မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပြစ်နှင့်ပတ်သက်သော အမှန်တရား

အပြစ်နှင့်ပတ်သက်သော အမှန်တရား

အပြစ်နှင့်ပတ်သက်သော အမှန်တရား

လူနာတစ်ဦးသည် အဖျားတိုင်းကိရိယာကို ချိုးလိုက်ခြင်းဖြင့် သူ့တွင်အဖျားမရှိတော့ကြောင်း သက်သေပြနိုင်မည်လော။ လုံး၀မပြနိုင်ပါ။ အလားတူ၊ အပြစ်နှင့်ပတ်သက်၍ ဘုရားသခင့်ရှုမြင်ချက်ကို လူတို့ ငြင်းပယ်လိုက်ရုံဖြင့် အပြစ်တရား မတည်ရှိတော့ဟု မဆိုနိုင်ချေ။ သမ္မာကျမ်းစာတွင် အပြစ်တရားနှင့်စပ်လျဉ်း၍ များစွာဖော်ပြထားသည်။  ယင်းနှင့်ပတ်သက်၍  ကျမ်းစာ၏တိကျသောသွန်သင်ချက်ကို သုံးသပ်ကြည့်ကြစို့။

အပြည့်အ၀လိုက်မမီနိုင်ကြ

လွန်ခဲ့သော  နှစ်ပေါင်းနှစ်ထောင်ခန့်တွင်  တမန်တော်ပေါလုက “ငါသည်  ကျင့်ချင်သော  အကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်မိလေ့ရှိ၏” ဟုစိတ်ပျက်လက်ပျက် ဆိုခဲ့သည်။ (ရောမ ၇:၁၉) ရိုးသားစွာဝန်ခံရမည်ဆိုလျှင် ကျွန်ုပ်တို့တစ်ဦးစီ၏ အခြေအနေမှာလည်း အလားတူပင်ဖြစ်သည်။ ပညတ်တော်ဆယ်ပါး သို့မဟုတ် အခြားကိုယ်ကျင့်တရားစံနှုန်းများနှင့်အညီ နေထိုင်လိုစိတ်ရှိကြသော်လည်း ထိုစံနှုန်းများကို ရာနှုန်းပြည့် လိုက်မမီနိုင်ကြောင်း မလွဲမသွေ လက်ခံရပေမည်။ ကျွန်ုပ်တို့သည် စံနှုန်းတစ်ခုကို တမင်ချိုးဖောက်သည် မဟုတ်သော်လည်း အပြစ်လုပ်လိုသောဆန္ဒကို မလွန်ဆန်နိုင်ခဲ့သောကြောင့် ချိုးဖောက်မိတတ်သည်။ ထိုသို့အဘယ်ကြောင့်ဖြစ်ရသနည်း။ “ငါသည် မကျင့်ချင်သောအကျင့်ကိုကျင့်လျှင် ငါကိုယ်တိုင်ကျင့်သည်မဟုတ်တော့။ ငါ့အထဲ၌တည်နေသော အပြစ်တရားသည်  ကျင့်၏”  ဟုပေါလုကိုယ်တိုင်  အဖြေပေးခဲ့သည်။—ရောမ ၇:၂၀

ပေါလုကဲ့သို့ပင် လူအားလုံးသည် မွေးရာပါအပြစ်နှင့် အားနည်းချက်များကို ကနဦးမိဘများထံမှ အမွေရခဲ့ကြသည်။ လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ အရည်အသွေးတော်များကို အပြည့်အ၀ လိုက်မမီနိုင်ကြကြောင်း ပေါလုဆိုခဲ့သည်။ ထိုသို့အဘယ်ကြောင့် ဖြစ်ရသနည်း။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏” ဟုပေါလုဆက်ဖော်ပြခဲ့သည်။—ရောမ ၃:၂၃; ၅:၁၂

လူသားတို့သည် ကနဦးမိဘများ၏အပြစ်ကြောင့် ဘုရားသခင်နှင့်ကင်းကွာသွားပြီး အပြစ်အနာအဆာကင်းမှုကို ဆုံးရှုံးခဲ့ရသည်။ ထိုအချက်ကို လူများစွာ ငြင်းပယ်ကြသော်လည်း ယင်းသည် အမှန်ပင် ကျမ်းစာသွန်သင်ချက်ဖြစ်၏။ ယေရှုသည် အာဒံနှင့်ဧ၀တို့၏မှတ်တမ်းကို ဖြစ်ရပ်မှန်အဖြစ် ယုံကြည်ကြောင်း ကမ္ဘာဦးကျမ်း၏ အစပိုင်းအခန်းများကို  ကိုးကားခြင်းအားဖြင့်  ဖော်ပြခဲ့သည်။—ကမ္ဘာဦး ၁:၂၇; ၂:၂၄; ၅:၂; မဿဲ ၁၉:၁-၅

ကျမ်းစာပါသတင်းတရား၏ အဓိကအချက်များအနက်  တစ်ခုမှာ ယေရှုကို ယုံကြည်ကြောင်းတင်ပြသူများ အပြစ်မှကယ်လွှတ်ခံရရန် ကမ္ဘာမြေသို့ ကိုယ်တော် ကြွလာခဲ့သည် ဟူသောအချက်ဖြစ်သည်။ (ယောဟန် ၃:၁၆) ကျွန်ုပ်တို့၏အနာဂတ်အသက်တာသည် ကျွန်ုပ်တို့ဘာသာ  မဖြေရှင်းနိုင်သောအကျပ်အတည်းမှ  ကယ်နုတ်ပေးမည့် ဘုရားသခင့်ပြင်ဆင်ချက်ကို  လက်ခံခြင်း၊  လက်မခံခြင်းအပေါ် မူတည်သည်။ သို့သော် ကျွန်ုပ်တို့သည် အပြစ်တရားနှင့်ပတ်သက်၍ ဘုရားသခင့်အမြင်ကို ရေရေရာရာ မသိထားပါက အပြစ်တရားမှ ကယ်နုတ်ပေးမည့်  ကိုယ်တော့်နည်းလမ်းများကို  ကောင်းစွာနားလည်မည် မဟုတ်သည့်အပြင် ကျေးဇူးလည်းတင်မည် မဟုတ်ပါ။

ယေရှုအသေခံဖို့ လိုအပ်ရသည့် အကြောင်းရင်း

ယေဟောဝါဘုရားသခင်သည် ပထမဆုံးလူသားဖြစ်သော အာဒံကို ထာ၀စဉ်အသက်ရှင်ခွင့် မျှော်လင့်ချက်ပေးခဲ့သည်။ ဘုရားသခင်ကို သူ ပုန်ကန်မှသာ ထိုမျှော်လင့်ချက်ကို ဆုံးရှုံးရမည်။ သူ ပုန်ကန်ခဲ့ရာ ထိုအချိန်မှစ၍ သူ အပြစ်သားဖြစ်သွားတော့သည်။ (ကမ္ဘာဦး ၂:၁၅-၁၇; ၃:၆) အာဒံသည် ဘုရားသခင့်အလိုတော်ကို ဆန့်ကျင်ခဲ့သောကြောင့် အပြစ်ရှိလာပြီး ကိုယ်တော်နှင့်ဆက်ဆံရေး ပျက်ပြားသွားခဲ့သည်။ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ခြင်းအားဖြင့် အပြစ်ပြုခဲ့သောကြောင့် သူ တဖြည်းဖြည်း အိုမင်းလာပြီး နောက်ဆုံးတွင် သေဆုံးခဲ့ရတော့သည်။ ဝမ်းနည်းစရာကား အာဒံ၏သားစဉ်မြေးဆက်များဖြစ်သော ကျွန်ုပ်တို့အားလုံး မွေးကတည်းက အပြစ်ပါလာပြီး သေဖို့အကြောင်းဖန်လာခဲ့ရသည်။ အဘယ်ကြောင့်နည်း။

အကြောင်းရင်းမှာ  ရိုးရှင်းလှပါသည်။  အပြစ်ရှိသော မိဘသည် အပြစ်ကင်းသော  သားသမီးများကို မမွေးဖွားနိုင်ပါ။ အာဒံ၏သားစဉ်မြေးဆက် အားလုံးသည် မွေးကတည်းက အပြစ်သားများဖြစ်လာကြရာ “အပြစ်တရား၏အခကား သေခြင်းဖြစ်၏” ဟူ၍ တမန်တော်ပေါလု ဖော်ပြသကဲ့သို့ပင် သေဆုံးကြရတော့၏။ သို့သော် “ဘုရားသခင်၏ ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာ၀ရအသက်ဖြစ်သတည်း” ဟူသော ကျမ်းစကားကြောင့် ကျွန်ုပ်တို့တွင် မျှော်လင့်ချက်ရှိပါသေးသည်။ (ရောမ ၆:၂၃) ဆိုလိုသည်မှာ ယေရှုပေးဆက်ခဲ့သော စုံလင်သည့်အသက်ကြောင့် နာခံမှုရှိသော လူသားတို့သည် အာဒံ၏အပြစ်ဆိုးမွေမှ လွတ်မြောက်နိုင်ကြသည်။ * (မဿဲ ၂၀:၂၈; ၁ ပေတရု ၁:၁၈၊ ၁၉) ယင်းကြောင့် သင်မည်သို့ ခံစားရသနည်း။

ခရစ်တော်၏မေတ္တာသည် “ငါတို့ကို အနိုင်အထက်နှိုးဆော်”

တမန်တော်ပေါလုသည်  အထက်ပါမေးခွန်းကို  ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ဤသို့ဖြေဆိုခဲ့သည်– ‘ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက်နှိုးဆော်၏။ အကြောင်းမူကား၊ တစ်ယောက်သောသူသည် လူခပ်သိမ်းအတွက် အသေခံသည်ဟု  ငါတို့ယူမှတ်ကြ၏။  ထိုသူသည် လူအပေါင်းတို့အတွက် အသေခံတော်မူသဖြင့် အသက်ရှင်သူတို့သည် ကိုယ့်အတွက် အသက်မရှင်တော့ဘဲ မိမိတို့အတွက် အသေခံတော်မူ၍ ထမြောက်တော်မူသော သခင်အတွက် အသက်ရှင်ကြမည်အကြောင်းဖြစ်၏။’ (၂ ကောရိန္သု ၅:၁၄၊ ၁၅) ယေရှု၏သေခြင်းက ကျွန်ုပ်တို့ကို အပြစ်တရား၏ ဆိုးကျိုးများမှ  လွတ်မြောက်စေနိုင်ကြောင်း  သိမှတ်ပြီး  ယင်းအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြလိုလျှင် ဘုရားသခင့်တောင်းဆိုရာများနှင့်အညီ အသက်ရှင်နေထိုင်ဖို့ ကြိုးစားရမည်။ ဆိုလိုသည်မှာ ဘုရားသခင့်တောင်းဆိုရာများကို နားလည်အောင်ကြိုးစားခြင်း၊ ကိုယ့်ကိုယ်ကိုယ်သိစိတ်ကို ကျမ်းစာစံနှုန်းများဖြင့် လေ့ကျင့်ပြီး  ထိုအတိုင်း  အသက်ရှင်နေထိုင်ခြင်းဖြစ်သည်။—ယောဟန် ၁၇:၃၊ ၁၇

မှားယွင်းသောလုပ်ရပ်များသည်  ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေသည်။ ဗာသရှေဘနှင့် အိမ်ထောင်ရေးဖောက်ပြန်ပြီး သူ့ခင်ပွန်းကို သတ်လိုက်ခြင်းက အလွန်ကြီးလေးသောအပြစ်ဖြစ်ကြောင်း ဒါဝိဒ် သိလိုက်ချိန်တွင် သူ အလွန်အရှက်ရခဲ့မည်မှာ သေချာသည်။ သို့သော် သူ့ကို စိတ်သောက ပိုရောက်စေသည့်အရာမှာ ဘုရားသခင်အား သူ မထီမဲ့မြင်ပြုမိပြီ ဟူသောအချက်ဖြစ်၏။ သို့နှင့် သူသည် ဘုရားသခင်ကို ဝမ်းနည်းခြင်းကြီးစွာ ဤသို့ ဝန်ခံခဲ့သည်– “ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။” (ဆာလံ ၅၁:၄) ယောသပ်သည် အိမ်ထောင်ရေးဖောက်ပြန်ဖို့ သွေးဆောင်ခံရသောအခါ သိစိတ်၏လှုံ့ဆော်မှုကြောင့် ဤသို့မေးခဲ့၏– “အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း။”—ကမ္ဘာဦး ၃၉:၉

ထို့ကြောင့် အပြစ်တရားဟူသည် အမှားတစ်စုံတစ်ရာ ကျူးလွန်မိသောကြောင့်  စိတ်မကောင်းဖြစ်ရရုံ  သက်သက်သာ  မဟုတ်ပါ။ ထို့ပြင် ကိုယ်ကျင့်သိက္ခာနှင့်စပ်လျဉ်း၍ လူအများလက်ခံထားသော စံနှုန်းများကို လိုက်မမီနိုင်ခဲ့ကြောင်း ဝန်ခံရုံမျှနှင့်လည်း မဟုတ်ပါ။ လိင်မှု၊ ရိုးသားမှု၊ လေးစားမှု၊ ဝတ်ပြုကိုးကွယ်မှုစသည်တို့နှင့်ဆိုင်သော ဘုရားသခင့်ပညတ်များကို ချိုးဖောက်ခြင်းသည် ဘုရားသခင်နှင့်ဆက်ဆံရေးကို  ပျက်ပြားစေ၏။  ကျွန်ုပ်တို့သည် အပြစ်ကို တမင်တကာပြုကျင့်ပါက  ကိုယ်တော်၏ရန်သူ  ဖြစ်သွားမည်။ ထို့ကြောင့် ယင်းသည် ပေါ့သေးသေးကိစ္စမဟုတ်ပါ။ အလေးအနက်စဉ်းစားရမည့် အမှန်တရားဖြစ်၏။—၁ ယောဟန် ၃:၄၊

သို့ဆိုလျှင်  အပြစ်နှင့်ပတ်သက်သော သဘောတရား  ပြောင်းလဲသွားပြီလော။ မပြောင်းလဲပါ။  လူတို့ကသာ  အပြစ်တရားကို  ယခင်ကလောက် အလေးအနက်မထားကြတော့ခြင်းဖြစ်သည်။  လူများစွာ၏ ကိုယ့်ကိုယ်ကိုယ်သိစိတ်မှာ ထုံထိုင်းသွားပြီး ထိုသိစိတ်၏သတိပေးမှုကို လျစ်လျူရှုလာကြသည်။  ဘုရားသခင်၏  နှစ်သက်မှုရလိုသူတိုင်းသည်  ထိုအခြေအနေမျိုးမရောက်အောင်  တွန်းလှန်ရမည်။ အပြစ်ကျူးလွန်မှုကြောင့်  ပေးဆပ်ရသော  အဖိုးအခသည် ကိုယ့်ကိုယ်ကိုယ်လေးစားမှု  ပျက်စီးသွားရုံ  အရှက်တကွဲဖြစ်ရရုံထက်မကဘဲ  သေခြင်းဖြစ်ကြောင်း  ကျွန်ုပ်တို့  သိခဲ့ရပြီ။ အပြစ်တရားသည်  သေရေးရှင်ရေးနှင့်ဆိုင်သောကိစ္စ  အမှန်ပင် ဖြစ်၏။

ဝမ်းသာစရာမှာ  ကျွန်ုပ်တို့သည်  အပြစ်များကို  စိတ်ရင်းမှန်စွာ နောင်တယူပြီး စွန့်လွှတ်မည်ဆိုလျှင် ဘုရားသခင်သည် ယေရှုပေးဆက်ခဲ့သော  စုံလင်သည့်အသက်၏တန်ဖိုးကို  ထောက်ထားပြီး ကျွန်ုပ်တို့ကို ခွင့်လွှတ်တော်မူမည်။ ပေါလုက ‘အပြစ်ဖြေလွှတ်ခြင်း၊ အပြစ်ဖုံးအုပ်ခြင်းခံရသူတို့သည်  ပျော်ရွှင်ကြ၏။  အပြစ်ရှိသည်ဟု ယေဟောဝါဘုရားသခင် ယူမှတ်တော်မူခြင်း မခံရသူသည် ပျော်ရွှင်၏’ ဟုရေးခဲ့သည်။—ရောမ ၄:၇၊ ၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ယေရှုပေးဆက်ခဲ့သော အသက်သည် နာခံမှုရှိသော လူသားတို့ကို မည်သို့ကယ်တင်နိုင်စွမ်းရှိကြောင်း ပြည့်စုံစွာသိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ် စာမျက်နှာ ၄၇ မှ ၅၄ တွင်ကြည့်ပါ။

[စာမျက်နှာ ၁၀ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

အယူဝါဒ လုံး၀ပြောင်းလဲခြင်း

နှစ်ခြင်းမခံသေးဘဲ သေဆုံးသွားသော ကလေးများ၏ ဝိညာဉ်ရှိရာအရပ်ဟူ၍ ကက်သလစ်တို့ခေါ်ဆိုသော လင်ဘို အကြောင်းကို ၎င်း၏အသင်းသား အများစုပင် ရှင်းရှင်း လင်းလင်း နားမလည်ကြချေ။ လင်ဘိုနှင့်ပတ်သက်သော အယူအဆသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ခန့်တွင် ကက်သလစ်ဘာသာရေး အမေးအဖြေစာအုပ်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။ ၂၀၀၇ ခုနှစ်တွင် ကက်သလစ်အသင်းက လင်ဘိုအယူအဆကို ဆက်မသွန်သင်တော့ရန် တရားဝင်မှတ်တမ်းတင် လက်မှတ်ရေး ထိုးပြီး ပိတ်ပင်လိုက်သည်။ ထိုမှတ်တမ်းတွင် “အယူဝါဒနှင့် ဝတ်ပြုမှုပိုင်းဆိုင်ရာ အကြောင်းရင်းများအရ နှစ်ခြင်းမခံရသေးဘဲ သေဆုံးသွားသော မွေးကင်းစကလေးငယ်များသည် ကယ်တင်ခံရပြီး ကောင်းကင်သို့ ရောက်နိုင်ဖွယ်ရှိကြောင်း မျှော်လင့်ရသည်” ဟု ဖော်ပြထားသည်။—နိုင်ငံတကာ ခရစ်ယာန် အယူဝါဒ ကော်မရှင်အဖွဲ့။

အဘယ်ကြောင့် ထိုသို့ လုံး၀ပြောင်းလဲသွားရသနည်း။ အကြောင်းမှာ ကက်သလစ်ဘာသာရေး ခေါင်းဆောင်များသည် ရှုပ်ထွေးသော ထိုအယူဝါဒကို မရှင်းပြလိုတော့၍ ဖြစ်သည်။ ထို့ပြင် ယင်းသည် “သားသမီးများကို မြန်နိုင်သမျှမြန်မြန် နှစ်ခြင်းပေးရန် မိဘများအား ခြိမ်းခြောက် ဖိအားပေးဖို့ အလယ်ခေတ်မှသည် ၂၀ ရာစုနှစ်တွင် ကက်သလစ်ချာ့ခ်ျက စတင်အသုံးပြုခဲ့သော၊ လူတို့ကို ခေတ်အဆက်ဆက် ဝန်ပိစေခဲ့သော အယူအဆဖြစ်သည်” ဟုပြင်သစ်လူမျိုး သတင်းစာဆရာ အွန်ရီတန့်ခ်ကဆို၏။ သို့သော် ထိုအပြောင်းအလဲကြောင့် အခြားပြဿနာတစ်ခု ပေါ်လာပြန်သည်။

အစဉ်အလာအရလော၊ ကျမ်းစာအရလော လင်ဘိုအယူအဆသည် ၁၂ ရာစုတွင် ငရဲကလေးအယူအဆကို အချေအတင် ဆွေးနွေးရာမှ ပေါ်ပေါက်လာခဲ့သည်။ လူသေပြီးနောက် ဝိညာဉ်ဆက်အသက်ရှင်သည်၊ နှစ်ခြင်းမခံရသေးသောကြောင့် ကောင်းကင်တက်ရန် မဖြစ်နိုင်၊ ငရဲသို့သွားရန်လည်း မထိုက်တန်သော မွေးကင်းစကလေးငယ်များ၏ ဝိညာဉ်များ နေစရာအရပ် လိုအပ်သည်ဟု ကက်သလစ်အသင်းက သွန်သင်ခဲ့၏။ ဤသို့ဖြင့် လင်ဘိုဟူသော အယူအဆ ပေါ်ထွက်လာခဲ့သည်။

သို့ရာတွင် လူသေသော်လည်း ဝိညာဉ်မသေဟု ကျမ်းစာက မသွန်သင်ချေ။ ယင်းအစား ပြစ်မှားသောဝိညာဉ်သည် “သေရမည်” ဟု ကျမ်းစာက ရှင်းလင်းစွာ ဆိုသည်။ (ယေဇကျေလ ၁၈:၄) ဝိညာဉ်သည် သေတတ်သည်ဖြစ်ရာ ဝိညာဉ်များအတွက် နေစရာအရပ်ဖြစ်သော လင်ဘိုလည်း မတည်ရှိချေ။ ထို့ပြင် သေခြင်းသည် အသိတရား လုံး၀ ကင်းမဲ့နေသော အခြေအနေဖြစ်သည့် အိပ်မောကျနေခြင်းနှင့်တူကြောင်း ကျမ်းစာတွင် ဖော်ပြထားသည်။—ဒေ. ၉:၅၊ ၁၀; ယောဟန် ၁၁:၁၁-၁၄

ခရစ်ယာန်မိဘများ၏ သားသမီးငယ်များသည် သန့်ရှင်း၏ဟု ဘုရားသခင် ယူမှတ်ကြောင်း ကျမ်းစာတွင် ဖော်ပြထားသည်။ (၁ ကောရိန္သု ၇:၁၄) မွေးကင်းစကလေးငယ်များ ကယ်တင်ခြင်းရဖို့ နှစ်ခြင်းခံရန်လိုသည်ဆိုလျှင် ထိုကျမ်းစာဖော်ပြချက်သည် အဓိပ္ပာယ်ရှိတော့မည်မဟုတ်ပါ။ လင်ဘိုသွန်သင်ချက်သည် အမှန်အားဖြင့် ဘုရားသခင်ကို စော်ကားရာရောက်၏။ အကြောင်းမှာ ယင်းသည် ဘုရားသခင်ကို တရားမျှတပြီး မေတ္တာကြီးမားသော ဖခင်တစ်ဦးအဖြစ်မဟုတ်ဘဲ အပြစ်မဲ့သူများကို ရက်စက်စွာ ဒဏ်ပေးတတ်သော အရှင်အဖြစ် ရှုမြင်လာစေသောကြောင့်ဖြစ်သည်။ (တရားဟောရာ ၃၂:၄; မဿဲ ၅:၄၅; ၁ ယောဟန် ၄:၈) သို့ဖြစ်၍ ကျမ်းစာကို အခြေမခံသော ထိုသွန်သင်ချက်သည် စိတ်ရင်းမှန်သော ခရစ်ယာန်များအတွက် အဓိပ္ပာယ်မရှိချေ။

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ဘုရားသခင့်နည်းလမ်းတော်များနှင့်အညီ အသက်ရှင်ခြင်းသည် ကိုယ်တော်နှင့်ရော လူသားချင်းနှင့်ပါ ဆက်ဆံရေးကောင်းစေ