ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားပါ သင့်ကို တကယ်ပဲ ကူညီပေးပါလိမ့်မယ်
ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားပါ သင့်ကို တကယ်ပဲ ကူညီပေးပါလိမ့်မယ်
အက်ဒ်မန် ရှမစ်ဒ် ပြောပြသည်
၁၉၄၃၊ အောက်တိုဘာလမှာ နယူးယောက်မြို့က တရားရုံးရှေ့မှောက် အစစ်ဆေးခံဖို့လုပ်နေတုန်း ဒီဆောင်းပါးရဲ့ ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ အကြံပြုချက်က ခေါင်းထဲပေါ်လာတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်အသက်က ၂၅ နှစ်ရှိနေပြီ။ ခရစ်ယာန်ကြားနေမှုကြောင့် လေးနှစ်နီးပါး ထောင်နန်းစံခဲ့ရတယ်။ ယေရှုရဲ့ အစောပိုင်းနောက်လိုက်တွေလိုပဲ ကျွန်တော်လည်း “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်” ဖို့ သန္နိဋ္ဌာန်ချထားတယ်။ (တမန်တော် ၅:၂၉) ဒီအကြောင်းကို မပြောပြခင် ဘုရားသခင်ကို ကျွန်တော် ဘယ်လိုအခိုင်အမာ ယုံကြည်လာတဲ့အကြောင်း ပြောပြပါရစေ။
ကျွန်တော့်ကို ၁၉၂၂၊ ဧပြီလ ၂၃ ရက်၊ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ ကလီဗ်လန်မြို့၊ အဖေ့ရဲ့မုန့်တိုက် အပေါ်ထပ်က တိုက်ခန်းမှာ မွေးဖွားခဲ့တယ်။ နောက်လေးလအကြာမှာ ကျွန်တော့်အဖေ အက်ဒ်မန်က ကျွန်တော်တို့နေတဲ့နေရာကနေ မိုင်ရာချီဝေးတဲ့ ဆန်ဒပ်စကီမြို့အနားက စီဒါပွိုင့်မြို့မှာ ကျမ်းစာကျောင်းသားတွေ (ယေဟောဝါသက်သေတွေရဲ့ အရင်အမည်) ရဲ့စည်းဝေးကြီးတစ်ခုကို တက်ရောက်ခဲ့တယ်။
အဲ့ဒီစည်းဝေးကြီးမှာ တက်ရောက်တဲ့သူတွေကို “[ဘုရားသခင့်] ဘုရင်နဲ့ နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” လို့ အားပေးတိုက်တွန်းခဲ့တယ်။ နောက်တနင်္ဂနွေနေ့ရောက်တော့ အဖေက အဲ့ဒီလုပ်ငန်းမှာ စပါဝင်ခဲ့တယ်။ အဲ့ဒီလုပ်ငန်းမှာ နှစ်ပေါင်း ၆၆ နှစ်အထိ အဖေပါဝင်ခဲ့တယ်။ ၁၉၈၈၊ ဇူလိုင် ၄ ရက်မှာ သေတဲ့အထိပါပဲ။ ကျွန်တော့်အမေ မေရီလည်း ၁၉၈၁ ခုနှစ်မှာ ဘုရားသခင်အပေါ် သစ္စာရှိရှိ သေဆုံးသွားခဲ့တယ်။
မိဘတွေနဲ့အတူ ကိုးကွယ်ခဲ့
ကလီဗ်လန်မြို့က ပိုလန်စကားပြောအသင်းတော်ကို ကျွန်တော်တို့မိသားစု သွားတက်ကြတယ်။ စနေနေ့ နေ့လယ်ပိုင်းတွေမှာ ကျွန်တော်တို့ကလေးတွေက လူကြီးတွေနဲ့အတူလိုက်သွားပြီး သတင်းကောင်း ဟောပြောကြတယ်။ တနင်္ဂနွေနေ့တွေမှာ ကျွန်တော်တို့ရဲ့ မိဘတွေက အစည်းအဝေးလုပ်တဲ့ ခန်းမကြီးထဲမှာ ကျမ်းစာဟောပြောချက်ကို နားထောင်ကြတယ်။ နောက်အခန်းတစ်ခန်းမှာတော့ အတွေ့အကြုံရှိတဲ့ ကျမ်းစာသွန်သင်သူတစ်ယောက်က ဘုရားသခင့်စောင်းတော် * ဆိုတဲ့ စာအုပ်နဲ့ ကျွန်တော်တို့လူငယ် အယောက်သုံးဆယ်လောက်ကို ကျမ်းစာသင်အံမှုပြုလုပ်တယ်။ မကြာခင်မှာ ကိုယ့်ဘာသာကိုယ် ကျမ်းစာလေ့လာတဲ့အခါ အကျိုးများစွာရရှိခဲ့တယ်။
၁၉၃၁၊ ဇူလိုင်လမှာ ကျွန်တော်တို့မိသားစုဟာ တောင်ဘက် မိုင်တစ်ရာခန့်ဝေးတဲ့ ကိုလံဘတ်စ်မြို့မှာကျင်းပတဲ့ ကျမ်းစာကျောင်းသားတွေရဲ့ စည်းဝေးကြီးနောက်တစ်ခုကို သွားတက်ကြတယ်။ ကျွန်တော့်ရဲ့ ညီလေး ဖရန့်ခ်လည်း ပါတယ်။ အဲ့ဒီအချိန်မှာ ကျမ်းစာကျောင်းသားတွေဟာ ကျမ်းစာကို အခြေခံပြီး ယေဟောဝါသက်သေဆိုတဲ့အမည်ကို ဝမ်းမြောက်ဝမ်းသာ ခံယူခဲ့ကြတယ်။ (ဟေရှာယ ၄၃:၁၀-၁၂) အဲ့ဒီစည်းဝေးကြီးမှာ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ဦးဆောင်နေတဲ့ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ရဲ့ ဟောပြောချက်ကို နားထောင်ဖို့ လူတွေကို ဖိတ်ခေါ်မှုမှာ ကျွန်တော်ပါဝင်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ယေဟောဝါဘုရားသခင်ရဲ့ လူမျိုးတော်နဲ့အတူ ကိုယ်တော့်အမှုတော်ကိုဆောင်ဖို့ ကျွန်တော့်ဘဝကို မြှုပ်နှံခဲ့တာ နှစ်ပေါင်း ၇၉ နှစ်ကျော်ကြာပြီ။
ခက်ခဲချိန်မှာတောင် အောင်မြင်စွာ အမှုဆောင်နိုင်ခဲ့
၁၉၃၃ ခုနှစ်ရောက်တော့ ကမ္ဘာတစ်ခုလုံး စီးပွားရေးကပ်ဆိုက်ခဲ့တယ်။ အမေရိကန်နိုင်ငံမှာ လူ ၁၅ သန်းကျော် အလုပ်လက်မဲ့ဘဝ ရောက်ခဲ့တယ်။ မြို့ကြီးတွေမှာ စီးပွားရေး ချွတ်ခြုံကျပြီး ဆင်းရဲသားတွေက အစိုးရထောက်ပံ့မှုနဲ့ စောင့်ရှောက်မှုတွေ မရတော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေကျတော့ အချင်းချင်း ကူညီပေးခဲ့ကြတယ်။ တနင်္ဂနွေနေ့တွေမှာ အစည်းအဝေးသွားရင် ကျွန်တော်တို့ရဲ့မုန့်တိုက်ကနေ ပေါင်မုန့်နဲ့ မုန့်မျိုးစုံ ယူသွားတယ်။ အဲ့ဒီမှာ ညီအစ်ကို၊ ညီအစ်မတွေကို ဝေပေးကြတယ်။ လကုန်ပြီဆိုရင် အဖေက အိမ်သုံးစရိတ်တွေကို အကုန်ပေးဆောင်ပြီးလို့ ကျန်တဲ့ငွေကို နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်ကို ပို့လိုက်တယ်။ အဲ့ဒီငွေတွေကို ကျမ်းစာ,စာပေတွေ ပုံနှိပ်ထုတ်ဝေရေးမှာ အသုံးပြုမယ်ဆိုတာ အဖေသိထားတယ်။
အဲ့ဒီနှစ်တွေမှာ ရေဒီယိုကနေ အသံလွှင့်ခြင်းက ကျွန်တော်တို့ ခရစ်ယာန်ဓမ္မအမှုရဲ့ အဓိကအပိုင်းဖြစ်တယ်။ စည်းဝေးကြီးတွေမှာ ကျမ်းစာဟောပြောချက်တွေကို အသံလွှင့်ရုံပေါင်း ၄၀၀ ကျော်ကနေ ထုတ်လွှင့်ပေးတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ဘရွတ်ကလင်စက်ရုံကနေ ဓာတ်စက်တွေနဲ့ ဓာတ်ပြားတွေကိုလည်း ထုတ်လုပ်ခဲ့တယ်။ ခရစ်ယာန်ဓမ္မအမှုမှာ အဲ့ဒါတွေကို အသုံးပြုပြီး သက်သေခံမဟုတ်တဲ့သူတွေကို ကျမ်းစာဟောပြောချက်တွေ ဘယ်နှစ်ကြိမ် ဖွင့်ပြခဲ့တယ်၊ လူဘယ်နှစ်ယောက် နားထောင်တယ်ဆိုပြီး မှတ်တမ်းပို့ရတယ်။
၁၉၃၃ ခုနှစ်မှာ အဒေါ့ဖ်ဟစ်တလာနဲ့ နာဇီပါတီက ဂျာမနီနိုင်ငံမှာ အာဏာရလာတယ်။ အဲ့ဒီနိုင်ငံက ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်ကြားနေမှုကြောင့် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်။ (ယောဟန် ၁၅:၁၉; ၁၇:၁၄) နိုင်ငံရေးမှာမပါဝင်တဲ့အတွက်၊ ဟစ်တလာကို အလေးမပြုတဲ့အတွက် ဂျာမန်သက်သေခံ အတော်များများကို ထောင်ချတယ်၊ ဒါမှမဟုတ် ချွေးတပ်စခန်းတွေဆီကို ပို့လိုက်ကြတယ်။ လူအတော်များများ အသတ်ခံလိုက်ရတယ်။ တချို့က သေတဲ့အထိ အတင်းအကျပ် ခိုင်းစေခံရတယ်။ လူမဆန်စွာ ပြုမူဆက်ဆံခံရတဲ့အတွက် လူများစွာဟာ လွတ်လာပြီးတဲ့နောက် မကြာခင်မှာပဲ သေဆုံးသွားကြတယ်။ အမေရိကန်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေက ယေဟောဝါသက်သေတွေလည်း မညှာမတာဆက်ဆံခံရတာကို လူတွေ သတိမပြုမိကြဘူး။
၁၉၄၀ ပြည့်နှစ်မှာ မစ်ရှီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့က စည်းဝေးကြီးကို ကျွန်တော်တို့ တက်ရောက်ခဲ့ကြတယ်။ ဇူလိုင်လ ၂၈ ရက်နေ့ အဲ့ဒီစည်းဝေးကြီးမှာပဲ ယေဟောဝါဘုရားသခင်ကို အပ်နှံတဲ့အနေနဲ့ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။ အဲ့ဒီစည်းဝေးကြီးမတိုင်ခင် တစ်လမှာ အမေရိကန်တရားရုံးချုပ်က အလံအလေးမပြုရင် ဥပဒေကိုချိုးဖောက်တာပဲ၊ ဒါကြောင့် ကျောင်းကနေ ထုတ်ပယ်ခံရမယ်ဆိုတဲ့ အမိန့်ထုတ်လိုက်တယ်။ အဲ့ဒီအခြေအနေတွေကို သက်သေခံတွေ ဘယ်လိုတုံ့ ပြန်ခဲ့ကြသလဲ။ သက်သေခံအတော်များများက သူတို့ရဲ့ ကလေးတွေကို စာသင်ပေးဖို့ ကိုယ်ပိုင်ကျောင်းတွေ ဖွင့်လှစ်ခဲ့ကြတယ်။ အဲ့ဒီကျောင်းတွေကို ဘုရားသခင့်နိုင်ငံတော်ကျောင်းလို့ ခေါ်တယ်။
၁၉၃၉၊ စက်တင်ဘာလကနေစပြီး ဥရောပမှာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့တာ အဲ့ဒီစစ်မီးက အမေရိကန်ဘက်ကိုလည်း ကူးလာတယ်။ သက်သေခံလူငယ်တွေဟာ အထင်အမြင်မှားနေတဲ့ လူကြီး၊ လူငယ်တွေရဲ့ အနှောင့်အယှက်ပေးမှု၊ ရိုက်နှက်မှုတွေကို ခံခဲ့ရတယ်။ ၁၉၄၀ ကနေ ၁၉၄၄ ခုနှစ်အထိ အမေရိကန်နိုင်ငံက ယေဟောဝါသက်သေတွေဟာ အကြိမ်ပေါင်း ၂,၅၀၀ ကျော် လူအုပ်နဲ့ အကြမ်းဖက်တိုက်ခိုက်ခံရတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ တိုက်ခိုက်ခဲ့တဲ့အချိန် ၁၉၄၁၊ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ညှဉ်းပန်းနှိပ်စက်မှု ပိုများလာတယ်။ အဲ့ဒီမတိုင်ခင် အပတ်အနည်းငယ်မှာ ကျွန်တော် ရှေ့ဆောင်စလုပ်ခဲ့
တယ်။ ကျွန်တော် ငွေစုပြီး ၂၂ ပေရှည်တဲ့ နောက်တွဲယာဉ်တစ်စီး ဝယ်လိုက်တယ်။ ပြီးတော့ လူဝီဇီယားနားပြည်နယ်မှာ ရှေ့ဆောင်လုပ်ဖို့ ကျွန်တော်တို့ ပြောင်းသွားကြတယ်။တောင်ပိုင်းမှာ ညှဉ်းပန်းနှိပ်စက်ခံရ
ဂျဲန်နရက်မြို့နားက ခွံမာသီးပင်တွေ စိုက်ပျိုးထားတဲ့ ခြံတစ်ခြံအနားမှာ ကျွန်တော်တို့ရဲ့ နောက်တွဲယာဉ်ကို ရပ်ထားဖို့ ဒေသခံတွေဆီက ခွင့်ပြုချက်ရခဲ့တယ်။ စနေနေ့တစ်ရက်မှာ လမ်းပေါ်ဟောပြောဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ရဲမှူးက ကျွန်တော်တို့ကို ထောင်သားတွေအဖြစ် မြို့တော်ခန်းမကို ဖမ်းခေါ်သွားတယ်။ အယောက် ၂၀၀ လောက်ရှိတဲ့ လူရမ်းကားအုပ်တစ်အုပ်က အပြင်ဘက်မှာ ရှိနေတယ်။ ရဲသားတွေက ကျွန်တော်တို့ကို ဘာအကာအကွယ်မှမပေးဘဲ လူအုပ်ထဲကို လွှတ်လိုက်တယ်။ အံ့ဩစရာကောင်းတာက အဲ့ဒီလူအုပ်က ကျွန်တော်တို့ ဖြတ်လျှောက်သွားနိုင်အောင် လမ်းဖယ်ပေးတယ်။ နောက်တစ်နေ့ရောက်တော့ အနီးအနားမှာရှိတဲ့ ဘတ်တန်ရုဇ်မြို့ကို သွားပြီး အဲ့ဒီက သက်သေခံတွေကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။
ဂျဲန်နရက်မြို့ကို ပြန်ရောက်တော့ နောက်တွဲယာဉ်တံခါးပေါ်မှာ “ရေနံတွင်းက အလုပ်သမားတန်းလျားမှာ ကျွန်တော့်ကို ကျေးဇူးပြု၍ လာတွေ့ပါ” ဆိုတဲ့ စာတိုလေးကပ်ထားတာကို တွေ့လိုက်ရတယ်။ အဲ့ဒီစာမှာ “အီး. အမ်. ဗွန်” ဆိုပြီး လက်မှတ်ထိုးထားတယ်။ မစ္စတာဗွန်ကို ကျွန်တော်တို့ ရှာတွေ့သွားတယ်။ ပြီးတော့ သူတို့ဇနီးမောင်နှံက ကျွန်တော်တို့ကို ထမင်းစားဖိတ်တယ်။ စနေနေ့တုန်းက လူရမ်းကားအုပ်ထဲမှာ သူနဲ့သူ့လူတွေ ရှိနေတယ်၊ အရေးအကြောင်းပေါ်လာရင် ကျွန်တော်တို့ကို ကာကွယ်ပေးဖို့လို့ သူပြောပြတယ်။ သူ့ရဲ့အားပေးမှုနဲ့ ထောက်မမှုကို ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ခဲ့ကြတယ်။
နောက်တစ်နေ့ရောက်တော့ လက်နက်ကိုင်ဆောင်ထားတဲ့ အရာရှိတွေရောက်လာပြီး ကျွန်တော်တို့ကို ဖမ်း၊ စာပေတွေကို သိမ်းသွားတယ်။ ကျွန်တော်ရဲ့ နောက်တွဲယာဉ်သော့တွေကိုလည်း ယူသွားတယ်။ ကျွန်တော့်ကို ၁၇ ရက်ကြာ အစာမကျွေးဘဲ တစ်ယောက်တည်း တိုက်ပိတ်ထားတယ်။ ကျွန်တော်တို့ကို မစ္စတာဗွန်က အစွမ်းကုန်ကူညီပေးခဲ့ပေမဲ့ မအောင်မြင်ဘူး။ ကျွန်တော်တို့ တိုက်ပိတ်ခံနေရတုန်း နောက်တွဲယာဉ်အပါအဝင် ပိုင်ဆိုင်သမျှအားလုံးကို လူရမ်းကားအုပ်က လုယူပြီး မီးရှို့လိုက်ကြတယ်။ မကြာခင်မှာ ကျွန်တော်ရင်ဆိုင်ရမယ့် အရာအတွက် ယေဟောဝါဘုရားသခင် ပြင်ဆင်ပေးနေတယ်ဆိုတာ အဲ့ဒီအချိန်တုန်းက ကျွန်တော် သဘောမပေါက်ခဲ့ဘူး။
မြောက်ပိုင်းမှာ ထောင်နန်းစံခဲ့ရ
မြောက်ပိုင်းကိုပြန်ရောက်ပြီး တစ်လအကြာမှာ တခြားသက်သေခံတွေနဲ့အတူ နယူးယောက်ပြည်နယ်၊ အိုလီယန်မြို့မှာ အထူးရှေ့ဆောင်အဖြစ် လုပ်ဆောင်ဖို့ တာဝန်ရခဲ့တယ်။ အဲ့ဒီမှာရှိနေတုန်း အစိုးရက ကျွန်တော့်ကို စစ်မှုထမ်းဖို့ တောင်းဆိုတဲ့အခါ ကျွန်တော် ငြင်းလိုက်တယ်။ ကျွန်တော့်ကို ကျန်းမာရေးကောင်းမကောင်း ဆေးစစ်ပြီးတဲ့နောက် ကျွန်တော့်ရဲ့ လျှောက်လွှာပေါ်မှာ “စစ်တပ်အရာရှိသင်တန်းအတွက် သင့်တော်သူ” ဆိုပြီး တံဆိပ်ထုလိုက်တယ်။
နောက်တစ်နှစ်၊ နှစ်နှစ်လောက် ကျွန်တော် ရှေ့ဆောင် ဆက်လုပ်နိုင်ခဲ့တယ်။ ၁၉၄၃ ခုနှစ်မှာ ကျွန်တော် သင်တန်းမတက်ဘဲ ရှေ့ဆောင်ဆက်လုပ်နေတဲ့အတွက် အက်ဖ်ဘီအိုင်က ကျွန်တော့်ကို ဖမ်းလိုက်တယ်။ နောက်တစ်ပတ်ကျရင် နယူးယောက်ပြည်နယ်၊ ဆီရာခရူးဇ်မြို့က ဗဟိုတရားရုံးမှာ အမှုသွားရင်ဆိုင်ပါဆိုပြီး ကျွန်တော့်ကို ညွှန်ကြားတယ်။ စွဲချက်တင်ပြီး နောက်နှစ်ရက်ကြာတဲ့အထိ အမှုစစ်ဆေးခဲ့တယ်။
ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ ရှေ့နေလုပ်ခဲ့တယ်။ ခရစ်ယာန်အစည်းအဝေးတွေမှာ သက်သေခံလူငယ်တွေကို အခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်ကို ဘယ်လိုခုခံကာကွယ်ရမယ်၊ တရားရုံးမှာ ဘယ်လိုလျောက်ပတ်စွာ ပြုမူရမယ်ဆိုတာကို သင်ပေးတယ်။ နိဒါန်းပိုင်းမှာဖော်ပြထားတဲ့ အကြံပြုချက်ကို ကျွန်တော် ကောင်းကောင်းမှတ်မိသေးတယ်။ ညှဉ်းပန်းနှိပ်စက်သူတချို့က သက်သေခံတွေဟာ သူတို့ထက်တောင် ဥပဒေအကြောင်း ပိုနားလည်သေးတယ်ဆိုပြီး တိုင်တန်းခဲ့ကြတယ်။ ဒါပေမဲ့ ဂျူရီလူကြီးက ကျွန်တော့်မှာ အပြစ်ရှိတယ်ဆိုပြီး သတ်မှတ်လိုက်တယ်။ တရားသူကြီးက ဘာများပြောစရာရှိသေးသလဲဆိုပြီး ကျွန်တော့်ကို မေးတဲ့အခါ “ဒီကနေ့ ဘုရားသခင်ရဲ့ အမှုတော် ထမ်းဆောင်နေတဲ့သူတွေကို ဒီနိုင်ငံက ဘယ်လိုဆက်ဆံနေတယ်ဆိုတာ ဘုရားသခင်က စီရင်လိမ့်မယ်” ဆိုတာလောက်ပဲ ကျွန်တော် ပြန်ဖြေလိုက်တယ်။
အိုဟိုင်အိုပြည်နယ်၊ ချီလာခါတီမြို့က ဗဟိုအကျဉ်းထောင်မှာ လေးနှစ်ထောင်နန်းစံဖို့ ကျွန်တော့်ကို အမိန့်ချလိုက်တယ်။ အဲ့ဒီထောင်မှာ အရာရှိတစ်ယောက်ရဲ့ အတွင်းရေးမှူးအဖြစ် အလုပ်,လုပ်ခဲ့ရတယ်။ နောက်အပတ် အနည်းငယ်အကြာမှာ ဝါရှင်တန် ဒီ.စီ.မြို့ကနေ အထူးစုံစမ်းရေးအရာရှိတစ်ယောက် ကျွန်တော်တို့ရုံးကို ရောက်လာပြီး ဟေဒန် ခါဗင်တန်ကို လိုက်စုံစမ်းနေတာလို့ သူကပြောတယ်။ သူက ယေဟောဝါသက်သေတွေရဲ့ တရားခံရှေ့နေဖြစ်ပြီး အမေရိကန်နိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှေ့နေတွေထဲမှာ အတော်ဆုံးဆိုပြီး လူသိများကြတယ်။
ဒန်နီ ဟာတဒိုနဲ့ အက်ဒ်မန် ရှမစ်ဒ်ဆိုတဲ့ ထောင်သားနှစ်ယောက်ရဲ့ မှတ်တမ်းအပြည့်အစုံကိုလည်း ရချင်တယ်လို့ အဲဒီစုံစမ်းရေးအရာရှိက ပြောတယ်။ ကျွန်တော့်ရဲ့ ကြီးကြပ်မှူးက “တိုက်ဆိုင်လိုက်တာ။ သူက မစ္စတာ ရှမစ်ဒ်ပဲ” ဆိုပြီးပြောလိုက်တယ်။ အဲဒီ စုံစမ်း
ရေးအရာရှိက လျှို့ဝှက်တာဝန်တစ်ခုနဲ့ ရောက်လာတာဖြစ်ပေမဲ့ အဲဒီကိစ္စကို ကျွန်တော်တို့ သတိပြုမိသွားပြီဆိုပြီး ချက်ချင်း သဘောပေါက်သွားတယ်။ ဒါနဲ့ မကြာခင်မှာပဲ ကျွန်တော့်ကို မီးဖိုချောင်မှာလုပ်ဖို့ တာဝန်ပြောင်းပေးလိုက်တယ်။ရှေ့ဆောင်ခြင်း၊ ဗေသလနဲ့ အိမ်ထောင်ပြုခြင်း
၁၉၄၆၊ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျွန်တော် ကတိခံဝန်ချက်နဲ့ ထောင်ကလွတ်လာတယ်။ ပြီးတော့ ရှေ့ဆောင်ပြန်လုပ်တယ်။ ဒီတစ်ခါတော့ ကယ်လီဖိုးနီးယားပြည်နယ်က ဟိုက်လန်ပါ့ခ်အသင်းတော်နဲ့ ပူးပေါင်းတယ်။ ၁၉၄၈၊ စက်တင်ဘာလမှာ ကျွန်တော် အကြာကြီး မျှော်လင့်စောင့်စားခဲ့ရတဲ့ ပန်းတိုင်ကို ရောက်ရှိသွားတယ်။ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုဖို့အတွက် ကျမ်းစာ,စာပေတွေ ထုတ်ဝေတဲ့ ဘရွတ်ကလင် (ဗေသလ) ဌာနချုပ်မှာ မုန့်ဖုတ်သမားအဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဂလင်ဒယ်လ်မြို့က စားသောက်ဆိုင်တစ်ခုမှာ စားဖိုမှူးအလုပ်ကနေ ချက်ချင်းထွက်လိုက်ပြီး ဗေသလကို ပြောင်းသွားတယ်။
နောက်ခုနစ်နှစ်အကြာ ၁၉၅၅ ခုနှစ်၊ ဥရောပမှာ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး အတော်များများ ကျင်းပခဲ့တယ်။ ကျွန်တော် သွားတက်နိုင်အောင် ကျွန်တော့်မိသားစုက ထောက်ပံ့ပေးတယ်။ လန်ဒန်၊ ပါရီ၊ ရောမမြို့တွေမှာ ကျင်းပတဲ့ စည်းဝေးကြီးတွေကို ကျွန်တော် တက်ရောက်ခဲ့ရတယ်။ အထူးသဖြင့် ဂျာမနီနိုင်ငံ၊ နူရမ်ဘာ့ဂ်မြို့က အားကစားကွင်းကြီးထဲမှာ ပရိသတ် ၁၀၇,၀၀၀ ကျော်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးကို တက်ရောက်ခဲ့ရတာ အရမ်းပျော်တယ်။ တစ်ချိန်တုန်းက အဲဒီနေရာမှာ ဟစ်တလာက သူ့စစ်တပ်ရဲ့ ဂုဏ်ပြုအလေးပြုတာကို ခံယူခဲ့တယ်။ သက်သေခံတွေကို မျိုးဖြုတ်ပစ်မယ်လို့ ဟစ်တလာရဲ့ ကြိမ်းဝါးမှုကို ခံခဲ့ရတဲ့သူတွေက ဒီစည်းဝေးကြီးမှာ ရှိနေကြတယ်။ သူတို့နဲ့အတူ ရှိနေရတာ အရမ်းစိတ်လှုပ်ရှားစရာကောင်းလိုက်တာ။
နူရမ်ဘာ့ဂ်စည်းဝေးကြီးမှာ ငယ်ရွယ်တဲ့ ဂျာမန်သက်သေခံ ဘရစ်ဂျစ် ဂါဗန်နဲ့တွေ့ပြီး ချစ်ကြိုးသွယ်မိတယ်။ တစ်နှစ်တောင်မကြာဘူး ကျွန်တော်တို့ လက်ထပ်လိုက်ပြီး ကျွန်တော့်မိဘတွေနဲ့နီးတဲ့ နေရာမှာ နေထိုင်ဖို့ ဂလင်ဒယ်လ်မြို့ကို ပြန်လာကြတယ်။ ကျွန်တော်တို့ရဲ့ သားဦး တွမ်ကို ၁၉၅၇ ခုနှစ်မှာ မွေးပြီး ဒုတိယသား ဒွန်ကို ၁၉၅၈ ခုနှစ်မှာ မွေးခဲ့တယ်။ သမီးလေး ဆာဘီနာကို ၁၉၆၀ ပြည့်နှစ်မှာ မွေးခဲ့တယ်။
ကျေနပ်ပြည့်စုံတဲ့ ဘဝ
ဘုရားသခင်ရဲ့ အမှုတော်ကိုဆောင်ဖို့ လူရမ်းကားအုပ်ရဲ့ တိုက်ခိုက်မှုတွေကြုံရ၊ ထောင်ချခံရတာတွေအတွက် ဝမ်းနည်းဖူးသလားလို့ တချို့ကမေးတယ်။ ယေဟောဝါဘုရားသခင်အပေါ် သစ္စာရှိသူတွေနဲ့အတူ ကိုယ်တော့်အမှုတော်ကိုဆောင်ရတဲ့ အခွင့်ထူးကို ကျွန်တော်ရရှိတဲ့အတွက် ကျေးဇူးတင်လိုက်တာ။ ကျွန်တော့်ရဲ့ တွေ့ကြုံမှုတွေက ဘုရားသခင်နဲ့ ပိုပြီး နီးနီးကပ်ကပ်နေဖို့၊ ကိုယ်တော်ကို ဘယ်တော့မှ မစွန့်ခွာဖို့ တခြားသူတွေအတွက် အားပေးမှုဖြစ်စေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
ဘုရားသခင်ရဲ့ အမှုတော်ကိုဆောင်တဲ့အတွက် ကိုယ်တော့်ကျေးကျွန်တွေဟာ ဆင်းရဲခက်ခဲမှုတွေကို ဆိုးဆိုးရွားရွား ခံခဲ့ရရှာတယ်။ ဒါပေမဲ့ အဲလိုခံရမယ်ဆိုတာ သူတို့ မျှော်လင့်ပြီးသားပါ။ ‘ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိလျက် ဘာသာတရားဆည်းကပ်မှုဖြင့် အသက်ရှင်နေထိုင်လိုသူအပေါင်းတို့သည်လည်း ညှဉ်းပန်းနှိပ်စက်မှုကို ခံကြရလိမ့်မည်’ လို့ ကျမ်းစာက ပြောထားတာပဲ။ (၂ တိမောသေ ၃:၁၂) ဒါပေမဲ့ ဆာလံ ၃၄:၁၉ မှာပါတဲ့ ဒီစကားက တကယ့်ကို မှန်ကန်တယ်– ‘ဖြောင့်မတ်သောသူသည် များစွာသော ဆင်းရဲခက်ခဲမှုကို ခံရသော်လည်း ထာဝရဘုရားသခင်သည် ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။’
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ယေဟောဝါသက်သေများ ထုတ်ဝေခဲ့သော်လည်း ယခု ပုံမနှိပ်တော့ပါ။
[စာမျက်နှာ ၂၇ ပါရုပ်ပုံ]
၁၉၄၀ ပြည့်လွန်နှစ် အစောပိုင်းက လူဝီဇီယားနားပြည်နယ်တွင် ဟောပြောနေ
[စာမျက်နှာ ၂၉ ပါရုပ်ပုံ]
ဌာနချုပ်တွင် မုန့်ဖုတ်သူအဖြစ် အမှုဆောင်နေ
[စာမျက်နှာ ၂၉ ပါရုပ်ပုံ]
ကျွန်တော့်ဇနီး ဘရစ်ဂျစ်နှင့်အတူ