မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

သမ္မာကျမ်းစာမှတ်တမ်းများတွင် မကြာခဏ ဖော်ပြလေ့ရှိသည့် မြို့တံခါး ဟူသည် အဘယ်နည်း။

ကျမ်းစာခေတ်တွင် မြို့များစွာကို ခိုင်ခံ့သောတံတိုင်းများဖြင့် ကာရံထားကြသည်။ မြို့တံခါးများ၏ အတွင်းဘက်တွင် ပြည်သူ့ရင်ပြင်များရှိပြီး ထိုတွင် အချင်းချင်းတွေ့ဆုံရန်၊ အရောင်းအဝယ်ပြုလုပ်ရန်၊ သတင်းပြောကြားရန် လူတို့စုဝေးကြသည်။ ထိုနေရာတွင် လူထုအတွက် ကြေညာချက်များ ထုတ်ပြန်ပြီး ပရောဖက်များကလည်း မိမိတို့၏သတင်းစကားကို ဟောကြားကြသည်။ (ယေရမိ ၁၇:၁၉၊ ၂၀) The Land and the Book စာစောင်က ဤသို့ဆိုသည်– “အရောင်းအဝယ်အများစုကို မြို့တံခါးများ၌ သို့မဟုတ် ၎င်းတို့အနီးတစ်ဝိုက်၌ ပြုလုပ်ကြသည်။” ရှေးခေတ်အစ္စရေးပြည်ရှိ မြို့တံခါးများသည် ယနေ့ခေတ် မြို့များရှိ ပြည်သူ့ရင်ပြင်နှင့် အလွန်ဆင်တူသည်။

ဥပမာ၊ အာဗြဟံသည် “ဟေသအမျိုးသားပရိသတ်၌၊ မြို့တံခါးသို့ဝင်သောသူအပေါင်းတို့ရှေ့မှာ” ဧဖရုန်ထံမှ မြေကွက်ကို ဝယ်ယူ၍ မိသားစုအတွက် သင်္ချိုင်းမြေ ပြုလုပ်ခဲ့သည်။ (ကမ္ဘာဦး ၂၃:၇-၁၈) ဗောဇသည် ဘက်သလီဟင်မြို့ရှိ အသက်ကြီးသူများကို မြို့တံခါးသို့လာကြဖို့ ဖိတ်ခေါ်သည့်အခါ သူတို့ရောက်ရှိလာကြသည်။ ထိုအခါ သူသည် မရီးကိုလက်ထပ်ယူရသည့် ပညတ်ကို လိုက်နာသည့်အနေဖြင့် ရုသနှင့် ဆုံးပါးသွားသော ခင်ပွန်း၏အမွေနှင့်ပတ်သက်၍ ထိုသူတို့နှင့် ဆွေးနွေးခဲ့သည်။ (ရုသ ၄:၁၊ ၂) မြို့ရှိအသက်ကြီးသူများသည် အမှုကြားနာရန်၊ ဆုံးဖြတ်ချက်များချရန်၊ သေဒဏ်ပေးရန် မြို့တံခါးတွင် ထိုင်ကြသည်။—တရားဟောရာ ၂၁:၁၉

အရည်အသွေးကောင်းသောရွှေ ထွက်ရှိရာ နေရာအဖြစ် ကျမ်းစာကရည်ညွှန်းသည့် ဩဖိရမြို့သည် မည်သည့်အရပ်တွင်ရှိသနည်း။

“ဩဖိရရွှေ” အကြောင်းကို ယောဘကျမ်းတွင် ဦးဆုံးဖော်ပြထားပြီး ယင်းကို “ရွှေစင်” နှင့်နှိုင်းယှဉ်ထားသည်။ (ယောဘ ၂၈:၁၅၊ ၁၆) ယောဘခေတ်နောက်ပိုင်း အနှစ် ၆၀၀ ခန့်တွင် ဘုရင်ဒါဝိဒ်သည် ဂျေရုဆလင်မြို့ရှိ ယေဟောဝါဘုရားသခင်၏ ဝတ်ပြုရာအိမ်တော် တည်ဆောက်ရန် “ဩဖိရရွှေ” ကိုစုဆောင်းခဲ့သည်။ သူ၏သား ရှောလမုန်လည်း ဩဖိရမြို့မှ ထွက်ရှိသောရွှေကို တင်သွင်းခဲ့သည်။—၁ ရာဇဝင်ချုပ် ၂၉:၃၊ ၄; ၃ ဓမ္မရာဇဝင် ၉:၂၈

ရှောလမုန်ဘုရင်သည် ပင်လယ်နီအနားက ဧဇယုန်ဂါဗာမြို့တွင် တည်ဆောက်သော သင်္ဘောများကိုပိုင်ဆိုင်ပြီး ထိုသင်္ဘောများဖြင့် ဩဖိရမြို့မှ ရွှေများကို သယ်ဆောင်လာသည်ဟု ကျမ်းစာတွင် ဖော်ပြထား၏။ (၃ ဓမ္မရာဇဝင် ၉:၂၆) ဧဇယုန်ဂါဗာမြို့သည် အက္ကဘာပင်လယ်ကွေ့၏ ထိပ်တွင်ရှိသော၊ ယနေ့ခေတ် အဲလက်နှင့် အက္ကဘာမြို့အနီးတွင် တည်ရှိသည်ဟု ကျမ်းပညာရှင်များက ယူဆကြသည်။ သင်္ဘောများသည် ဩဖိရမြို့တည်ရှိနိုင်သော ပင်လယ်နီတစ်လျှောက်ရှိ မည်သည့်နေရာသို့မဆို ထိုမြို့မှ သွားရောက်နိုင်သည်။ ထို့ပြင် ပို၍ဝေးလံသော အာဖရိက သို့မဟုတ် အိန္ဒိယကမ်းရိုးတန်းတစ်လျှောက်ရှိ အရောင်းအဝယ်ပြုလုပ်သည့် နေရာများသို့လည်း သွားရောက်နိုင်သည်။ သို့သော် ဩဖိရမြို့သည် ရှေးခေတ်ရွှေတွင်းများရှိရာ အာရေဗျကျွန်းဆွယ်တွင် တည်ရှိသည်ဟု အချို့သူများက ယူဆကြသည်။ ထိုကျွန်းဆွယ်တွင် ယနေ့ခေတ်ထိတိုင် ရွှေများထွက်ရှိနေဆဲပင်။

လူတချို့က ရှောလမုန်၏ ရွှေတွင်းများသည် အမှန်တကယ်မရှိခဲ့ဟု ယူဆကြရာ ယင်းနှင့်ပတ်သက်၍ အီဂျစ်သမိုင်းပညာရှင် ကဲနက် အေ. ကစ်ချင်းက ဤသို့ဆိုသည်– “ဩဖိရမြို့သည် ဒဏ္ဍာရီထဲက မြို့တစ်မြို့မဟုတ်ပါ။ ဘီစီ ရှစ်ရာစုခန့်က ဖြစ်နိုင်သော ဟီဘရူးလူမျိုး၏ မြေထည်အပိုင်းအစတစ်ခုတွင် ‘ဗေသောရုန်မြို့အတွက် အလေးချိန် ၃၀ ရှယ်ကယ်လ်ရှိ ဩဖိရရွှေ’ ဟူသော စာတိုတစ်ခုကို ရှင်းလင်းစွာ ရေးထိုးထားသည်။ ဩဖိရမြို့သည် အမှန်ပင် ရွှေထွက်ရှိရာမြို့ ဖြစ်သည်။ အီဂျစ်စာများတွင် တွေ့ရသော ‘အာမာအူရွှေ၊’ ‘ပန့်ရွှေ’ သို့မဟုတ် ‘ကုရှရွှေ’ တို့ကဲ့သို့ပင် ဩဖိရရွှေသည် ဒေသ သို့မဟုတ် ယင်းဒေသထွက် ရွှေအမျိုးအစား သို့မဟုတ် ရွှေအရည်အသွေးကို အစွဲပြု၍ခေါ်ဝေါ်ခြင်း ဖြစ်နိုင်သည်။”

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

အာဗြဟံသည် မြို့တံခါးနားတွင် မြေကွက်ဝယ်ယူနေ

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ဩဖိရဟူ၍ ရေးထိုးထားသော မြေထည်အပိုင်းအစ

[Credit Line]

Collection of Israel Antiquities Authority, Photo © The Israel Museum, Jerusalem