မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်က လူတွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးပြီး ဂုဏ်တင်ထား

ဘုရားသခင်က လူတွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးပြီး ဂုဏ်တင်ထား

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့

ဘုရားသခင်က လူတွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးပြီး ဂုဏ်တင်ထား

၄ ဓမ္မရာဇဝင် ၁၈:၁-၇ (သမ္မာ)

မိဘတွေက သားသမီးတွေရှေ့မှာ စံနမူနာကောင်း ပြသင့်တယ်။ မိဘတွေ စံနမူနာကောင်းရင် သားသမီးတွေမှာ အရည်အသွေးကောင်းတွေ ရှိလာပြီး ဘဝနဲ့ဆိုင်တဲ့ ရွေးချယ်မှုတွေကို ပညာရှိရှိ ရွေးချယ်တတ်လာမှာဖြစ်တယ်။ ဝမ်းနည်းစရာကောင်းတာက မိဘအတော်များများဟာ သားသမီးတွေရှေ့မှာ စံနမူနာကောင်း မပြကြဘူး။ အဲလိုကလေးတွေက ဘဝမှာ အောင်မြင်မှုမရနိုင်ဘူးလို့ ဆိုလိုတာလား။ မဆိုလိုပါဘူး။ ယေဟောဝါဘုရားသခင်က လူတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပြီး ဂုဏ်တင်ထားတယ်ဆိုတဲ့ နှစ်သိမ့်ဖွယ် အမှန်တရားကနေ အဖြေရရှိနိုင်ပါတယ်။ ၄ ဓမ္မရာဇဝင် ၁၈:၁-၇ (သမ္မာ) မှာတွေ့ရတဲ့ ဟေဇကိရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။

ဟေဇကိက “ယုဒဘုရင် အာခတ်သား” ဖြစ်တယ်။ (အခန်းငယ် ၁) အာခတ်က ပြည်သူပြည်သားတွေကို ယေဟောဝါဘုရားသခင်ရဲ့ စင်ကြယ်တဲ့ ဝတ်ပြုရေးကနေ သွေဖည်သွားအောင် လုပ်ခဲ့တယ်။ ဗာလနတ်ဘုရားတွေကို ကိုးကွယ်ခဲ့တယ်။ အဲဒီဝတ်ပြုမှုမှာ လူတွေကို ယဇ်ပူဇော်တဲ့ဓလေ့ရှိတယ်။ ဒီဆိုးသွမ်းတဲ့ဘုရင်က ဟေဇကိရဲ့ မွေးချင်းတွေထဲက တစ်ယောက် ဒါမှမဟုတ် ဒီထက်မကကို ယဇ်ပူဇော်ခဲ့တယ်။ သည့်အပြင် ဝတ်ပြုရာအိမ်တော်ကို ပိတ်ပစ်လိုက်ပြီး “ယေရုရှလင်မြို့ထောင့်ရှိသမျှ၌လည်း ယဇ်ပလ္လင်များကို” တည်ခဲ့တယ်။ ဒီလိုနဲ့ “ဘုရားသခင်ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်” ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၂၈:၃၊ ၂၄၊ ၂၅) ဟေဇကိရဲ့ ခမည်းတော်က ဘယ်လောက်ဆိုးသွမ်းသလဲဆိုတာ ရှင်းနေပါတယ်။ ဒါပေမဲ့ ဟေဇကိကတော့ သူ့ခမည်းတော်ရဲ့အမှားမျိုး မပြုလုပ်ခဲ့ဘူး။

ဟေဇကိနန်းတက်ပြီး ပထမနှစ်မှာ ခမည်းတော်ရဲ့ လမ်းစဉ်ဆိုးနောက် မလိုက်ဘူးဆိုတာကို သူ့ရဲ့လုပ်ရပ်တွေအားဖြင့် ပြသခဲ့တယ်။ ‘ထာဝရဘုရားသခင် နှစ်သက်တော်မူသောအမှုကို’ ဟေဇကိ ဆက်ပြုကျင့်ခဲ့တယ်။ (အခန်းငယ် ၃) ယေဟောဝါဘုရားသခင်ကို ဟေဇကိ ယုံကြည်ကိုးစားခဲ့ပြီး “ထိုမင်းကိုးစားသကဲ့သို့ သူ့နောက်မှာ ကိုးစားသော ယုဒဘုရင်တစ်ပါးမျှမရှိ” ကြောင်း သက်သေပြခဲ့တယ်။ (အခန်းငယ် ၅) နန်းသက်ပထမနှစ်မှာ ဒီငယ်ရွယ်တဲ့ ဘုရင်က မှားယွင်းတဲ့ ဝတ်ပြုမှုတည်ရာ မြင့်သောအရပ်တွေကို ဖယ်ရှားခြင်းအားဖြင့် စစ်မှန်တဲ့ ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ခဲ့တယ်။ ဝတ်ပြုရာအိမ်တော်ကိုလည်း ပြန်ဖွင့်ပေးလိုက်တယ်။ (အခန်းငယ် ၄; ၂ ရာဇဝင်ချုပ် ၂၉:၁-၃၊ ၂၇-၃၁) သူဟာ ‘ထာဝရဘုရားသခင်၌ ဆည်းကပ်၍ ထာဝရဘုရားသခင်သည်လည်း သူနှင့်အတူရှိ’ တယ်။—အခန်းငယ် ၆၊ ၇

ခမည်းတော်ရဲ့ ဆိုးသွမ်းတဲ့လမ်းစဉ်ကို မလိုက်ခဲ့တဲ့ ဟေဇကိကို ဘာက ကူညီပေးခဲ့သလဲ။ သူ့ရဲ့ မယ်တော် အဘိယ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့မယ်တော်အကြောင်းကို မသိရပေမဲ့လည်း သူ့သားတော်အပေါ် ကောင်းတဲ့သြဇာ လွှမ်းမိုးခဲ့ပုံရတယ်။ ဟေဇကိ မမွေးဖွားခင် ပရောဖက်လုပ်ငန်းကို လုပ်ကိုင်ခဲ့တဲ့ ဟေရှာယရဲ့ စံနမူနာကောင်းက မင်းသားငယ်လေးအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့တာလား။ * သမ္မာကျမ်းစာမှာ အတိအကျ မဖော်ပြထားပါဘူး။ ဘာပဲဖြစ်ဖြစ် သေချာတာက ဟေဇကိဟာ သူ့ခမည်းတော်နဲ့မတူတဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်တယ်။

မိဘတွေ စံနမူနာမကောင်းလို့ ကလေးဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူတွေအတွက် ဟေဇကိရဲ့ စံနမူနာက အားရှိစရာပဲ။ အတိတ်ကို ပြုပြင်ပြောင်းလဲလို့ မရဘူး။ အတိတ်က စိတ်မချမ်းသာစရာ ဖြစ်ရပ်တွေကိုလည်း ဖယ်ရှားပစ်လို့မရပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်ရပ်တွေကြောင့် ဘဝကို အရှုံးခံဖို့မဟုတ်ဘူး။ အနာဂတ်မှာ ပျော်ရွှင်ချင်တယ်ဆိုရင် အခုကတည်းကစပြီး ရွေးချယ်မှုတွေ လုပ်ရတော့မှာဖြစ်တယ်။ ဟေဇကိလိုပဲ ကျွန်ုပ်တို့လည်း စစ်မှန်တဲ့ ဘုရားသခင် ယေဟောဝါကို ချစ်မြတ်နိုးပြီး ဝတ်ပြုကိုးကွယ်နိုင်တယ်။ အဲလိုလုပ်မယ်ဆိုရင် အခုချိန်မှာတောင် ဘဝကို ကျေနပ်ရောင့်ရဲပြီး ဘုရားသခင် ပြင်ဆင်ပေးမယ့် ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်ခွင့်ရနိုင်ပါတယ်။ (၂ ပေတရု ၃:၁၃; ဗျာ. ၂၁:၃၊ ၄) ကျွန်ုပ်တို့တစ်ဦးချင်းစီကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးပြီး ဂုဏ်တင်ထားတဲ့ မေတ္တာရှင် ဘုရားသခင်ကို ဘယ်လောက် ကျေးဇူးတင်ဖို့ ကောင်းလိုက်သလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဟေရှာယသည် ဘီစီ ၇၇၈ ခန့်မှစ၍ ဘီစီ ၇၃၂ နောက်ပိုင်း တစ်ချိန်ချိန်အထိ ပရောဖက်လုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ ဟေဇကိသည် အသက် ၂၅ နှစ်အရွယ် ဘီစီ ၇၄၅ တွင် စတင်နန်းထိုင်ခဲ့သည်။