မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတွေ ဘာကြောင့် မကောင်းမှု ကျူးလွန်ကြတာလဲ

လူတွေ ဘာကြောင့် မကောင်းမှု ကျူးလွန်ကြတာလဲ

လူတွေ ဘာကြောင့် မကောင်းမှု ကျူးလွန်ကြတာလဲ

လူတွေ မငြင်းနိုင်တဲ့ အရာတစ်ခုရှိတယ်။ အဲဒါကတော့ ပုထုဇဉ်မှန်သမျှ အမှားမကင်းဘူးဆိုတာပဲ။ အမှားလုပ်ပြီးမှပဲ နောင်တရတတ်ကြတယ်။ ဒါပေမဲ့ အဲဒါက ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ မီဒီယာလောကမှာဖြစ်စေ နေ့စဉ်လိုလို မြင်နေရကြားနေရတဲ့ မကောင်းမှု ကြီးကြီးငယ်ငယ်တွေကို ဖြစ်စေတဲ့ အကြောင်းရင်းလား။

လူတွေဟာ အမှားမကင်းကြပေမဲ့ အများအားဖြင့် ဘောင်မကျော်သင့်တဲ့ ကိုယ်ကျင့်တရားစည်းမျဉ်းတွေရှိတယ်၊ လူတွေမှာ မကောင်းမှုတွေကို ရှောင်နိုင်စွမ်းရှိတယ်ဆိုတာတွေကို အသိအမှတ်ပြုကြတယ်။ ပြီးတော့ အမှတ်တမဲ့ လိမ်ပြောမိတာနဲ့ တမင်တကာ လိမ်ပြောတာ၊ မတော်တဆ ထိခိုက်ဒဏ်ရာရစေတာနဲ့ တမင်ကြံစည်ပြီး လူသတ်မှုကျူးလွန်တာ မတူကြဘူးဆိုတာကို လူအများစု သဘောတူကြမှာပါ။ ဒါပေမဲ့ ထိတ်လန့်စဖွယ် လုပ်ရပ်တွေကို ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သာမန်လို့ထင်ရတဲ့ လူတွေ ကျူးလွန်တတ်ကြတာ ဘာကြောင့်လဲ။ လူတွေ ဘာကြောင့် မကောင်းမှုတွေ ကျူးလွန်ကြတာလဲ။

ဒီအကြောင်းကို  သမ္မာကျမ်းစာမှာ  ဖော်ပြထားပါတယ်။ မကောင်းဘူးလို့ သိထားတဲ့အရာတွေကို လူတွေ ဘာကြောင့် လုပ်ရတဲ့ အဓိကအကြောင်းရင်းတွေကို တိတိကျကျ ဖော်ပြထားတယ်။ ဘာတွေလဲဆိုတာကို သုံးသပ်ကြည့်ပါ။

“ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏။”ဒေ. ၇:၇

တစ်ခါတလေ  လူတွေက  ကိုယ်လုပ်မှာမဟုတ်တဲ့အရာကို အကြောင်းကြောင်းကြောင့် လုပ်မိသွားတာမျိုး ဖြစ်တတ်တယ်ဆိုတာ သမ္မာကျမ်းစာက အသိအမှတ်ပြုပါတယ်။ တချို့က ဆင်းရဲခက်ခဲမှုတွေ၊ မတရားမှုတွေကို ဖြေရှင်းတဲ့အနေနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တတ်ကြတယ်။ “အများအားဖြင့် လူတစ်ဦး အကြမ်းဖက်ရသည့် အဓိကရည်ရွယ်ချက်မှာ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးတင်းမာမှုများကို စိတ်ပျက်လာသောကြောင့်ဖြစ်သည်” ဆိုပြီး စာအုပ်တစ်အုပ် (Urban Terrorism) မှာဖော်ပြထားတယ်။

“ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။”၁ တိမောသေ ၆:၁၀ယုဒသန်ကျမ်း။

လူကောင်းတွေတောင်မှ  ငွေရရင်  လူမှုရေးကျင့်ဝတ်တွေ၊ ကိုယ်ကျင့်တရားတွေ ချိုးဖောက်တတ်ကြတာပဲလို့ တချို့ကပြောကြတယ်။ သာမန်အခြေအနေမှာ ဖော်ရွေပြီး ကြင်နာတဲ့သူတချို့ဟာ ချမ်းသာလာရင် ဒါမှမဟုတ် ဆင်းရဲမွဲတေသွားရင် နဂိုပုံစံမဟုတ်တော့ဘဲ ရုန့်ရင်းကြမ်းတမ်းလာပြီး ရန်လိုတတ်ကြတယ်။ ခြိမ်းခြောက်ငွေညှစ်တာ၊ လိမ်လည်တာ၊ ပြန်ပေးဆွဲတာ၊ လူသတ်တာစတဲ့ ရာဇဝတ်မှုတွေဟာ ငွေကိုတပ်မက်လွန်းရာကနေ စတင်လာတာဖြစ်တယ်။

“လူတို့သည် အဘယ်ကြောင့် ရာဇဝတ်မှုများကို ဤမျှ အလွယ်တကူ ကျူးလွန်ကြပါသနည်း။ ရာဇဝတ်မှုကို လျင်မြန်စွာ ဒဏ်မစီရင်သောကြောင့်ဖြစ်၏။”ဒေ. ၈:၁၁ခမ။

အာဏာပိုင်တွေ  စောင့်ကြည့်မနေတဲ့အခါ  လူတွေ  အပြစ်လုပ်တတ်ကြတယ်ဆိုပြီး အထက်ပါကျမ်းချက်က ထောက်ပြနေတာဖြစ်တယ်။ တကယ်လည်း မှန်ပါတယ်။ အဝေးပြေးလမ်းမတွေမှာ  သတ်မှတ်ထားတဲ့မိုင်နှုန်းကို ကျော်ပြီးမောင်းကြတယ်၊ စာမေးပွဲတွေမှာ မသမာတဲ့နည်းနဲ့ ဖြေဆိုကြတယ်၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ကြတယ်။ တခြားဆိုးရွားတဲ့ ပြစ်မှုတွေကိုလည်း ကျူးလွန်ကြသေးတယ်။ ဥပဒေက လျော့တိလျော့ရဲဖြစ်နေတဲ့အခါ၊ အဖမ်းခံရမှာကို ကြောက်တဲ့စိတ်မရှိတော့တဲ့အခါ သာမန် ဥပဒေလိုက်နာတဲ့သူတွေတောင်မှ ရဲဆေးတင်ပြီး ဥပဒေကို ချိုးဖောက်တတ်ကြတယ်။ “အပြစ်ဒဏ်မခံရအောင် အလွယ်တကူ တိမ်းရှောင်တတ်သော ရာဇဝတ်သားများကြောင့် သာမန်ပြည်သူများလည်း အရက်စက်ဆုံး ရာဇဝတ်မှုများကို ကျူးလွန်ရဲလာဟန်တူသည်” ဆိုပြီး မဂ္ဂဇင်း (Arguments and Facts) တစ်စောင်မှာ ဖော်ပြထားတယ်။

“လူတစ်ဦးစီသည် မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်းအားဖြင့် စမ်းသပ်ခံရ၏။ ထို့နောက် တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏။”ယာကုပ် ၁:၁၄၊ ၁၅

လူတိုင်း အတွေးမှားနိုင်တယ်။ များပြားလှတဲ့ အကြံပြုချက်တွေနဲ့ သွေးဆောင်မှုတွေက လူတွေအမှားလုပ်ဖို့ နေ့တိုင်း အနှောင့်အယှက်ပေးနေတယ်။ သမ္မာကျမ်းစာခေတ်က ခရစ်ယာန်တွေ ဒီလိုမိန့်မှာခံရတယ်– “လူတို့ကြုံရတတ်သော သွေးဆောင်ခြင်းကိုသာ သင်တို့ခံရ၏။” (၁ ကောရိန္သု ၁၀:၁၃) လူတစ်ယောက်ဟာ သူ့နှလုံးထဲမှာရှိတဲ့ အပြစ်ပြုလိုတဲ့ဆန္ဒကို မြန်မြန်ဖယ်ထုတ်လိုက်နိုင်တယ်၊ ဒါမှမဟုတ် အဲဒီအကြောင်း ဆက်တွေးနေနိုင်တယ်။ ဘယ်လိုပဲဖြစ်နေပါစေ နောက်ဆုံးရလဒ်က အဲဒီလူရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်တယ်။ လူတစ်ယောက်က မှားယွင်းတဲ့စိတ်ဆန္ဒကို “သန္ဓေတည်” စေမယ်ဆိုရင် မကောင်းမှုတွေကို ပြုလုပ်မိမှာ သေချာတယ်လို့ အထက်မှာဖော်ပြတဲ့ ယာကုပ်ကျမ်းက သတိပေးတယ်။

“ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”သု. ၁၃:၂၀

ကျွန်ုပ်တို့ရဲ့ အပေါင်းအသင်းတွေက ကျွန်ုပ်တို့အပေါ် ဩဇာညောင်းနိုင်တယ်ဆိုတာကို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ မကြာခဏဆိုသလို လူတွေဟာ လူပေါင်းမှားလို့ ဒုက္ခရောက်ခဲ့ကြရတယ်။ သမ္မာကျမ်းစာအရ “လူမိုက်” ဆိုတာ ဉာဏ်တိမ်တဲ့သူကို ပြောတာမဟုတ်ဘဲ ဘုရားသခင်ရဲ့စကားကို နားမထောင်တဲ့သူကို ပြောတာဖြစ်တယ်။ အသက်ကြီးကြီးငယ်ငယ် အပေါင်းအသင်းတွေကို သမ္မာကျမ်းစာစံနှုန်းနဲ့အညီ ပညာရှိရှိ မရွေးချယ် မပေါင်းသင်းဘူးဆိုရင် “ပျက်စီး” သွားနိုင်စရာ အကြောင်းရှိတယ်။

ထိတ်လန့်စဖွယ်  မကောင်းမှုတွေကို  လူတွေ  ဘာကြောင့် ကျူးလွန်ရတဲ့အကြောင်းရင်းကို အထက်ပါကျမ်းချက်တွေအပြင် တခြားကျမ်းချက်တွေမှာလည်း  တိုတိုတုတ်တုတ်  ရှင်းပြထားတယ်။ လူတွေကို မကောင်းမှုပြုဖို့ တွန်းပို့နေတဲ့ အရာတွေကို နားလည်ဖို့ အဲဒါတွေက ထောက်ကူပေမဲ့ အကောင်းဘက်ကို ပြောင်းလဲနိုင်စရာအကြောင်း  ရှိပါဦးမလား။  ရှိပါတယ်။ သမ္မာကျမ်းစာမှာ လူတွေ ဘာကြောင့် မကောင်းမှုတွေ ကျူးလွန်ရသလဲဆိုတာကို ရှင်းပြထားတဲ့အပြင် အဲဒီမကောင်းမှုတွေ ရှိတော့မှာမဟုတ်ဘူး ဆိုပြီးတော့လည်း ကတိပြုထားတယ်။ အဲဒီကတိတွေက ဘာတွေလဲ။ မကောင်းမှုမှန်သမျှ ကမ္ဘာပေါ်ကနေ တကယ်ပဲ ကွယ်ပျောက်သွားမှာလား။ နောက်ဆောင်းပါးမှာ အဖြေပေးထားပါတယ်။