ကြ

[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]

‘လျှို့ဝှက်ခက်ခဲသောအရာများကို ဖော်ပြတော်မူသော ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူပါ၏။ ထိုဘုရားသခင်သည် အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်ပျက်မည်ကို ဖွင့်ပြတော်မူပါမည်’

[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]

မာယာလူမျိုးသည် နက္ခတ်ဗေဒင် တွက်ချက်ရာတွင် တိကျသော်လည်း လူမျိုးလိုက် ပျောက်ကွယ်သွားသည်ကို သူတို့ကိုယ်တိုင် မှန်ကန်စွာ မတွက်ချက်နိုင်ခဲ့

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

EL CARACOL OBSERVATORY, CHICHÉN ITZÁ, YUCATÁN, MEXICO, 750-900 C.E.

[Picture Credit Lines on page 19]

စာမျက်နှာ ၁၈ နှင့် ၁၉၊ လက်ဝဲမှ လက်ယာသို့– ကြယ်များ– NASA, ESA, and A. Nota (STScI); Mayan calendar: © Lynx/Iconotec com/age fotostock; Mayan astronomer: © Albert J. Copley/age fotostock; Mayan observatory: El Caracol (The Great Conch) (photo), Mayan/Chichen Itza, Yucatan, Mexico/Giraudon/The Bridgeman Art Library