မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ထာဝရဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်လျက် ကြီးပြင်းလာ၏’

‘ထာဝရဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်လျက် ကြီးပြင်းလာ၏’

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

‘ထာဝရဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်လျက် ကြီးပြင်းလာ၏’

ပရိသတ်ရဲ့မျက်နှာတွေကို ရှမွေလ သေသေချာချာ လိုက်ကြည့်လိုက်တယ်။ ပရောဖက်အဖြစ်၊ တရားသူကြီးအဖြစ် ဆယ်စုနှစ်များစွာ သစ္စာရှိရှိအမှုဆောင်ခဲ့တဲ့ ရှမွေလ ဆင့်ခေါ်လိုက်လို့ ဂိလဂါလမြို့ကို သူတို့ရောက်လာကြတာ။ ကနေ့ခေတ် ပြက္ခဒိန်အရဆိုရင် အဲဒီအချိန်က မေလ ဒါမှမဟုတ် ဇွန်လ ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ရာသီ အစပြုနေပြီ။ ရွှေဝါရောင်သန်းနေတဲ့ ဂျုံစပါးခင်းတွေကိုလည်း ရိတ်သိမ်းဖို့ အသင့်ဖြစ်နေပြီ။ ပရိသတ်က အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်နေတယ်။ သူတို့ရဲ့အာရုံတွေကို ရှမွေလ ဘယ်လိုဖမ်းစားမလဲ။

အခြေအနေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပရိသတ် သဘောမပေါက်ဘူး။ သူတို့ကို အုပ်ချုပ်ဖို့ ဘုရင်တစ်ပါး ခန့်အပ်ပေးပါဆိုပြီး မရမကတောင်းဆိုနေကြတယ်။ သူတို့ရဲ့ဘုရားသခင် ယေဟောဝါနဲ့ ပရောဖက်ကို မရိုမသေ၊ မလေးမစားလုပ်နေတာကို သူတို့ သဘောမပေါက်ကြဘူး။ တကယ်တော့ ယေဟောဝါဘုရားသခင်ကို သူတို့ရဲ့ဘုရင်အဖြစ် ငြင်းပယ်နေကြတာ။ သူတို့ နောင်တရအောင် ရှမွေလ ဘယ်လိုလုပ်ပေးမလဲ။

“ငါသည် အသက်ကြီး၍ ဆံပင်ဖြူပြီ” ဆိုပြီး ပရိသတ်ကို ရှမွေလ ပြောလိုက်တယ်။ သက်ကြီးရွယ်အိုရဲ့ စကားက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူ့ရဲ့ဖြူဖွေးနေတဲ့ဆံပင်က ဖော်ပြနေတယ်။ ပြီးတော့ သူဒီလိုဆက်ပြောတယ်– “ငါသည် ငယ်သောအရွယ်မှစ၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ သွားပြီ။” (၁ ဓမ္မရာဇဝင် ၁၁:၁၄၊ ၁၅; ၁၂:၂) ရှမွေလဟာ အသက်ကြီးနေပြီဖြစ်ပေမဲ့ သူ့ရဲ့ ငယ်ဘဝကို မမေ့သေးပါဘူး။ ငယ်စဉ်က အဖြစ်အပျက်တွေကို ကွင်းကွင်းကွက်ကွက် သူမြင်ယောင်နေတုန်းပဲ။ လူငယ်ဘဝမှာ သူချခဲ့တဲ့ ဆုံးဖြတ်ချက်တွေက ယေဟောဝါဘုရားသခင်ကို ယုံကြည်ဖို့၊ ဝတ်ပြုဖို့ လမ်းကြောင်းပေးခဲ့တယ်။

ယုံကြည်ခြင်းကင်းမဲ့သူ၊ သစ္စာမဲ့တဲ့သူတွေကြားမှာ ရှမွေလ နေရတဲ့အတွက် သူ့ရဲ့ယုံကြည်ခြင်းကို ထိန်းသိမ်းကာကွယ်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ရတယ်။ ယုံကြည်ခြင်းကင်းမဲ့ပြီး အကျင့်ပျက်ပြားနေတဲ့ ကနေ့လောကမှာ ကျွန်ုပ်တို့ အသက်ရှင်နေရတဲ့အတွက် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ထိန်းသိမ်းဖို့ ခက်ခဲနိုင်တယ်။ ငယ်စဉ်ကတည်းက စတင်ခဲ့တဲ့ ရှမွေလရဲ့ ပုံနမူနာကနေ ဘာသင်ခန်းစာ ယူနိုင်မလဲဆိုတာကို ကြည့်ကြစို့။

‘သူငယ်ရှမွေလသည် ထာဝရဘုရားသခင်ရှေ့၌ အမှုတော်ကို ဆောင်ရွက်လေ၏’

ရှမွေလရဲ့ ငယ်ဘဝက တစ်မူထူးခြားတယ်။ နို့ဖြတ်ပြီးတဲ့နောက် အသက်လေးနှစ်၊ ငါးနှစ်အရွယ်မှာ သူနေထိုင်တဲ့ ရာမမြို့ကနေ မိုင် ၂၀ ကျော်ဝေးတဲ့ ရှိလောမြို့မှာရှိတဲ့ ယေဟောဝါဘုရားသခင်ရဲ့ ၀တ်ပြုရာတဲတော်မှာ စပြီးအမှုဆောင်ခဲ့တယ်။ သူ့ရဲ့မိဘဖြစ်တဲ့ ဧလကာနနဲ့ ဟန္နတို့က သူ့ကို တစ်သက်လုံး နာဇရိလူအဖြစ် အမှုဆောင်ဖို့ ယေဟောဝါဘုရားသခင်ဆီမှာ အပ်နှံခဲ့ကြတာ။ * မိဘတွေက ရှမွေလကို မချစ်လို့ စွန့်ပစ်လိုက်တဲ့ သဘောလား။

မဟုတ်ပါဘူး။ သားလေးက ရှိလောမြို့မှာနေရင် ကြည့်ရှုစောင့်ရှောက်ခံရမယ်ဆိုတာ မိဘတွေ သိထားပါတယ်။ ရှမွေလက ယဇ်ပုရောဟိတ်မင်းဧလိနဲ့ အနီးကပ်အလုပ်,လုပ်မှာ ဖြစ်တဲ့အတွက် ဧလိက ကြီးကြပ်ပေးမှာ သေချာတယ်။ သည့်အပြင် ဝတ်ပြုရာတဲတော်မှာ အမျိုးသမီးတချို့လည်း အမှုဆောင်နေတဲ့အတွက် သူတို့လည်း ဝိုင်းကြည့်ပေးမှာပါ။—ထွက်မြောက်ရာ ၃၈:၈

သည့်အပြင် ဧလကာနနဲ့ ဟန္နတို့က ချစ်မြတ်နိုးရတဲ့ သားဦးလေးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကလေးက ဘုရားသခင်ဆီ ဆုတောင်းပြီးရထားတဲ့ ကလေးမို့လို့ပါ။ ဟန္နက သားလေးရဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ပြီး ရလာမယ့်သားလေးကို ဘုရားသခင့်အမှုတော် တစ်သက်လုံးထမ်းဆောင်ဖို့ အပ်နှံပါ့မယ်လို့ ကတိပြုထားတာ။ နှစ်တိုင်း ရှမွေလဆီ ဟန္နသွားလည်တဲ့အခါ သားလေးဝတ်ဖို့ သူကိုယ်တိုင်ချုပ်ထားတဲ့အင်္ကျီ ယူသွားပေးတတ်တယ်။ အမေလာလည်တဲ့အခါ သားလေး အရမ်းပျော်မှာ သေချာတယ်။ မိဘတွေရဲ့ မေတ္တာပါပါ အားပေးမှုနဲ့ လမ်းညွှန်မှုတွေကို ရှမွေလ နှစ်သက်မှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝတ်ပြုရာအိမ်တော်မှာ ယေဟောဝါဘုရားသခင်ရဲ့ အမှုကိုဆောင်တာက တကယ့်အခွင့်ထူးဖြစ်တယ်ဆိုပြီး မိဘတွေက သွန်သင်ပေးခဲ့ကြလို့ပါ။

ကနေ့ မိဘတွေလည်း ဧလကာနနဲ့ ဟန္နတို့ဆီကနေ အများကြီး သင်ယူနိုင်ပါတယ်။ အများအားဖြင့် မိဘတွေက ကိုယ့်ရဲ့ကလေးတွေကို ကြည့်ရှုစောင့်ရှောက်တဲ့အခါ ရုပ်ပစ္စည်းတွေနဲ့ပဲ ဖြည့်ဆည်းပေးပြီး ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကလေးတွေရဲ့ လိုအပ်ချက်ကိုတော့ လျစ်လျူရှုထားတတ်ကြတယ်။ ရှမွေလရဲ့ မိဘတွေက ဝတ်ပြုရေးကို ဦးစားထားခဲ့တဲ့အတွက် အဲဒါက ရှမွေလကြီးလာတဲ့အထိ ဩဇာလွှမ်းမိုးခဲ့တယ်။—သု. ၂၂:၆

ရှမွေလလေး တဖြည်းဖြည်း အရွယ်ရောက်လာတာ၊ ရှိလောမြို့ကို ဝိုင်းရံထားတဲ့ တောင်ကုန်းတွေကို လှည့်ပတ်ကြည့်နေတာကို ကျွန်ုပ်တို့ မြင်ယောင်ကြည့်နိုင်ပါတယ်။ ရှမွေလဟာ တောင်ကုန်းပေါ်ကနေ ရှိလောမြို့နဲ့ မြို့တစ်ဖက်မှာရှိနေတဲ့ လျှိုမြောင်ကို ငုံ့ကြည့်လိုက်တဲ့အခါ ယေဟောဝါဘုရားသခင်ရဲ့ ဝတ်ပြုရာတဲတော်ကို တွေ့မြင်သွားပြီး စိတ်ကြည်နူးရင်း ဂုဏ်ယူနေမှာ။ အဲဒီဝတ်ပြုရာတဲတော်က မြင့်မြတ်တဲ့နေရာဖြစ်တယ်။ * လွန်ခဲ့တဲ့ အနှစ် ၄၀၀ နီးပါးက မောရှေရဲ့ ညွှန်ကြားမှုအောက်မှာ ဆောက်လုပ်ခဲ့တဲ့ ဝတ်ပြုရာတဲတော်ဟာ ယေဟောဝါဘုရားသခင်ကို စင်ကြယ်စွာ ဝတ်ပြုတဲ့ အချက်အချာနေရာဖြစ်ခဲ့တယ်။

ဝတ်ပြုရာတဲတော်ကို လူငယ်ရှမွေလ တဖြည်းဖြည်း ချစ်မြတ်နိုးလာတယ်။ ‘သူငယ်ရှမွေလသည် ပိတ်သင်တိုင်းကို ဝတ်စည်းလျက် ထာဝရဘုရားသခင်ရှေ့၌ အမှုတော်ကို ဆောင်ရွက်လေ၏’ လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဓမ္မရာဇဝင် ၂:၁၈) ရှမွေလဝတ်တဲ့ ဝတ်ရုံက ဝတ်ပြုရာတဲတော်မှာ ယဇ်ပုရောဟိတ်တွေကို ကူညီပေးရတဲ့သူရဲ့ အမှတ်အသားတစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ ရှမွေလဟာ ယဇ်ပုရောဟိတ်အတန်းအစား မဟုတ်ပေမဲ့ ဝတ်ပြုရာတဲတော် ခြံဝင်းတံခါးကို မနက်တိုင်း ဖွင့်ပေးရတယ်။ သက်ကြီးရွယ်အို ဧလိရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရတယ်။ ဒီလိုလုပ်ပေးရတဲ့ အခွင့်ထူးတွေကို ရှမွေလ အရမ်းနှစ်သက်ပေမဲ့လည်း နောက်ပိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ ယေဟောဝါဘုရားသခင်ရဲ့ အိမ်တော်မှာ တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေပြီ။

အကျင့်ပျက်တဲ့သူတွေကြားမှာ စင်ကြယ်စွာ နေထိုင်ခြင်း

ရှမွေလ ငယ်ငယ်လေးကတည်းက ဆိုးသွမ်းမှုနဲ့ အကျင့်ပျက်ပြားမှုကို ကိုယ်တိုင်တွေ့မြင်ခဲ့တယ်။ ဧလိမှာ ဟောဖနိနဲ့ ဖိနဟတ်ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ ‘ဧလိ၏သားတို့သည် ယုတ်မာသောသူဖြစ်ကြ၏။ ထာဝရဘုရားသခင်ကို မသိ’ ဆိုပြီး ကျမ်းစာက ဖော်ပြတယ်။ (၁ ဓမ္မရာဇဝင် ၂:၁၂သမ္မာ) ဒီအခန်းငယ်မှာ အချက်နှစ်ချက်က ဆက်စပ်နေတယ်။ “ယုတ်မာသောသူ” များဆိုတဲ့ စကားလုံးက မူရင်းစာသားအရဆိုရင် “တန်ဖိုးမရှိသောသားများ” လို့ပြောနိုင်တယ်။ ဟောဖနိနဲ့ ဖိနဟတ်က ယေဟောဝါဘုရားသခင်ကို မလေးမစားပြုတဲ့အတွက် အဲဒီဖော်ပြချက်က သူတို့နဲ့ အံကိုက်ပဲ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေ၊ တောင်းဆိုချက်တွေကို သူတို့ အလေးမထားကြဘူး။ အဲဒါကြောင့် တခြားအပြစ်တွေကိုလည်း သူတို့ ကျူးလွန်ခဲ့တာဖြစ်တယ်။

ဘုရားသခင့်ပညတ်မှာ ယဇ်ပုရောဟိတ်တွေရဲ့ တာဝန်တွေ၊ တဲတော်မှာ ယဇ်ပူဇော်ပုံ၊ ပူဇော်နည်းတွေကို သတ်သတ်မှတ်မှတ် ဖော်ပြထားတယ်။ အဲလိုဖော်ပြထားတာက အကြောင်းကောင်းရှိရမယ်။ ယဇ်ပူဇော်ခြင်းက အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ဘုရားသခင် စီစဉ်ပေးတဲ့အရာဖြစ်တယ်။ ဒါမှသာ ဘုရားသခင်ရှေ့မှာ စင်ကြယ်တဲ့အနေအထားကို ရောက်နိုင်တဲ့အပြင် ဘုရားသခင့်ကောင်းချီးနဲ့ လမ်းညွှန်မှုတွေကို ရရှိမှာဖြစ်တယ်။ ဒါပေမဲ့ ဟောဖနိနဲ့ ဖိနဟတ်တို့ကြောင့် တခြားယဇ်ပုရောဟိတ်တွေလည်း ယဇ်ပူဇော်ခြင်းအစီအစဉ်ကို မခန့်လေးစား လုပ်လာကြတယ်။ *

အဲဒီလိုမတရားပြုမူနေတာကို ဘယ်သူမှ မဆုံးမဘဲ လွှတ်ထားတာကို လူငယ်ရှမွေလတွေ့ပြီး တအံ့တသြဖြစ်နေတဲ့ပုံကို မြင်ယောင်ကြည့်လိုက်ပါ။ ဘုရားသခင်ဆီက နှစ်သိမ့်မှုနဲ့ ခွန်အားရဖို့ တဲတော်ကို ရောက်လာကြပေမဲ့ စိတ်ပျက်လက်ပျက်ဖြစ်ပြီး အရှက်တကွဲနဲ့သာ ထွက်သွားရတဲ့ ဆင်းရဲသားတွေ၊ နိမ့်ကျတဲ့သူတွေအပြင် လူဘယ်နှစ်ယောက်ကို ရှမွေလ တွေ့ခဲ့သလဲ။ ဟောဖနိနဲ့ ဖိနဟတ်တို့က လိင်ဆိုင်ရာကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ပြီး တဲတော်မှာ အမှုဆောင်နေတဲ့ အမျိုးသမီးတချို့နဲ့ လိင်အကျင့်ပျက်ပြားနေတာကို ရှမွေလ တွေ့တဲ့အခါ ဘယ်လိုခံစားခဲ့ရသလဲ။ (၁ ဓမ္မရာဇဝင် ၂:၂၂) အဲဒီအခြေအနေကို ပြုပြင်တည့်မတ်ဖို့ ဧလိ တစ်ခုခုလုပ်လိမ့်မယ်လို့ ရှမွေလ မျှော်လင့်ထားမှာပဲ။

အဲဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ဧလိမှာ အဓိကတာဝန်ရှိတယ်။ ဧလိဟာ ယဇ်ပုရောဟိတ်မင်းအနေနဲ့ ဝတ်ပြုရာတဲတော်မှာ ဖြစ်ပျက်နေတဲ့အရာမှန်သမျှကို တာဝန်ယူရမယ်။ ဖခင်အနေနဲ့ သားတွေကို ဆုံးမပဲ့ပြင်ဖို့ တာဝန်ရှိတယ်။ ဧလိရဲ့သားတွေဟာ သူတို့ကိုယ်တိုင်ကိုရော၊ တခြားသူတွေကိုပါ ထိခိုက်နစ်နာအောင် လုပ်နေကြတယ်။ ဧလိဟာ ဖခင်တာဝန်ကိုရော၊ ယဇ်ပုရောဟိတ်မင်းတာဝန်ကိုပါ မကျေပွန်ခဲ့ဘူး။ သားတွေကို သူ ခပ်ပေါ့ပေါ့ပဲ ဆုံးမခဲ့တယ်။ (၁ ဓမ္မရာဇဝင် ၂:၂၃-၂၅) တကယ်တော့ သူ့ရဲ့သားတွေကို ပြင်းပြင်းထန်ထန် ဆုံးမဖို့လိုနေတာ။ သားတွေက သေထိုက်တဲ့အပြစ်ကို ကျူးလွန်နေကြတယ်လေ။

ယေဟောဝါဘုရားသခင်က အမည်မသိပရောဖက်တစ်ပါးကို ဧလိဆီ စေလွှတ်ပြီး ပြင်းထန်တဲ့သတင်းကို ပြောခိုင်းရတဲ့အထိ အခြေအနေတွေက ဆိုးဝါးလာတယ်။ ဧလိကို ဘုရားသခင်က ‘သင်၏သားတို့ကို ငါ့အပေါ်မှာ ချီးမြှောက်ထားသည်’ လို့ ပြောတယ်။ ဒါကြောင့် ဧလိရဲ့ဆိုးသွမ်းတဲ့သားတွေက တစ်နေ့ထဲမှာ တစ်ပြိုင်နက် သေမယ်၊ မိသားစုမှာ အခက်အခဲတွေ အကြီးအကျယ် ကြုံရမယ်၊ ယဇ်ပုရောဟိတ်အတန်းအစားကနေ ဖယ်ရှားခံရမယ်ဆိုပြီး ဘုရားသခင် ကြိုပြောခဲ့တယ်။ အဲလိုပြင်းထန်တဲ့ သတိပေးချက်ကြောင့် မိသားစုက ပြုပြင်ပြောင်းလဲခဲ့သလား။ မပြောင်းလဲဘူးလို့ မှတ်တမ်းမှာ ဖော်ပြထားတယ်။—၁ ဓမ္မရာဇဝင် ၂:၂၇-၃:၁

အဲဒီလိုအကျင့်ပျက်ပြားမှုတွေက လူငယ်ရှမွေလကို ဘယ်လိုထိခိုက်ခဲ့သလဲ။ မှတ်တမ်းက မကောင်းပေမဲ့လည်း ရှမွေလရဲ့တိုးတက်မှု သတင်းကောင်းကို ကြိုးကြားကြိုးကြား တွေ့ရပါတယ်။ ကျမ်းစာမှာ ဒီလိုပြောထားတာကို သတိရပါ– ‘သူငယ်ရှမွေလသည် ထာဝရဘုရားသခင်ရှေ့၌ အမှုတော်ကို ဆောင်ရွက်လေ၏။’ (၁ ဓမ္မရာဇဝင် ၂:၁၈) ရှမွေလဟာ ငယ်ရွယ်စဉ်ကတည်းကပဲ ဘုရားသခင့်အမှုတော်ကို အာရုံစိုက်လုပ်ဆောင်ခဲ့တယ်။ အခန်းငယ် ၂၁ [ခမ] မှာ ဒီလိုဖော်ပြထားတာကို ဖတ်ရတာ အားရှိစရာပဲ– ‘သူငယ်ရှမွေလသည် ထာဝရဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်လျက် ကြီးပြင်းလာ၏။’ ရှမွေလ ကြီးပြင်းလာတာနဲ့အမျှ ဘုရားသခင်နဲ့ သူ့ရဲ့နှောင်ကြိုးက ခိုင်မာသည်ထက် ခိုင်မာလာတယ်။ ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ရှိထားခြင်းက ဘယ်လိုအကျင့်ပျက်ပြားမှုတွေကိုမဆို တွန်းလှန်ဖို့ အကောင်းဆုံး အကာအကွယ်ဖြစ်တယ်။

ယဇ်ပုရောဟိတ်မင်းနဲ့ သူ့ရဲ့သားတွေက အပြစ်ကို လွယ်လွယ်နဲ့ကျူးလွန်နေကြတယ်ဆိုရင် ငါလည်း ငါလုပ်ချင်ရာ လုပ်လို့ရမယ်ထင်တယ်ဆိုပြီး ရှမွေလအတွက် ဆင်ခြင်ဖို့ လွယ်လွယ်လေးပဲ။ ဒါပေမဲ့ အခွင့်အာဏာရှိသူတွေအပါအဝင် တခြားသူတွေ အကျင့်ပျက်ပြားနေတဲ့အတွက် ကျွန်ုပ်တို့လည်း အပြစ်လုပ်လို့ရတယ်ဆိုပြီး ဆင်ခြေပေးလို့မရဘူး။ ကနေ့ စစ်မှန်တဲ့ခရစ်ယာန်လူငယ်တွေဟာ ရှမွေလရဲ့ ပုံနမူနာကို လိုက်လျှောက်ကြပြီး ပုံနမူနာမကောင်းတဲ့သူတွေကြားမှာ နေထိုင်ရပေမဲ့ ‘ထာဝရဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်လျက် ကြီးပြင်းလာ’ နေကြပါတယ်။

ထာဝရဘုရားသခင်ရဲ့အမှုတော်ကို ရှမွေလ ဆောင်ရွက်ခဲ့တဲ့အတွက် ဘာအကျိုးရခဲ့သလဲ။ ‘သူငယ်ရှမွေလသည် ဆက်လက်ကြီးပြင်း၍ ထာဝရဘုရားသခင်၏ရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဓမ္မရာဇဝင် ၂:၂၆) သူ့ရဲ့ သစ္စာတည်ကြည်တဲ့ လမ်းစဉ်ကြောင့် ရှမွေလဟာ ယေဟောဝါဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှုကိုခံရတဲ့အပြင် ဝတ်ပြုသူချင်းတွေရဲ့ ချစ်ခင်နှစ်သက်မှုကိုပါ ရရှိခဲ့တယ်။ ရှိလောမြို့မှာ ဖြစ်ပျက်နေတဲ့ ဆိုးသွမ်းမှုမှန်သမျှကို ဘုရားသခင် အရေးယူမယ်ဆိုတာ ရှမွေလ သိထားပေမဲ့ ဘယ်အချိန်မှာ အရေးယူမလဲဆိုတာကို သူသိချင်နေမှာပဲ။

“အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန် ကြားပါသည်”

တစ်ညမှာ သူသိချင်တဲ့အဖြေကို ရလိုက်ပြီ။ အချိန်က မိုးလင်းခါနီးနေပြီ။ တဲတော်မှာထွန်းထားတဲ့ မီးခွက်လည်း မီးမငြိမ်းသေးဘူး။ တိတ်ဆိတ်နေတဲ့အချိန်မှာ ရှမွေလက သူ့နာမည် ခေါ်သံကြားလိုက်တယ်။ အသက်လည်းကြီး၊ မျက်စိလည်းမှုန်နေတဲ့ ဧလိက သူ့ကိုခေါ်တယ်လို့ ရှမွေလ ထင်ခဲ့တာ။ ဒါနဲ့ ရှမွေလ အိပ်ရာကထပြီး ဧလိဆီ ပြေးသွားတယ်။ ဧလိ ဘာများလိုအပ်သလဲဆိုပြီး ဖိနပ်မပါဘဲ ပြေးသွားတာကို မြင်ယောင်ကြည့်နိုင်မလား။ ရှမွေလက ဧလိကို လေးလေးစားစားနဲ့ ကြင်ကြင်နာနာ ဆက်ဆံတာ မှတ်သားစရာပဲ။ ဧလိမှာ အပြစ်ရှိပေမဲ့လည်း ယေဟောဝါဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်မင်းဖြစ်နေတုန်းပဲလေ။—၁ ဓမ္မရာဇဝင် ၃:၂-၅

ဧလိကို ရှမွေလ နိုးလိုက်ပြီး “ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်” လို့ပြောလိုက်တယ်။ ဒါပေမဲ့ ဧလိက မင်းကို ငါမခေါ်ဘူး၊ သွားအိပ်တော့ဆိုပြီး ပြောတယ်။ အဲလိုအဖြစ်အပျက်မျိုး ထပ်ဖြစ်ပြန်တယ်။ ဧလိ သဘောပေါက်သွားပါပြီ။ ယေဟောဝါဘုရားသခင်က သူ့ရဲ့လူမျိုးကို အဆင်းအာရုံ ဒါမှမဟုတ် ပရောဖက်သတင်းတရားတွေကို သိပ်မပေးတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာဖြစ်ပျက်နေတဲ့ ဆိုးသွမ်းမှုတွေကြောင့်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အခု ယေဟောဝါဘုရားသခင်က ရှမွေလကို စကားပြောဆိုနေပြီဆိုတာ ဧလိ သိလိုက်ပြီ။ ဧလိက ရှမွေလကို ပြန်သွားအိပ်ခိုင်းပြီး နောက်တစ်ခါ ခေါ်သံကြားရင် ဘယ်လိုပြန်ဖြေရမယ်ဆိုတာ သင်ပေးလိုက်တယ်။ ရှမွေလလည်း နားထောင်တယ်။ မကြာခင် “ရှမွေလ၊ ရှမွေလ” ဆိုတဲ့ ခေါ်သံကို ပြန်ကြားရတယ်။ သူက “အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန် ကြားပါသည်” လို့ပြန်ဖြေလိုက်တယ်။—၁ ဓမ္မရာဇဝင် ၃:၁၊ ၅-၁၀

နောက်ဆုံးတော့ မိမိရဲ့စကားကို နားထောင်တဲ့ ကျေးကျွန်တစ်ယောက်ကို ရှိလောမြို့မှာ ယေဟောဝါဘုရားသခင် တွေ့လိုက်ရပါပြီ။ ဘုရားသခင်ရဲ့ စကားကို နားထောင်တာက ရှမွေလရဲ့ ဘဝပုံစံဖြစ်လာတယ်။ သင်ကော။ ညအချိန်မှာ ကျွန်ုပ်တို့ကို စကားပြောမယ့် ထူးဆန်းတဲ့အသံကို ကြားဖို့ စောင့်နေစရာမလိုဘူး။ ကနေ့ ဘုရားသခင်ရဲ့အသံကို တခြားနည်းနဲ့ ကျွန်ုပ်တို့ ကြားနိုင်ပါတယ်။ အဲဒါကတော့ ကျမ်းစာကနေတစ်ဆင့် ဖြစ်တယ်။ ဘုရားသခင်ရဲ့စကားကို နားထောင်ပြီး တုံ့ပြန်လေ၊ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကလည်း ပိုပြီးခိုင်ခံ့လာလေပဲ။ ရှမွေလလည်း အဲဒီအတိုင်း လုပ်ခဲ့တယ်။

အဲဒီညအဖြစ်အပျက်က ရှမွေလရဲ့ဘဝမှာ အတော်လေးကို အရေးပါခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယေဟောဝါဘုရားသခင်နဲ့ အထူးဆက်ဆံရေးရရှိခဲ့ပြီး ဘုရားသခင်ရဲ့ ပရောဖက်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာလို့ပဲ။ အစပိုင်းမှာ လူငယ်ရှမွေလက ဧလိကို ယေဟောဝါဘုရားသခင်ရဲ့သတင်းစကား မပြောပြရဲဘူး။ အဲဒီသတင်းစကားက ဧလိရဲ့မိသားစုနဲ့ပတ်သက်တဲ့ နောက်ဆုံးကြေညာချက်ဖြစ်ပြီး မကြာခင် အဲဒါက ပြည့်စုံလာတော့မှာ။ ဒါပေမဲ့ ရှမွေလက အားတင်းပြီး ဧလိကို ပြောပြလိုက်တယ်။ ဧလိကလည်း ဘုရားသခင်ရဲ့ စီရင်ချက်ကို နှိမ့်ချစွာ လက်ခံလိုက်တယ်။ မကြာခင်မှာပဲ ဘုရားသခင် ပြောတဲ့အတိုင်း အားလုံးဖြစ်လာတယ်။ အစ္စရေးလူတွေဟာ ပါလက်စတိုင်းလူတွေနဲ့ စစ်တိုက်တဲ့အခါ ဟောဖနိနဲ့ ဖိနဟပ်တို့ တစ်နေ့တည်းမှာပဲ အသတ်ခံလိုက်ရတယ်။ ယေဟောဝါဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ သေတ္တာတော်ကို ပါလက်စတိုင်းလူတွေ ယူသွားတဲ့သတင်းကို ဧလိကြားသိလိုက်တာနဲ့ အသက်ထွက်သွားတယ်။—၁ ဓမ္မရာဇဝင် ၃:၁၀-၁၈; ၄:၁-၁၈

ဒါပေမဲ့ သစ္စာရှိပရောဖက်အဖြစ် ရှမွေလရဲ့ဂုဏ်သတင်းကတော့ မွှေးလို့နေပါတယ်။ ‘ထာဝရဘုရားသခင်သည် သူနှင့်အတူရှိ’ တဲ့အတွက် ရှမွေလရဲ့ ပရောဖက်ပြုချက်တစ်ခုမကျန် ဘုရားသခင် ပြည့်စုံစေခဲ့တယ်။—၁ ဓမ္မရာဇဝင် ၃:၁၉

ရှမွေလ ‘ထာဝရဘုရားသခင်ကို ဆုတောင်း’

အစ္စရေးလူတွေဟာ ရှမွေလရဲ့ ဦးဆောင်မှုကို လိုက်ပြီး ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေးရှိတဲ့ သစ္စာရှိသူတွေ ဖြစ်လာကြသလား။ မဖြစ်လာကြပါဘူး။ မကြာခင်မှာ သူတို့ကို တရားစီရင်တဲ့ ပရောဖက်ထက် ပိုပြီးသာတဲ့သူကို တောင်းဆိုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အိမ်နီးချင်းနိုင်ငံတွေလိုပဲ လူသားဘုရင်တစ်ပါးကို လိုချင်ကြတယ်။ ယေဟောဝါဘုရားသခင်ရဲ့ ညွှန်ကြားချက်အရ သူတို့ရဲ့ တောင်းဆိုချက်ကို ရှမွေလ လိုက်လျောပေးလိုက်တယ်။ အစ္စရေးလူတွေရဲ့ အပြစ်က ဘယ်လောက်ထိ ကြီးလေးတယ်ဆိုတာကိုတော့ ရှမွေလ ထုတ်ဖော်ပြရမယ်။ သူတို့က ရှမွေလတင်မကဘူး၊ ယေဟောဝါဘုရားသခင်ကိုပါ ငြင်းပယ်နေကြတာ။ ဒါကြောင့် သူက အစ္စရေးလူတွေကို ဂိလဂါလမြို့ကို လာခဲ့ကြဖို့ ဆင့်ခေါ်လိုက်တယ်။

ဂိလဂါလမြို့မှာ ရောက်လာတဲ့ အစ္စရေးလူတွေကို ရှမွေလ စကားပြောနေတဲ့အချိန်ကို ပြန်မြင်ယောင်ကြည့်ကြစို့။ သက်ကြီးရွယ်အို ရှမွေလက သူရဲ့ သမာဓိစောင့်သိတဲ့ လမ်းစဉ်အကြောင်း အစ္စရေးလူတွေကို ပြန်ပြောပြခဲ့တယ်။ အဲဒီနောက် ရှမွေလက မိုးသက်မုန်တိုင်းကျဖို့ ‘ထာဝရဘုရားသခင်ကို ဆုတောင်း’ လိုက်တယ်။—၁ ဓမ္မရာဇဝင် ၁၂:၁၇၊ ၁၈

မိုးသက်မုန်တိုင်း ဟုတ်လား။ ဒီအချိန်က ခြောက်သွေ့ရာသီ မဟုတ်ဘူးလား။ တစ်ခါမှ ဒါမျိုးမကြားဖူးဘူး။ ပရိသတ်ထဲမှာ သရော်လှောင်ပြောင်မှုတွေ ရှိနေရင်တောင် သူတို့ကြာကြာ မလှောင်လိုက်ရပါဘူး။ ဘာကြောင့်လဲဆိုတော့ မိုးကောင်းကင်ကြီးက ရုတ်တရက်ဆိုသလို မှောင်မည်းလာတယ်။ လေကလည်း ဂျုံစပါးခင်းတွေ ပိပြားသွားတဲ့အထိ တိုက်ခတ်လာတယ်။ မိုးခြိမ်းသံကလည်း နားကွဲလုမတတ် ကျယ်လောင်စွာ မြည်ဟည်းလာတယ်။ ပြီးတော့ မိုးရွာလာပါလေရော။ လူတွေ ဘယ်လိုဖြစ်ကုန်ကြသလဲ။ ‘လူအပေါင်းတို့သည် ထာဝရဘုရားသခင်နှင့် ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။’ နောက်ဆုံးမှာတော့ သူတို့ရဲ့ အပြစ်က ဘယ်လောက်ကြီးသလဲဆိုတာ သူတို့ သိမြင်သွားခဲ့တယ်။—၁ ဓမ္မရာဇဝင် ၁၂:၁၈၊ ၁၉

အဲဒီလိုနဲ့ ယေဟောဝါဘုရားသခင်က သူတို့ရဲ့အမှားကို သိမြင်စေခဲ့တယ်။ ရှမွေလဟာ ငယ်စဉ်တောင်ကျေးဘဝကစပြီး ဇရာအိုဘဝအထိ ဘုရားသခင်အပေါ် သစ္စာရှိခဲ့တယ်။ အဲဒါကြောင့် ဘုရားသခင်က သူ့ကို ကောင်းချီးပေးခဲ့တယ်။ ကနေ့လည်း ဘုရားသခင်က ပြောင်းလဲခြင်းမရှိပါဘူး။ ရှမွေလလိုမျိုး ယုံကြည်ခြင်းရှိတဲ့သူတွေကို ဘုရားသခင်က ဆက်ထောက်မနေတုန်းပါပဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 နာဇရိလူတို့သည် အရက်ယမကာသောက်သုံးခြင်း၊ ဆံပင်ဖြတ်ခြင်း မပြုရန် ကတိသစ္စာပြုရသည်။ လူအများစုက အချိန်အကန့်အသတ်ဖြင့်သာ ကတိသစ္စာပြုကြသော်လည်း ရှံဆုန်၊ ရှမွေလနှင့် နှစ်ခြင်းဆရာယောဟန်ကဲ့သို့သော လူနည်းစုကမူ တစ်သက်လုံး နာဇရိလူလုပ်ရန် ကတိသစ္စာပြုထားကြသည်။

^ အပိုဒ်၊ 12 ဝတ်ပြုရာတဲတော်သည် သစ်သားဘောင်ဖြင့် ပြုလုပ်ထားသော ထောင့်မှန်စတုဂံပုံ တဲရှင်ဖြစ်သည်။ တဲတော်ကို အကောင်းဆုံးပစ္စည်းများဖြစ်သော တဟာရှသားရေ၊ အလှပန်းထိုးထားတဲ့ ပိတ်ထည်များ၊ ရွှေရည်၊ ငွေရည်စိမ်ထားတဲ့ တန်ဖိုးကြီးသစ်များဖြင့် ဆောက်လုပ်ထားသည်။ ထောင့်မှန်စတုဂံပုံ ဝင်းထဲတွင် တဲတော်အပြင် ယဇ်ပူဇော်ရန် ယဇ်စင်မြင့်ကြီးတစ်ခုလည်း ရှိသည်။ အတန်ကြာသော် ဝတ်ပြုရာတဲတော်တွင် ယဇ်ပုရောဟိတ်များ အသုံးပြုရန် အခြားအခန်းများ ဖွဲ့ထားပေးသည်။ ထို့ကြောင့် ရှမွေလသည် အခန်းတစ်ခန်းတွင် အိပ်ခဲ့ပုံရပေမည်။

^ အပိုဒ်၊ 16 ဤမှတ်တမ်းတွင် မခန့်လေးစားပြုမူသော ဖြစ်ရပ်နှစ်ခုကို တွေ့ရသည်။ ပထမတစ်ခုမှာ ပညတ်တရားအရ ပူဇော်ထားသော ယဇ်ကောင်၏ အပိုင်းတချို့ကို ယဇ်ပုရောဟိတ်များ စားသုံးရန်ဖြစ်သည်။ (တရားဟောရာ ၁၈:၃) သို့သော် ဝတ်ပြုရာတဲတော်တွင် ဆိုးသွမ်းသောယဇ်ပုရောဟိတ်များသည် ထိုပညတ်တရားကို မလိုက်နာကြချေ။ သူတို့သည် အစေအပါးများကို စေလွှတ်၍ အသားပြုတ်အိုးထဲမှ ကောင်းသောအစိတ်အပိုင်းများကို ရွေးယူလာခိုင်းသည်။ ဒုတိယတစ်ခုမှာ လူတို့သည် ယဇ်ပလ္လင်ပေါ် မီးရှို့ရန် ယဇ်ကောင်များ ယူလာသောအခါ ဆိုးသွမ်းသော ယဇ်ပုရောဟိတ်များသည် အစေအပါးတစ်ယောက်ကို စေလွှတ်၍ အသားစိမ်းအပြင် ယေဟောဝါဘုရားသခင်ရှေ့မှာ ပူဇော်ရမည့် ဆီဥကိုပင် အတင်းအကျပ် ယူလာခိုင်းကြသည်။—ဝတ်ပြုရာ ၃:၃-၅; ၁ ဓမ္မရာဇဝင် ၂:၁၃-၁၇

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

ဧလိကို ယေဟောဝါဘုရားသခင်ရဲ့ တရားစီရင်ချက်သတင်းပြောဖို့ ရှမွေလ ကြောက်ရွံ့နေပေမဲ့ အားတင်းပြီး ပြောပြခဲ့

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

ယုံကြည်ခြင်းဖြင့် ရှမွေလ ဆုတောင်းခဲ့တဲ့အတွက် ယေဟောဝါဘုရားသခင်က မိုးသက်မုန်တိုင်းကျစေပြီး အဖြေပေးခဲ့