မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပြစ်နှင့် ပတ်သက်၍ လူတို့၏သဘောထား ပြောင်းလဲသွားပြီလော

အပြစ်နှင့် ပတ်သက်၍ လူတို့၏သဘောထား ပြောင်းလဲသွားပြီလော

အပြစ်နှင့် ပတ်သက်၍ လူတို့၏သဘောထား ပြောင်းလဲသွားပြီလော

ယခင်က  ချာ့ခ်ျများတွင်  တရားဟောဆရာများသည်  “သေပြစ်ခုနစ်မျိုး” ဖြစ်သော ကိလေသာပူပန်ခြင်း၊ စားကြူးခြင်း၊ စည်းစိမ်ဥစ္စာမက်မောလွန်းခြင်း၊  ပျင်းရိခြင်း၊  ဒေါသကြီးခြင်း၊  မနာလိုခြင်းနှင့်  မာနကြီးခြင်းတို့အကြောင်း ဟောပြောလေ့ရှိသည်။ ထို့ပြင် အပြစ်ကျူးလွန်ခြင်း၏ ဆိုးကျိုးများကို ဖော်ပြကာ နောင်တယူကြရန် ပရိသတ်ကို တိုက်တွန်းလေ့ရှိသည်။ ယခုတွင်မူ တရားဟောဆရာများသည် “ပရိသတ်များ စိတ်ကသိကအောက်ဖြစ်စေမည့် အပြစ်အကြောင်း မဟောတော့ဘဲ ပရိသတ်အကြိုက်တွေ့မည့် အကြောင်းအရာများကိုသာ ရွေးချယ်ဟောပြောလာကြသည်” ဟုစာရေးဆရာတစ်ဦးက ဆို၏။

သတင်းစာဆရာများကလည်း ယင်းအချက်ကို သတိပြုမိလာကြကာ သတင်းစာများတွင် ဤသို့ဖော်ပြထားသည်–

▪ “အပြစ်၊ နောင်တနှင့် ကယ်တင်ခြင်းစသော အကြောင်းအရာများသည် လူကြိုက်မများတော့ဘဲ မိမိကိုယ်ကိုယ်အမွှမ်းတင်ရန်နှင့် မိမိကိုယ်ကိုယ်ချစ်ရန် အားပေးသော ဟောပြောချက်များကသာ ရေပန်းစားနေတော့သည်။”—Star Beacon သတင်းစာ။

▪ “လူတို့တွင် အပြစ်ရှိသည်ဟူသောသိစိတ်၊ အပြစ်ကျူးလွန်မိမည်ကို စိုးရွံ့သောစိတ်တို့ မရှိတော့ချေ။”—Newsweek မဂ္ဂဇင်း။

▪ “‘ငါ့ကို ဘုရားသခင် ဘာတွေလုပ်စေချင်သလဲ’ ဟူ၍မမေးတော့ဘဲ ‘ငါ့အတွက် ဘုရားသခင် ဘာတွေလုပ်ပေးမလဲ’ ဟူ၍သာ တစ်ဖက်သတ် တောင်းဆိုနေတော့သည်။”—Chicago Sun-Times သတင်းစာ။

လူမျိုးရေးနှင့်ဘာသာရေးနောက်ခံ  မတူညီသောလူတို့  အတူယှဉ်တွဲနေထိုင်ကြသည့်  ယနေ့ခေတ်တွင်  သူတစ်ပါး၏  ကိုယ်ကျင့်တရားစံနှုန်းများကို  မဝေဖန်လိုကြတော့ချေ။ အခြားသူများ၏ကိုယ်ကျင့်တရားကို ဝေဖန်မည်ဆိုလျှင် ရိုင်းရာကျသည်ဟု လူတို့ယူဆကြသည်။  အခြားသူများ၏ အပြုအမူများကို ဝေဖန်ခြင်းကပင်အကြီးမားဆုံးအပြစ်  ဖြစ်လာချေပြီ။  ထို့ကြောင့်  ‘သင့်အယူအဆသည်  သင့်အတွက်တော့ ကောင်းပေမည်။ သို့သော် ယင်းကို အခြားသူများလက်ခံဖို့ ဖိအားမပေးပါနှင့်။ ယနေ့ခေတ်တွင် လူတို့သည် စံနှုန်းအမျိုးမျိုးသတ်မှတ်ပြီး ကိုယ့်ဘ၀ကို ကိုယ့်ဘာသာကိုယ် တည်ဆောက်နေကြသည်။ မှန်ကန်ရာကိုသိသူမှာ သင်တစ်ဦးတည်းမဟုတ်။ သင့်စံနှုန်းများသည် သင့်အတွက် ကျိုးကြောင်းညီညွတ်သည့်နည်းတူ အခြားသူများ၏ စံနှုန်းများသည်လည်း ၎င်းတို့အတွက် ကျိုးကြောင်းညီညွတ်သည်’ ဟူ၍ လူတို့ တွေးခေါ်လာကြသည်။

ထိုသို့သော ကျိုးကြောင်းဆင်ခြင်မှုများကြောင့် လူတို့၏သဘောထားများလည်း ပြောင်းလဲသွားလေပြီ။ ကြီးလေးသော အမှားများကို အပြစ်ဟူ၍ပင် မမြင်တော့ချေ။ ဥပမာ၊ လက်မထပ်ဘဲ အတူနေခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ လိင်တူဆက်ဆံခြင်းတို့သည် အပြစ်ကြီး၏ဟု လူတို့ ယခင်က သတ်မှတ်ခဲ့ကြသော်လည်း ယနေ့ခေတ်တွင်မူ ယင်းတို့သည် လက်ခံနိုင်ဖွယ်ရာ သို့မဟုတ် သာမန်ဘ၀ပုံစံများ ဖြစ်လာသည်။

“သာမန်” ဟု လက်ခံထားသောအရာများ သို့မဟုတ် “အပြစ်” ဟု ရှုတ်ချထားသောအရာများနှင့်ပတ်သက်၍ လူတို့၏သဘောထား ပြောင်းလဲသွားသည်မှာ သေချာသည်။ အဘယ်ကြောင့် ထိုသို့ပြောင်းလဲသွားသနည်း။ အပြစ်နှင့်ပတ်သက်သော သဘောတရား ပြောင်းလဲသွားပြီလော။ ယင်းနှင့်ပတ်သက်၍ သင်၏ရှုမြင်ချက်က အရေးကြီးသလော။