မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို အကျိုးရှိရှိဖတ်ရှုနိုင်ရန် အဆင့်ခုနစ်ဆင့်

သမ္မာကျမ်းစာကို အကျိုးရှိရှိဖတ်ရှုနိုင်ရန် အဆင့်ခုနစ်ဆင့်

သမ္မာကျမ်းစာကို အကျိုးရှိရှိဖတ်ရှုနိုင်ရန် အဆင့်ခုနစ်ဆင့်

“သမိုင်းတစ်လျှောက်တွင် သမ္မာကျမ်းစာသည် အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ရုံသာမက နှစ်စဉ်နှစ်တိုင်းလည်း အရောင်းရဆုံးစာအုပ် ဖြစ်နေဆဲပင်။”—TIME MAGAZINE.

“ကျမ်းစာကို တစ်ခါတလေတော့ ဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းပျင်းဖို့ကောင်းတာပဲ။” —အင်္ဂလန်နိုင်ငံမှ နာမည်ကြီးတေးဂီတပညာရှင် ကိသ်။

လူအတော်များများသည် သမ္မာကျမ်းစာအုပ်ကို ပိုင်ဆိုင်ထားပြီး ယင်းကို ဖတ်ရှုကြသော်လည်း အကျိုးရရှိပုံမပေါက်ပေ။ သို့သော် အချို့က ကျမ်းစာကိုဖတ်ရှုပြီး ယင်းမှ အကျိုးများစွာ ရရှိနေကြသည်။ ဥပမာ၊ နန်စီအမည်ရှိ စိတ်ကျဝေဒနာသည် အမျိုးသမီးတစ်ဦးက ဤသို့ဆို၏– “မနက်တိုင်း ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အတွက် တစ်နေ့တာအတွင်း ဘာပြဿနာပဲလာလာ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်။ လွန်ခဲ့တဲ့ ၃၅ နှစ်ကျော်တုန်းက စိတ်ကျဝေဒနာကနေ သက်သာရာရဖို့ နည်းအမျိုးမျိုးနဲ့ ကျွန်မကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာကို မနက်တိုင်း ဖတ်ရှုတဲ့အကျင့်ကြောင့် ကျွန်မရဲ့ဝေဒနာ အတော်လေး သက်သာလာခဲ့တယ်။”

သမ္မာကျမ်းစာကို သင် တစ်ခါမျှ မဖတ်ရသေးလျှင်ပင် အခြားသူများ ယင်းကိုဖတ်ရှုခြင်းမှ အကျိုးရရှိခဲ့ကြသည်ကို သင် စိတ်ဝင်စားပေမည်။ အကယ်၍ သင်သည် ကျမ်းစာဖတ်ရှုနေလျှင် ဖတ်ရှုခြင်းမှ ပို၍အကျိုးခံစားလိုပါသလော။ ခံစားလိုပါလျှင် ဤဆောင်းပါးတွင် ဖော်ပြထားသော အဆင့်ခုနစ်ဆင့်ကို စမ်းကြည့်ပါ။

အဆင့် ၁ ရည်ရွယ်ချက်မှန်ဖြင့် ဖတ်ပါ

▪ သင်သည် သမ္မာကျမ်းစာကို စာကောင်းပေမွန်အဖြစ်,ဖြစ်စေ၊ မဖတ်မနေ ဖတ်ရမည်ဟူသော ခံစားချက်ကြောင့်ဖြစ်စေ၊ ဆင်းရဲခက်ခဲသော လောကတွင် လမ်းညွှန်မှုရရန်အတွက်ဖြစ်စေ ဖတ်ရှုနိုင်ပါသည်။ သို့သော် သင်သည် ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားကို သင်ယူရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကျမ်းစာဖတ်ရှုမည်ဆိုလျှင် အကျိုးများစွာ ရရှိပေလိမ့်မည်။ ထို့ပြင် သမ္မာကျမ်းစာသတင်းတရားက သင့်ဘ၀အပေါ် အကျိုးသက်ရောက်နိုင်မနိုင် သိလိုသည့် ရည်ရွယ်ချက်ဖြင့် ကျမ်းစာဖတ်ရှုမည်ဆိုလျှင် ပို၍ပင် အကျိုးခံစားရပေမည်။

ရည်ရွယ်ချက်မှန်ဖြင့် ကျမ်းစာဖတ်ရှုခြင်း၏ အရေးကြီးမှုကိုဖော်ပြရန် သမ္မာကျမ်းစာကို မှန်တစ်ချပ်ဖြင့် ဤသို့နှိုင်းယှဉ်ထားသည်– “တရားစကားတော်ကို ကြားနာပြီး မကျင့်သုံးသူသည် မိမိ၏ ပကတိမျက်နှာကို မှန်၌ ကြည့်သောသူနှင့်တူ၏။ မိမိမျက်နှာကိုကြည့်ပြီး ထွက်သွားသော် မိမိသည် မည်သို့သောသူဖြစ်ကြောင်း ချက်ချင်း မေ့လျော့တတ်၏။ သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်၀စုံလင်သည့်တရားကို ဇွဲရှိရှိ စေ့စေ့ကြည့်ရှုသူသည် ကြားနာ၍ မေ့လျော့သောသူမဟုတ်ဘဲ ကျင့်သုံးသူဖြစ်၏။ သူသည် ထိုသို့ပြုသောကြောင့် ပျော်ရွှင်လိမ့်မည်။”—ယာကုပ် ၁:၂၃-၂၅

ထိုဥပမာမှလူသည် ၎င်း၏မျက်နှာကို မှန်၌ ကြည့်သော်လည်း ပြုပြင်ခြင်းမရှိခဲ့ပေ။ သူသည် မှန်ကို ဖျပ်ကနဲသာ ကြည့်လိုက်ခြင်းဖြစ်ပေမည်။ သို့မဟုတ် သူ၌ ပြုပြင်လိုစိတ်မရှိခြင်း ဖြစ်ပေမည်။ ထိုနည်းတူ သမ္မာကျမ်းစာကို အသေအချာ မဖတ်လျှင် သို့မဟုတ် ဖတ်ရှုရာကို လိုက်နာကျင့်သုံးခြင်းမရှိလျှင် အကျိုးရရှိမည်မဟုတ်။ သို့သော် ကျွန်ုပ်တို့သည် “ကျင့်သုံးသူ” တစ်ဦး ဖြစ်လိုသည့်သဘောဖြင့် သမ္မာကျမ်းစာကို စေ့စေ့ဖတ်ရှုပြီး ဘုရားသခင့်စဉ်းစားတွေးခေါ်ပုံအတိုင်း စဉ်းစားပြုမူမည်ဆိုလျှင် စစ်မှန်သော ပျော်ရွှင်မှုကို ရရှိနိုင်ပါသည်။

အဆင့် ၂ ယုံကြည်စိတ်ချရသော ဘာသာပြန်ကျမ်းကို ရွေးချယ်ပါ

▪ သင့်ဘာသာစကားဖြင့် ပြန်ဆိုထားသော ဘာသာပြန်ကျမ်း များစွာရှိပေမည်။ မည်သည့်ဘာသာပြန်ကျမ်းကိုမဆို ဖတ်ရှုလျှင် အကျိုးရရှိနိုင်သော်လည်း ဘာသာပြန်ကျမ်းတချို့သည် ရှေးသုံးစကားများ သို့မဟုတ် ပညာရှင်ဆန်သော အသုံးအနှုန်းများကို အသုံးပြုထားသည့်အတွက် နားလည်ရခက်လှ၏။ (တမန်တော် ၄:၁၃) ဘာသာပြန်ကျမ်းတချို့မူ လူ့ထုံးတမ်းဓလေ့များကို အမှီပြု၍ သမ္မာကျမ်းစာ၏ စစ်မှန်သောသတင်းတရားကို ပြောင်းလဲလိုက်ကြသည်။ ဥပမာ၊ ဤမဂ္ဂဇင်း၏ အဖွင့်ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း ဘာသာပြန်ကျမ်းတချို့သည် ဘုရားသခင့်နာမတော် ယေဟောဝါနေရာတွင် “ဘုရားသခင်” သို့မဟုတ် “သခင်” ဟူသော ဘွဲ့နာမများဖြင့် အစားထိုးလိုက်ကြသည်။ ထို့ကြောင့် သင့်အား ဖတ်ရှုချင်စိတ် ဖြစ်ပေါ်လာစေသည့် နားလည်ရလွယ်ကူပြီး တိကျမှန်ကန်စွာ ပြန်ဆိုထားသော ဘာသာပြန်ကျမ်းကို ရွေးချယ်ဖတ်ရှုပါ။

ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် တိကျမှန်ကန်ပြီး နားလည်ရလွယ်ကူသည့်ကျမ်းဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ကျမ်းစာဖတ်ရှုသူများ သိရှိခဲ့ကြသည်။ * ဘူလ်ဂေးရီးယားနိုင်ငံရှိ အသက်ကြီးသူတစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် ယေဟောဝါသက်သေများ၏ အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့ပြီး ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာအုပ်တစ်အုပ် ရရှိခဲ့သည်။ ထို့နောက် သူက “ကျွန်တော် ကျမ်းစာကို နှစ်နဲ့ချီပြီး ဖတ်ရှုခဲ့တယ်။ ဒါပေမဲ့ နားလည်ရလွယ်ကူပြီး ကျွန်တော့်အတွက် အရမ်းအကျိုးရှိတဲ့ ဘာသာပြန်ကျမ်းမျိုးကို အခုမှပဲ ဖတ်ဖူးတော့တယ်” ဟုဆို၏။

အဆင့် ၃ ဆုတောင်းပါ

▪ သမ္မာကျမ်းစာကို ပိုမိုသိနားလည်နိုင်ရန် ယင်း၏အာဘော်ရှင်ထံ အကူအညီတောင်းပါ။ ဆာလံဆရာလည်း ဤသို့အကူအညီတောင်းခဲ့သည်– “တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။” (ဆာလံ ၁၁၉:၁၈) သမ္မာကျမ်းစာကို သင်ဖတ်ရှုတိုင်း နားလည်နိုင်ရန် ဘုရားသခင်ထံ ဆုတောင်းပါ။ သမ္မာကျမ်းစာရရှိထားသည့်အတွက် ကျေးဇူးတင်ကြောင်းလည်း ဆုတောင်းနိုင်ပါသည်။ အကြောင်းမှာ ယင်းသာမရှိလျှင် ဘုရားသခင်ကို ကျွန်ုပ်တို့ သိကျွမ်းနိုင်မည်မဟုတ်၍ဖြစ်သည်။—ဆာလံ ၁၁၉:၆၂

အကူအညီတောင်းခံသည့် ဆုတောင်းချက်များကို ဘုရားသခင် နားညောင်းတော်မူသလော။ ယူရုဂွေးနိုင်ငံမှ ဆယ်ကျော်သက်အရွယ် ညီအစ်မနှစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူတို့သည် ဒံယေလ ၂:၄၄၊ ၄၅ တွင် ဖော်ပြထားသည့်အချက်ကို နားမလည်နိုင်သည့်အတွက် နားလည်နိုင်ရန် ရှင်းပြပေးမည့်သူတစ်ဦးကို စေလွှတ်ပေးပါဟု ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ သမ္မာကျမ်းစာကို ဖွင့်လျက်နေဆဲ ယေဟောဝါသက်သေနှစ်ဦး သူတို့အိမ်သို့ ရောက်လာကြသည်။ ထို့နောက် မိန်းကလေးများ နားမလည်သည့်ကျမ်းချက်ကိုပင် သူတို့ဖတ်ပြကာ လူ့အုပ်ချုပ်ရေးနေရာတွင် ဘုရားသခင့်နိုင်ငံတော်က အစားထိုးဝင်ရောက်တော့မည်ဖြစ်ကြောင်း ရှင်းပြကြသည်။ * မိမိတို့၏ဆုတောင်းချက်ကို ဘုရားသခင် ဖြေကြားပေးသည်ဟု ထိုဆယ်ကျော်သက်မိန်းကလေးနှစ်ဦး ယုံကြည်သွားလေသည်။

အဆင့် ၄ နေ့စဉ်ဖတ်ရှုပါ

▪ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် “လူတွေက ရုတ်တရက်ဆိုသလို ကျမ်းစာအုပ်တွေ ဝယ်ဖတ်ကြတော့တာပဲ” ဟုစာအုပ်ထုတ်ဝေသူတစ်ဦးက ဆိုခဲ့သည်။ လူအများစုသည် ဘေးအန္တရာယ်နှင့် တွေ့ကြုံမှသာ သမ္မာကျမ်းစာကို ဖတ်ရှုကြ၏။ သို့သော် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုရန် ကျွန်ုပ်တို့ အားပေးခံရသည်။ အကြောင်းမှာ သမ္မာကျမ်းစာက ဤသို့ဆို၏– “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း သတိနှင့်စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်ရွတ်ဘဲမနေ၊ နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်ရမည်။ သို့မှ သင်ပြုသောအမှု၌ ထမြောက်၍ အောင်မြင်လိမ့်မည်။”—ယောရှု ၁:၈သမ္မာ။

သမ္မာကျမ်းစာ မှန်မှန်ဖတ်ရှုခြင်း၏တန်ဖိုးကို ဤသို့ ဥပမာပေးနိုင်သည်။ လူတစ်ဦးသည် နှလုံးရောဂါခံစားရသဖြင့် အာဟာရရှိသောအစာကို စားသုံးဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုသူသည် ရင်ဘတ်အောင့်သည့်အချိန်၌သာ စည်းစနစ်နှင့်စားသုံးမည်ဆိုလျှင် အကျိုးရရှိပါမည်လော။ ရရှိမည်မဟုတ်။ ကျန်းမာရေးနှင့်ညီညွတ်သော အစာကို အဆက်မပြတ် စားသုံးမှသာ အကျိုးရရှိမည်ဖြစ်သည်။ ထိုနည်းတူ ကျမ်းစာကို နေ့စဉ် ဖတ်ရှုမှသာ ‘သင်ပြုသောအမှု၌ အောင်မြင်’ ပါလိမ့်မည်။

အဆင့် ၅ နည်းအမျိုးမျိုးပြောင်း၍ ဖတ်ပါ

▪ သမ္မာကျမ်းစာကို အစမှအဆုံး ဖတ်ရှုခြင်းက ကောင်း၏။ သို့သော် စိတ်ဝင်တစားဖြစ်စေရန် အခြားနည်းဖြင့်လည်း ဖတ်ရှုနိုင်ပါသည်။ ဤတွင် အကြံပြုချက်တချို့ကို ဖော်ပြထားပါသည်။

ကျမ်းစာဇာတ်ကောင်တစ်ဦးကို ရွေးချယ်၍ ဖတ်ပါ။ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူတစ်ဦးအကြောင်း ဖော်ပြထားသည့် အခန်းကြီးအားလုံး သို့မဟုတ် ကျမ်းစာစောင်များကို ဖတ်ပါ။ ဥပမာ–

ယောသပ်– ကမ္ဘာဦးအခန်းကြီး ၃၇-၅၀။

ရုသ– ရုသအခန်းကြီး ၁-၃။

ယေရှု– မဿဲအခန်းကြီး ၁-၂၈; မာကုအခန်းကြီး ၁-၁၆; လုကာအခန်းကြီး ၁-၂၄; ယောဟန်အခန်းကြီး ၁-၂၁။ *

အကြောင်းအရာကို အာရုံစိုက်ပါ။ အကြောင်းအရာနှင့်ဆက်နွှယ်နေသော ကျမ်းချက်များကို ဖတ်ပါ။ ဥပမာ၊ ဆုတောင်းခြင်းအကြောင်းကို သုတေသနပြုပါ။ ယင်းနောက် ဆုတောင်းခြင်းနှင့်ပတ်သက်သည့် ကျမ်းစာအကြံပြုချက်များအပြင် ကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဆုတောင်းချက်တချို့ကိုလည်း ဖတ်ရှုပါ။ *

အသံထွက်ဖတ်ပါ။ သမ္မာကျမ်းစာကို အသံထွက်ဖတ်ရှုခြင်းက အကျိုးများစွာ ရရှိနိုင်ပါသည်။ (ဗျာ. ၁:၃) မိသားစုလိုက်လည်း ကျမ်းစာကို အသံထွက်ဖတ်ရှုနိုင်ပါသည်။ မိသားစုဝင်တစ်ဦးချင်းစီသည် ကျမ်းပိုဒ်များအလိုက် သို့မဟုတ် ကျမ်းစာဇာတ်ကောင်အလိုက် တာဝန်ယူ၍ အလှည့်ကျဖတ်ရှုနိုင်သည်။ တချို့က အသံသွင်းထားသော ကျမ်းစာတိတ်ခွေများ နားထောင်ရသည်ကို နှစ်သက်ကြ၏။ “အစတုန်းက ကျွန်မအတွက် ကျမ်းစာဖတ်ဖို့ အရမ်းခက်တာပဲ။ ဒါနဲ့ အသံသွင်းထားတဲ့ ကျမ်းစာတိတ်ခွေကိုပဲ နားထောင်ခဲ့တာ။ အခုတော့ ကျမ်းစာဖတ်ရတာက ၀တ္ထုစာအုပ်ဖတ်ရတာထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတာကို ကျွန်မ သိသွားပြီ” ဟုအမျိုးသမီးတစ်ဦးက ပြောသည်။

အဆင့် ၆ တွေးတောဆင်ခြင်ပါ

▪ ပျာယာခတ်ကာ စိတ်ပျံ့လွင့်စရာ များပြားလှသည့် ဤလောက၏ လူနေမှုဘ၀ပုံစံကြောင့် တွေးတောဆင်ခြင်ဖို့ အခက်တွေ့ပေမည်။ သို့သော် စားသုံးလိုက်သောအစာမှ အာဟာရကို ရယူရန် အစာချေပေးရမည်ဖြစ်သကဲ့သို့ ကျမ်းစာဖတ်ရှုခြင်းမှ အကျိုးရယူရန် တွေးတောဆင်ခြင်ရမည်။ ယင်းသို့လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့ ဖတ်ရှုခဲ့ရာကို ပြန်လည်ဆင်ခြင်သုံးသပ်ရမည်။ ထို့ပြင် ‘ယေဟောဝါဘုရားသခင်အကြောင်း ငါ ဘာတွေ သိရှိခဲ့ပြီလဲ။ အဲဒါက ငါနဲ့ ဘယ်လိုသက်ဆိုင်သလဲ။ တခြားသူတွေလည်း သိရှိအောင် ငါ ဘယ်လိုကူညီပေးနိုင်မလဲ’ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် မေးခြင်းဖြင့်လည်း တွေးတောဆင်ခြင်နိုင်ပါသည်။

ထိုသို့တွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့နှလုံးထဲ ကျမ်းစာသတင်းတရားများ ရောက်ရှိပြီး ကျမ်းစာဖတ်ရှုရာတွင် ပို၍ပျော်မွေ့လာမည်။ ဆာလံ ၁၁၉:၉၇ တွင် ဤသို့ဖော်ပြထား၏– “ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏။” ဆာလံဆရာသည် ၎င်းဖတ်ရှုခဲ့ရာများကို တွေးတောဆင်ခြင်ခြင်းအားဖြင့် တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဖတ်ရှုခဲ့ရာများကို သူပို၍နှစ်သက်မြတ်နိုးလာခဲ့၏။

အဆင့် ၇ နားလည်နိုင်ရန် အကူအညီရယူပါ

▪ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ဖတ်ပြီး အပြည့်အ၀နားလည်နိုင်မည်ဟု ဘုရားသခင် မမျှော်လင့်ပေ။ ကျမ်းစာထဲတွင် “နားလည်ရခက်သည့် အကြောင်းအရာအချို့” ပါရှိကြောင်း ကျမ်းစာကိုယ်နှိုက်က အသိအမှတ်ပြုသည်။ (၂ ပေတရု ၃:၁၆) ဖတ်ရှုခဲ့သည့် ကျမ်းစာအပိုင်းတစ်ပိုင်းကို နားမလည်နိုင်အောင်ဖြစ်နေသော အီသီယိုးပီးယားအရာရှိတစ်ဦးအကြောင်း တမန်တော်၀တ္ထုတွင် ဖော်ပြထား၏။ ဘုရားသခင်သည် မိမိကျေးကျွန်တစ်ဦးကို စေလွှတ်ပြီး သူ့ကို ရှင်းပြပေးခဲ့သည်။ ထိုအရာရှိသည် နားလည်သိရှိပြီးနောက် “ဝမ်းမြောက်စွာ ခရီးဆက်သွားလေ၏။”—တမန်တော် ၈:၂၆-၃၉

သင်သည်လည်း ဖတ်ရှုခဲ့ရာကို နားလည်နိုင်ရန် အကူအညီရယူခြင်းဖြင့် အကျိုးရရှိနိုင်ပါသည်။ အခမဲ့ကျမ်းစာသင်အံမှု ပြုလုပ်လိုလျှင် သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ။ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၄ တွင်ဖော်ပြထားသော လိပ်စာသို့ စာရေးပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ယေဟောဝါသက်သေများ ထုတ်ဝေသော ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တစ်အုပ်လုံးဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ ဘာသာစကားပေါင်း ၈၃ မျိုးဖြင့် ပုံနှိပ်ထုတ်ဝေထားသည့်အပြင် ဘာသာစကားပေါင်း ၁၁ မျိုးကို www.pr418.com တွင်လည်း ဖတ်ရှုနိုင်ပါသည်။

^ အပိုဒ်၊ 15 ဘုရားသခင့်နိုင်ငံတော်အကြောင်းနှင့် ယင်းက လုပ်ဆောင်မည့်အရာများအကြောင်း ပိုမိုသိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၈ တွင် ဖတ်ကြည့်ပါ။

^ အပိုဒ်၊ 24 သင်သည် ကျမ်းစာ စဖတ်နေသည်ဆိုလျှင် ထူးခြားသောဖြစ်ရပ်များနှင့် ပြည့်နေသည့် ယေရှု၏ဓမ္မအမှုမှတ်တမ်းပါသော မာကုကျမ်းစာစောင်ကို စမ်းဖတ်ကြည့်ပါ။

^ အပိုဒ်၊ 25 သမ္မာကျမ်းစာကို အကြောင်းအရာအလိုက် လေ့လာရာတွင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်က လူများစွာကို အထောက်အကူပြုခဲ့ပြီ။ ဥပမာ၊ ထိုစာအုပ်၏ အခန်း ၁၇ တွင် ဆုတောင်းခြင်းနှင့်ပတ်သက်သော အကြောင်းအရာကို ဆွေးနွေးထားပါသည်။