မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပြစ်နှင့်ပတ်သက်သော လူတို့၏သဘောထားကို အဘယ်အရာက ပြောင်းလဲစေခဲ့

အပြစ်နှင့်ပတ်သက်သော လူတို့၏သဘောထားကို အဘယ်အရာက ပြောင်းလဲစေခဲ့

အပြစ်နှင့်ပတ်သက်သော လူတို့၏သဘောထားကို အဘယ်အရာက ပြောင်းလဲစေခဲ့

“လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်ုပ်တို့၏ ကနဦးမိဘများဖြစ်သော အာဒံနှင့်ဧ၀ အပြစ်ကျူးလွန်ခဲ့သည့်အတွက် ကျွန်ုပ်တို့တွင်လည်း အပြစ်ပါလာသည်ဟူသော ယူဆချက်ကို ယနေ့ခေတ် လူတို့ မနှစ်သက်ကြပေ။ ထို့ပြင် အပြစ်နှင့်ပတ်သက်သော သဘောတရားကိုလည်း လက်မခံကြပေ။ . . . အဒေါ့ဖ်ဟစ်တလာနှင့် ဂျိုးဇက်စတာလင်ကဲ့သို့သော ပုဂ္ဂိုလ်များ အပြစ်ကျူးလွန်ခဲ့ကြသည်မှာ  မှန်သော်လည်း  ကျန်လူသားများကမူ  အပြစ်ကင်းသည်။”—The Wall Street Journal.

အထက်ပါဖော်ပြချက်အရ ယနေ့လူအများစုသည် အပြစ်ဟူသော သဘောတရားကို လက်မခံကြတော့ချေ။ အဘယ်ကြောင့်နည်း။ လူတို့၏သဘောထားကို အဘယ်အရာက ပြောင်းလဲစေခဲ့ပြီနည်း။ ယနေ့ခေတ်  လူတို့လက်မခံနိုင်ဖြစ်နေသော  အပြစ်နှင့်ပတ်သက်သည့် သဘောတရားမှာ အဘယ်နည်း။

အပြစ်ဟုဆိုရာတွင် ကျွန်ုပ်တို့၏ ကနဦးမိဘများမှရရှိခဲ့သည့် အပြစ်နှင့် ကျွန်ုပ်တို့ကိုယ်တိုင် ကျူးလွန်သောအပြစ်ဟူ၍ နှစ်မျိုးရှိသည်။ ပထမတစ်ခုသည် မွေးကတည်းက ပိုင်ဆိုင်လာသောအရာဖြစ်သောကြောင့် ယင်းကို ကျွန်ုပ်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်မခံ၍မရ။  ဒုတိယတစ်ခုမှာ  အပြစ်ရှိမှန်းသိလျက်နှင့် တမင်ကျူးလွန်တတ်ခြင်းကိုဆိုလိုသည်။ ထိုအပြစ်နှစ်မျိုးအကြောင်း သေချာသုံးသပ်ကြည့်ကြစို့။

ကျွန်ုပ်တို့သည် ကနဦးမိဘများထံမှ အပြစ်ကို အမွေရရှိခဲ့သလော

အာဒံနှင့်ဧ၀သည် ၎င်းတို့၏အပြစ်ကို လူသားအားလုံးထံ လက်ဆင့်ကမ်းခဲ့ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် အပြစ်ပါလျက် မွေးဖွားလာကြ၏။ “မဖြောင့်မတ်မှုအားလုံးသည် အပြစ်ဖြစ်၏” ဟုကျမ်းစာကဆိုသည်။—၁ ယောဟန် ၅:၁၇

ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော၊ တာဝန်ယူစရာလည်းမလိုသော ရှေးတုန်းက ပြုခဲ့သည့်အမှားကြောင့် လူသားအားလုံး အပြစ်ပါလျက်  မွေးဖွားလာခဲ့သည်  ဟူသောအချက်ကို ခရစ်ယာန်များစွာက နားမလည်ကြသည့်အပြင် လက်လည်းမခံနိုင်ကြချေ။ အပြစ်ဟူသောသဘောတရားနှင့်ပတ်သက်၍  လူတို့၏တုံ့ပြန်မှုမှာ  “စိတ်ကသိကအောက်ဖြစ်ခြင်း၊ လုံး၀ငြင်းပယ်ခြင်း၊ စကားအရ ထောက်ခံကြသော်လည်း လက်တွေ့မကျင့်ခြင်း” တို့ဖြစ်သည်ဟု ခရစ်ယာန်ဓမ္မပညာပါမောက္ခ အက်ဒ်ဝါ့ဒ် အုက်စ်ကဆိုသည်။

အမွေရခဲ့သောအပြစ်နှင့်ပတ်သက်သည့် သဘောတရားကို လူတို့လက်ခံရခက်သည့် အကြောင်းရင်းတစ်ခုမှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၏ သွန်သင်ချက်များကြောင့်ဖြစ်သည်။ ဥပမာ၊ မွေးကင်းစကလေးများသည် အပြစ်များခွင့်လွှတ်ခံရရန် နှစ်ခြင်းခံဖို့လိုသည်ဟူသော အချက်ကို ငြင်းပယ်သူတိုင်းအား ကက်သလစ်အသင်းက ဦးစီးကျင်းပသည့်  ထရန့်ကောင်စီအစည်းအဝေး  (၁၅၄၅-၁၅၆၃)  တွင် ပြစ်တင်ရှုတ်ချခဲ့သည်။ မွေးကင်းစကလေးသည် နှစ်ခြင်းမခံဘဲ သေဆုံးသွားပါက သန့်စင်မခံရသေးသော ၎င်း၏အပြစ်ကြောင့် ကောင်းကင်သို့ မည်သည့်အခါမျှ တက်ရတော့မည်မဟုတ်ဟု ကက်သလစ်ကျမ်းပညာရှင်များက ဆိုသည်။ ပရိုတက်စတင့်တစ်ဦးဖြစ်သူ ကျမ်းပညာရှင် ကယ်လ်ဗင်ကမူ ဤသို့သွန်သင်ခဲ့သည်– ‘မွေးကင်းစကလေးများသည် မိခင်၏ဝမ်းတွင်းကပင် အပြစ်ပါလာပြီးသားဖြစ်၏။ ထိုမွေးရာပါအပြစ်သည် ဘုရားသခင့်ရှေ့တွင် အလွန်မနှစ်မြို့ဖွယ်ဖြစ်သည်။’

အမွေရလာသောအပြစ်ကြောင့် အပြစ်မဲ့သော မွေးကင်းစကလေးများ ညှဉ်းဆဲခံရမည်ဟူသော အယူအဆသည် လူ့သဘောသဘာ၀နှင့်ဆန့်ကျင်ကြောင်း လူအများစု အလိုလိုနားလည်ကြသည်။ မွေးရာပါအပြစ်ရှိသည်ဟူသော အယူအဆကို လူတို့လက်မခံရသည့် အကြောင်းရင်းမှာ  ထိုသွန်သင်ချက်ကြောင့်  ဖြစ်နိုင်သည်။  နှစ်ခြင်းမခံသေးသော  မွေးကင်းစကလေးများ  မီးငရဲတွင်  ညှဉ်းဆဲခံရမည်ဟူသောအချက်ကို  ဘာသာရေးခေါင်းဆောင်တချို့ပင်  လက်မခံနိုင်ကြချေ။ ထို့ကြောင့် မွေးကင်းစကလေးငယ်များ၏ ကြမ္မာသည် ယတိပြတ်မပြောနိုင်သော အချက်ဖြစ်နေဆဲပင်ဟု သူတို့ဆိုကြ၏။ ထိုအယူအဆသည် ခရစ်ယာန်အယူဝါဒဖြစ်မလာသော်လည်း နှစ်ခြင်းမခံသော ကလေးငယ်များ၏ ဝိညာဉ်သည် လင်ဘိုဟုခေါ်သော အရပ်တွင် နေထိုင်ရမည်ဟု  ကက်သလစ်အသင်းက  သွန်သင်လာသည်မှာ နှစ်ပေါင်းများစွာတိုင်လေပြီ။ *

မွေးရာပါအပြစ်ကို အယုံအကြည်လျော့နည်းသွားစေသည့် နောက်အချက်တစ်ခုမှာ ၁၉ ရာစုမှ အတွေးအခေါ်ပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် ကျမ်းပညာရှင်များက သမ္မာကျမ်းစာမှတ်တမ်းများကို သမိုင်းဝင်ဖြစ်ရပ်မှန်များအဖြစ် လက်ခံသင့်မသင့် စောဒကတက်ခဲ့ကြသောကြောင့်ဖြစ်သည်။  ဒါဝင်၏ဆင့်ကဲသီအိုရီအရ  အာဒံနှင့်ဧ၀မှတ်တမ်းသည် ဒဏ္ဍာရီမျှသာဖြစ်၏ဟု လူများစွာက ယူဆလာကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ထွက်စကားမဟုတ်ဘဲ ကျမ်းရေးသူတို့၏ အတွေးအခေါ်နှင့် ယုံကြည်ချက်များကို ဖော်ပြသောစာအုပ်မျှသာဖြစ်သည်ဟု  ယနေ့ခေတ်လူများက သတ်မှတ်ကြသည်။

သို့ဆိုလျှင် လူသားတို့သည် ကနဦးမိဘထံမှ အပြစ်ကို လက်ခံရရှိခဲ့သည်ဟူသော အယူအဆသည် မည်သို့ဖြစ်သွားပြီနည်း။ အာဒံနှင့်ဧ၀တို့  အမှန်တကယ်အသက်မရှင်ခဲ့ဟု  ခရစ်ယာန်များလက်ခံလိုက်မည်ဆိုလျှင်  သူတို့ထံမှ  အပြစ်ကိုလည်း  လက်ခံရရှိမည်မဟုတ်ဟု ကောက်ချက်ချရတော့သည်။ ထို့ကြောင့် လူသားများ အပြစ်မကင်းကြောင်း ဝန်ခံသူများကပင် မွေးရာပါအပြစ်နှင့်ဆိုင်သော ထိုအယူအဆကို စုံလင်မှုမရှိသော လူ့သဘောသဘာ၀နှင့်ပတ်သက်၍သာ ညွှန်းဆိုကြတော့သည်။

အာဒံနှင့်ဧ၀တို့ထံမှ အပြစ်ကို လူသားတို့ လက်ဆင့်ကမ်းမခံခဲ့ရဟုဆိုလျှင် ကျွန်ုပ်တို့ကိုယ်တိုင် ကျူးလွန်သောအပြစ်နှင့်ပတ်သက်၍ကော မည်သို့ဆိုမည်နည်း။ ထိုအယူအဆလည်း ဘုရားသခင်ကို ပြစ်မှားရာရောက်သလော။

ယင်းသည် အမှန်ပင် အပြစ်ရှိသလော

ကိုယ်တိုင်ကျူးလွန်သောအပြစ်ဟူသည်  အဘယ်နည်းဟု  လူတို့အမေးခံရသောအခါ လူ့အသက်သတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ တပ်မက်ခြင်း၊ လက်မထပ်မီလိင်ဆက်ဆံခြင်း၊ သူ့ဥစ္စာခိုးခြင်းစသော ပညတ်တော်ဆယ်ပါးတွင်ပါသော တားမြစ်ချက်များအကြောင်း စဉ်းစားမိကြသည်။ ထိုအပြစ်များကိုကျူးလွန်ပြီးနောက် နောင်တမယူဘဲ သေဆုံးသွားသူအားလုံး မီးငရဲတွင် ထာ၀စဉ်ညှဉ်းဆဲခံရမည်ဟု ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက ခေတ်အဆက်ဆက် သွန်သင်လာခဲ့ကြသည်။ *

ငရဲမှလွတ်မြောက်လိုလျှင်  အပြစ်များကို  ဖြေလွှတ်ပေးနိုင်သော ခရစ်ယာန်ဘုန်းတော်ကြီးထံ မိမိအပြစ်ကိုဝန်ခံရမည်ဟု ကက်သလစ်အသင်းက ဆိုသည်။ သို့သော် ကက်သလစ်ဘာသာဝင် အများစုအတွက်မူ မိမိအပြစ်ကိုဝန်ခံခြင်း၊ အပြစ်ခွင့်လွှတ်ခံရခြင်း၊ အာပတ်ဖြေခြင်းတို့နှင့်ဆိုင်သော ထုံးတမ်းများသည် အတိတ်တွင် ကျန်ရစ်ခဲ့ရာများ ဖြစ်လာခဲ့ပြီ။ ဥပမာ၊ အီတလီနိုင်ငံရှိ ကက်သလစ်များကို စစ်တမ်းကောက်ကြည့်ရာ ၆၀ ရာခိုင်နှုန်းက ကိုယ့်အပြစ်ကိုဝန်ခံဖို့ ချာ့ခ်ျမသွားကြတော့ကြောင်း တွေ့ရသည်။

ကိုယ်တိုင်ကျူးလွန်သည့်အပြစ်၊ ယင်း၏ဆိုးကျိုးများနှင့်စပ်လျဉ်း၍ ခရစ်ယာန်အသင်းများ၏ အထက်ပါရှင်းပြချက်သည် အပြစ်မကျူးလွန်မိစေရန် လူတို့ကို မတားဆီးပေးနိုင်ကြောင်း ထင်ရှားပါသည်။ ခရစ်ယာန်များစွာသည် ထိုအကျင့်များကို အပြစ်ရှိသည်ဟု မယူဆကြတော့ချေ။ ဥပမာ၊ အရွယ်ရောက်သူနှစ်ဦးသည် သူတစ်ပါးကို မထိခိုက်စေဘဲ နှစ်ဦးသဘောတူ လိင်အကျင့်ယိုယွင်းမည်ဆိုလျှင် အပြစ်မရှိဟု တချို့က ယူဆကြသည်။

အပြစ်ကျူးလွန်သူများသည်  အပြစ်နှင့်ပတ်သက်၍  ၎င်းတို့သွန်သင်ခံခဲ့ရာများကို လက်မခံသောကြောင့် ထိုသို့ယူဆကြခြင်းဖြစ်နိုင်သည်။ ဘုရားသခင်သည် မေတ္တာရှင်ဖြစ်ပါလျက် အပြစ်ကျူးလွန်သူများကို မီးငရဲတွင် ထာ၀စဉ်ညှဉ်းဆဲသည်ဟူသောအချက်ကို လူအများ ယုံရခက်နေသည်မှာ အမှန်ပင်။ ထိုသို့ယုံရခက်နေသည့်အတွက် အပြစ်ကို လူတို့ အလေးအနက်မထားကြတော့ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် အပြစ်နှင့်ပတ်သက်၍ လူတို့ အလေးအနက်မထားရသည့် အခြားအကြောင်းရင်းများလည်း ရှိပါသေးသည်။

စံနှုန်းများကို ငြင်းပယ်ခြင်း

လွန်ခဲ့သော ရာစုနှစ်အနည်းငယ်ခန့်တွင် ဖြစ်ပျက်ခဲ့ရာများကြောင့် လူ့အဖွဲ့အစည်းနှင့် လူ့အတွေးအခေါ်တို့တွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီ။ ကမ္ဘာစစ်ကြီးနှစ်ခု၊ မရေတွက်နိုင်သော စစ်ပွဲငယ်များနှင့်  မျိုးဖြုတ်သတ်ဖြတ်မှုများကြောင့်  အဆက်ဆက်ခံယူလာသော  စံနှုန်းများ၏တန်ဖိုးကို  လူများစွာက  သံသယဝင်လာကြသည်။ ‘လွန်ခဲ့သော ရာစုနှစ်များစွာက သတ်မှတ်ခဲ့ပြီး ခေတ်သစ်အရှိတရားများနှင့် လုံး၀ကင်းကွာနေသော စံနှုန်းများနှင့်အညီနေထိုင်ခြင်းသည် နည်းပညာတိုးတက်နေသော  ယနေ့ခေတ်တွင်  အဓိပ္ပာယ်ရှိပါမည်လော’ ဟုလူတို့ မေးလာကြသည်။ အဓိပ္ပာယ်မရှိဟု ကျိုးကြောင်းဆင်ခြင်မှုကို အဓိကထားသူများနှင့် ကျင့်ဝတ်စံနှုန်းလေ့လာသူများက ကောက်ချက်ချကြသည်။ လူ့အဖွဲ့အစည်းသည် ယူဆချက်ဟောင်းများကို လျစ်လျူရှုပြီး အစွမ်းကုန်တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ ပညာသင်ကြားရမည်ဟု သူတို့ယူဆကြသည်။

ထိုသို့သောကျိုးကြောင်းဆင်ခြင်မှုကြောင့် လူတို့သည် ကျင့်ဝတ်စံနှုန်းများကို  လက်မခံကြတော့ချေ။  ဥရောပနိုင်ငံများစွာတွင် ချာ့ခ်ျတက်သူ မရှိသလောက်ပင်။ မည်သည့်အရာကိုမျှ ရေရေရာရာ လက်ခံခြင်းမရှိသူ  တိုးများလာပြီး  ချာ့ခ်ျ၏သွန်သင်ချက်များသည် အဓိပ္ပာယ်မရှိဟုယူဆကာ  ပြောင်ပြောင်တင်းတင်း  ဆန့်ကျင်သူ များလာသည်။ လူသားတို့သည် ဆင့်ကဲဖြစ်ပေါ်လာပြီး ဘုရားသခင်လည်းမရှိပါက  ကျင့်ဝတ်စံနှုန်းများကို  ထည့်တွက်နေစရာမလိုဟုဆိုကြသည်။

၂၀ ရာစုတွင် အနောက်နိုင်ငံများ၏ လျော့ရဲသောကျင့်ဝတ်များကြောင့် လိင်ဆိုင်ရာ ကိုယ်ကျင့်တရားနှင့်ပတ်သက်သော  ယူဆချက်များ ပြောင်းလဲလာခဲ့သည်။ ဆန္ဒပြမှုများ၊ ယဉ်ကျေးမှုဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ပဋိသန္ဓေတားဆေးများသုံးစွဲခြင်းတို့ကြောင့် ခေတ်အဆက်ဆက် လက်ခံလာသည့် တော်မှန်သောကျင့်ဝတ်များကို ငြင်းပယ်လာကြသည်။ မကြာမီတွင် ကျမ်းစာစံနှုန်းများကိုလည်း ငြင်းပယ်လိုက်ကြ၏။ မျိုးဆက်သစ်တို့သည် အပြစ်နှင့်ပတ်သက်၍ အသစ်သော သဘောထားနှင့် အသစ်သော ကိုယ်ကျင့်တရားတို့ကို ထောက်ခံလာကြသည်။ လိင်အကျင့်ယိုယွင်းမှုကို လက်ခံဖို့ သူတို့သုံးနှုန်းသောစကားမှာ “အချစ်စိတ်သည် တစ်ခုတည်းသော ပညတ်ဖြစ်၏” ဟု စာရေးဆရာတစ်ဦးက ဆိုသည်။

လူ့အကြိုက်လိုက်သော ဘာသာတရား

အမေရိကန်နိုင်ငံရှိ အခြေအနေတစ်ရပ်နှင့်စပ်လျဉ်း၍ နယူးစ်ဝိခ်မဂ္ဂဇင်းက ဤသို့ပွင့်လင်းစွာ ဖော်ပြထားသည်– “တရားဟောဆရာများသည် ပရိသတ်ကြားလိုရာကိုသာ ဟောပြောကြသည်။ သို့မဟုတ်ပါက ပရိသတ်သည် အခြားချာ့ခ်ျသို့ သွားတက်ကြပေမည်။” ပရိသတ်များကို ကျင့်ဝတ်စံနှုန်းများအကြောင်း အကြီးအကျယ်ဟောပြောပါက အသင်းသားများ လျော့နည်းသွားမည်ကို သူတို့စိုးရိမ်နေကြသည်။ စိတ်နှိမ့်ချမှု၊ ကိုယ့်ကိုယ်ကိုယ်ပဲ့ပြင်မှုနှင့် အကျင့်သီလစင်ကြယ်မှုတို့ကို မွေးမြူရမည်၊ ကိုယ့်ကိုယ်ကိုယ်သိစိတ်၏သတိပေးချက်ကို နားထောင်ကာ အပြစ်များကို နောင်တယူရမည်ဟူသော အကြောင်းအရာများကို လူတို့ မကြားလိုတော့ချေ။ ထို့ကြောင့် “ပရိသတ်အတွက် နားထောင်ကောင်းမည့်အရာ၊ အများစုအတွက် အမှန်ဖြစ်မည်ဟု ယူဆသောအရာ၊ ခရစ်ဝင်ကျမ်းများအကြောင်းကို ဘေးချိတ်ထားပြီး ငါသာပဓာနဟူသော အယူအဆကို အသားပေးသည့်အရာ” ဟူ၍ ရှီကာဂိုဆန်းတိုင်းမ်စာအုပ်တွင် ဖော်ပြထားရာများကို ခရစ်ယာန်အသင်းများစွာက လက်ခံလျက်ရှိသည်။

ထို့ကြောင့် ဘုရားသခင်အကြောင်း ကြိုက်သလိုအနက်ဖွင့်ဆိုကြသော ဘာသာရေးအယူအဆတစ်မျိုး ပေါ်ပေါက်လာသည်။ ယင်းက ချာ့ခ်ျများတွင် ဘုရားသခင်နှင့် ကိုယ်တော်တောင်းဆိုရာများကို အဓိကမထားတော့ဘဲ လူ့အကြောင်းနှင့် ကိုယ့်ဂုဏ်ကိုမြှင့်တင်စေမည့် အကြောင်းအရာများကိုသာ အသားပေးဟောပြောစေသည်။ ချာ့ခ်ျ၏အဓိကရည်ရွယ်ချက်မှာ  အသင်းသားများ၏လိုအပ်ချက်ကို  ဖြည့်ဆည်းပေးရန်သာ ဖြစ်နေသည်။ ဤသို့ဖြင့် သူတို့သည် မည်သည့်အယူဝါဒမျှမရှိသော အနှစ်မပါသည့် ဘာသာတရားကို ခံယူရတော့သည်။ “ခရစ်ယာန်များ၏ ကျင့်ဝတ်စံနှုန်းများနေရာတွင် မည်သည့်အရာက အစားထိုးဝင်ရောက်နေသနည်း”  ဟူသောမေးခွန်းကို ဝေါလ်စထရိဂျာနယ်တွင် မေးထား၏။ “သူတစ်ပါး၏ လုပ်ဆောင်ချက်မှန်သမျှကို မဝေဖန်ဘဲ သဘောထားကြီးကြီးဖြင့် ခွင့်ပြုရမည်ဟူသော စာရိတ္တဆိုင်ရာအတွေးအခေါ်က အစားထိုးနေပြီ” ဟု ထိုဂျာနယ်တွင်ပင် ဖော်ပြထားသည်။

ယင်းတို့ကြောင့်  ပေါ်ပေါက်လာသော  သဘောထားမှာ  လူ့အကြိုက်လိုက်သော အဘယ်ဘာသာတရားမဆို ကောင်း၏ဟူသော စိတ်သဘောထားဖြစ်သည်။ ထိုသဘောထားကို ခံယူသူများသည် “ကိုယ်ကျင့်တရားနှင့်ပတ်သက်လျှင် တောင်းဆိုချက်များ၊ ဝေဖန်ချက်များမရှိသော  အဘယ်ဘာသာရေးယုံကြည်ချက်ကိုမဆို  လက်ခံကျင့်သုံးတတ်” ကြောင်း ဝေါလ်စထရိဂျာနယ်တွင် ဖော်ပြထားသည်။ ထို့ပြင် ချာ့ခ်ျများသည် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ အသင်းသားများကို ဘာမျှမတောင်းဆိုတော့ဘဲ သူတို့နှစ်သက်သည့် ဘ၀ပုံစံအတိုင်း နေထိုင်ခွင့်ပြုလျက်ရှိသည်။

အထက်ပါအချက်များသည် ပထမရာစုတွင် တမန်တော်ပေါလုရေးခဲ့သော ပရောဖက်ပြုချက်ကို ဖတ်ရှုသူများအား သတိရစေပေမည်။  “လူတို့သည်  အကျိုးဖြစ်ထွန်းသော  သွန်သင်ချက်ကို နားမထောင်လိုတော့ဘဲ မိမိတို့ကြားလိုရာများ ပြောပေးမည့် ဆရာတို့ကို ရှာဖွေကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။ သူတို့သည် အမှန်တရားကို နားမထောင်ဘဲ ဒဏ္ဍာရီပုံပြင်များကိုကား နားထောင်ကြမည်” ဟုပေါလု ရေးခဲ့သည်။—၂ တိမောသေ ၄:၃၊ ၄

အပြစ်ကို  ခွင့်ပြုသော၊  အပြစ်တည်ရှိခြင်းကို  ငြင်းပယ်သော၊ ကျမ်းစာသွန်သင်ရာကို ဟောမည့်အစား အသင်းသားများ ကြားလိုရာကိုသာ  သွန်သင်ပေးသော  ဘာသာရေးခေါင်းဆောင်များသည် အသင်းသားများကို အလွန်ထိခိုက်နစ်နာအောင် ပြုလုပ်နေခြင်းဖြစ်သည်။ ယင်းသည် အလွန်မှားယွင်းပြီး အန္တရာယ်ကြီးလှသည်။ သူတို့သည် ခရစ်ယာန်ဘာသာ၏ အဓိကသွန်သင်ချက်ကို တလွဲသင်ပေးနေခြင်းဖြစ်သည်။  ယေရှုနှင့်တမန်တော်များ သွန်သင်ခဲ့သော သတင်းကောင်းတွင် အပြစ်နှင့်ခွင့်လွှတ်မှုသည် အဓိကအပိုင်းဖြစ်၏။ ယင်းနှင့်ပတ်သက်၍ ပိုမိုသိနိုင်ရန် နောက်ဆောင်းပါးကို ဆက်ဖတ်ကြည့်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 လင်ဘိုသည် ကျမ်းစာကိုအခြေမခံသော သွန်သင်ချက်ဖြစ်ပြီး လူများစွာကို စိတ်ရှုပ်ထွေးစေခဲ့သည်။ ထို့ကြောင့် ထိုသွန်သင်ချက်ကို ကက်သလစ်အသင်း၏ မကြာသေးမီက ထုတ်ဝေသော ဘာသာရေးအမေးအဖြေစာအုပ်မှ ထုတ်ပယ်လိုက်၏။ စာမျက်နှာ ၁၀ ရှိ “အယူဝါဒ လုံး၀ပြောင်းလဲခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။

^ အပိုဒ်၊ 14 မီးငရဲတွင် ထာ၀စဉ်ညှဉ်းဆဲခံရခြင်းဟူသော ယုံကြည်ချက်ကို သမ္မာကျမ်းစာတွင် မတွေ့ရပါ။ အသေးစိတ်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၆ “သေလွန်သူများ မည်သည့်နေရာတွင် ရှိနေကြသနည်း” တွင် ကြည့်ပါ။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

လူ့အကြိုက်လိုက်သော ဘာသာတရားသည် အကျိုးယုတ်စေ

[စာမျက်နှာ ၆ ပါလေးထောင့်ကွက်]

“အပြစ်နှင့်ပတ်သက်၍ တွေးပူမနေတော့”

“ခရစ်ယာန်များအတွက် အကြီးမားဆုံး ပြဿနာမှာ အပြစ်နှင့်ပတ်သက်သောကိစ္စပင် ဖြစ်၏။ ကျွန်ုပ်တို့သည် ခွင့်လွှတ်မှုလိုအပ်နေသော အပြစ်သားများအဖြစ် မိမိကိုယ်ကိုယ် မရှုမြင်ကြတော့ချေ။ အပြစ်နှင့်ဆိုင်သောကိစ္စသည် ပြဿနာတစ်ခု ဖြစ်ကောင်းဖြစ်ခဲ့ပေမည်။ ယခုမူ ယင်းနှင့်ပတ်သက်၍ တွေးပူမနေတော့။ ချာ့ခ်ျက အပြစ်များအတွက် ဖြေရှင်းချက်ရှာနေချိန်တွင် လူအများစုအတွက်မူ ယင်းသည် အလေးအနက်ထားရမည့် ပြဿနာ မဟုတ်တော့ပါ။”—ဂျွန် အေ. စတူဒီဘေကာ၊ ဂျူနီယာ၊ ဘာသာရေးဆိုင်ရာစာရေးဆရာ။

“‘ကိုယ့်ကိုယ်ကိုယ်ရော၊ အခြားသူတွေကိုပါ အကျင့်စာရိတ္တကောင်းတဲ့သူတွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ မှားတတ်တဲ့သူတွေချည်းပဲဆိုတော့ တတ်နိုင်သလောက်ပဲ ကောင်းအောင်လုပ်တော့မယ်’ ဆိုပြီး လူတွေပြောကြတယ်။ ကိုယ်ကျင့်တရားနဲ့ပတ်သက်လာရင် အလယ်အလတ်လမ်းစဉ်ကိုပဲ လိုက်နေကြပြီး . . . အရေးကြီးတဲ့ အပြစ်နဲ့ဆိုင်တဲ့ကိစ္စကိုတော့ လျစ်လျူရှုထားကြတယ်။”—အဲလ်ဘတ် မိုလာ၊ တောင်ပိုင်းနှစ်ခြင်းကျမ်းစာကျောင်း၏ ကျောင်းအုပ်ကြီး။

“ယခင်က ရှက်စရာကိစ္စများဖြစ်ခဲ့သော ကိလေသာပူပန်ခြင်း၊ စားကြူးခြင်း၊ စည်းစိမ်ဥစ္စာမက်မောလွန်းခြင်း၊ ပျင်းရိခြင်း၊ ဒေါသကြီးခြင်း၊ မနာလိုခြင်းနှင့် မာနကြီးခြင်း တို့သည် ယခုတော့ ဂုဏ်ယူစရာ၊ လက်ခံနိုင်ဖွယ်ရာ ဖြစ်လာကြပြီ။ မိဘများကလည်း ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိဖို့ မာန်မာနကြီးရမည်ဟု သားသမီးများကို သင်ပေးကြသည်။ စားကြူးခြင်းကို အပြစ်ဟူ၍မသတ်မှတ်ရန် ပြင်သစ်စားဖိုမှူးများက ဗက်တီကင်ကို တောင်းဆိုခဲ့ပြီ။ ယနေ့ခေတ်စားနေသော သတင်းမီဒီယာများကို စိတ်ဝင်စားစေဖို့ လူတို့ကို လှုံ့ဆော်ပေးသောအရာမှာ မနာလိုခြင်းဖြစ်၏။ ကြော်ငြာ လုပ်ငန်းများအသုံးပြုနေသော နည်းဗျူဟာတစ်ခုမှာ တပ်မက်ခြင်းဖြစ်သည်။ စော်ကားခံရစဉ် ဒေါသတကြီး တုံ့ပြန်ခြင်းသည် မမှားဟု လူတို့ ရှုမြင်လာကြပြီ။ တစ်ခါတစ်ရံ အပျင်းထူခြင်းသည်လည်း အပြစ်မဟုတ်တော့။”—နန်စီ ဂစ်ဘ်၊ တိုင်းမ်မဂ္ဂဇင်းဆောင်းပါးရှင်။

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ယနေ့ခေတ် လူများစွာသည် အာဒံနှင့်ဧ၀ မှတ်တမ်းကို ဒဏ္ဍာရီအဖြစ်သာ ယူမှတ်ကြ