မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ပုဂ္ဂိုလ်လား၊ စွမ်းအားတော်လား

အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ပုဂ္ဂိုလ်လား၊ စွမ်းအားတော်လား

အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ပုဂ္ဂိုလ်လား၊ စွမ်းအားတော်လား

ယေဟောဝါသက်သေတွေဟာ တခြားသူတွေနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးရတာကို နှစ်သက်ကြတယ်။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက် ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံ တစ်ခုခုကို သင်မသိချင်ဘူးလား။ သိချင်တယ်ဆိုရင် သူတို့နဲ့တွေ့တဲ့အခါ မေးဖို့မတွန့်ဆုတ်ပါနဲ့။ သူတို့က ဝမ်းသာအားရ ပြောပြကြမှာပါ။

အခုဖော်ပြမယ့်ဆွေးနွေးခန်းက  သက်သေခံတစ်ယောက်နဲ့ ခရစ်ယာန်အိမ်ရှင်တစ်ယောက်တို့ရဲ့ ဆွေးနွေးခန်းဖြစ်ပါတယ်။ သက်သေခံရဲ့ နာမည်ကို ကိုဇော်ဇော်၊ ခရစ်ယာန်အိမ်ရှင်ရဲ့ နာမည်ကိုတော့ ဦးမိုက်ကယ်လို့ ဆိုကြပါစို့။

“သန့်ရှင်းသောဝိညာဉ်တော်” ဆိုတာဘာလဲ

ဦးမိုက်ကယ်– ခင်ဗျားတို့ ယေဟောဝါသက်သေတွေက ခရစ်ယာန်တွေမဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်ကို ခင်ဗျားတို့ ယုံမှမယုံကြတာ။

ကိုဇော်ဇော်– ကျွန်တော်တို့က ခရစ်ယာန်တွေဆိုတာ ပြောပြခွင့်ပြုပါ။ ယေရှုခရစ်ကို ကျွန်တော်တို့ ယုံလို့ပဲ အန်ကယ်ဆီ ရောက်လာတာပါ။ ယေရှုက ဟောပြောဖို့ သူ့ရဲ့နောက်လိုက်တွေကို မိန့်မှာခဲ့ပါတယ်။ ဒါနဲ့၊ အန်ကယ်ပြောတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာကိုပြောတာလဲ။

ဦးမိုက်ကယ်– သုံးပါးပေါင်းတစ်ပါးဘုရားသခင်ထဲက တစ်ပါးကိုပြောတာလေ။ နောက်လိုက်တွေကို ကူညီဖို့ သန့်ရှင်းသောဝိညာဉ်တော် စေလွှတ်ပေးမယ်လို့ ယေရှုကတိပြုခဲ့တယ် မဟုတ်ဘူးလား။ အဲဒါက ငါ့အတွက် အရမ်းအရေးပါတယ်။ ငါ့ဘဝမှာ သန့်ရှင်းသောဝိညာဉ်တော် လွှမ်းမိုးနေတာပဲ လိုချင်တယ်။

ကိုဇော်ဇော်– လူအများက သန့်ရှင်းသောဝိညာဉ်တော်ကို အန်ကယ်လိုပဲ နားလည်ထားကြတယ်။ အန်ကယ် အချိန်နည်းနည်းပေးနိုင်မယ်ဆိုရင် ကျွန်တော်သိထားတဲ့အရာကို ဝေမျှချင်ပါတယ်။

ဦးမိုက်ကယ်– အချိန်ပေးနိုင်ပါတယ်။

ကိုဇော်ဇော်– ကျွန်တော့်နာမည်က ကိုဇော်ဇော်ပါ။ ကျေးဇူးပြု၍ အန်ကယ့်နာမည်ကို သိပါရစေ။

ဦးမိုက်ကယ်– ဦးမိုက်ကယ်ပါ။

ကိုဇော်ဇော်– ကျေးဇူးတင်ပါတယ်၊ အန်ကယ်။ အချိန်တိုအတွင်းမှာပဲ ဒီအကြောင်းကို အနည်းငယ် ပြောပြခွင့်ပြုပါ။ တပည့်တွေကို ကူညီပေးဖို့ သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှု စေလွှတ်ပေးမယ်လို့ အန်ကယ်ပြောလိုက်တယ်နော်။ ကျွန်တော်လည်း သဘောတူပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘုရားသခင်နဲ့ တန်းတူဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ အန်ကယ် သိထားတာလား။

ဦးမိုက်ကယ်– ဟုတ်တယ်၊ ငါ အဲဒီလိုပဲ သိထားတာ။

သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ပုဂ္ဂိုလ်တစ်ဦးလား

ကိုဇော်ဇော်– သန့်ရှင်းသောဝိညာဉ်တော်က ဘာလဲဆိုတာသိဖို့ တမန်တော် ၁:၈ ကို အတူတကွ ဖတ်ကြည့်ကြရအောင်။ “သင်တို့အပေါ်သို့ သန့်ရှင်းသောစွမ်းအားတော် သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်။” ကျမ်းစာမှ “သန့်ရှင်းသောဝိညာဉ်တော်” အစား “သန့်ရှင်းသောစွမ်းအားတော်” ဆိုပြီး အသုံးပြုထားတာကို အန်ကယ် သတိပြုမိသလား။ ဒီကျမ်းချက်မှာ ယေရှုက ပုဂ္ဂိုလ်တစ်ဦးအကြောင်းမဟုတ်ဘဲ တန်ခိုးနဲ့ဆက်စပ်နေတဲ့အရာတစ်ခုအကြောင်းကို ပြောနေတာဖြစ်တယ်။ မူရင်းဟီဘရူးနဲ့ ဂရိဘာသာစကားအရဆိုရင် မမြင်နိုင်တဲ့စွမ်းအားတစ်ခုကို ဆိုလိုတယ်။ ဘုရားသခင်က မိမိရဲ့ရည်ရွယ်ချက် အထမြောက်ဖို့၊ အလိုတော်ကို ထုတ်ဖော်ပြဖို့ အဲဒီစွမ်းအားကို အသုံးပြုတယ်။ သန့်ရှင်းသောစွမ်းအားတော်ဆိုတာ ပုဂ္ဂိုလ်တစ်ဦးဟုတ်မဟုတ် သိနိုင်ဖို့ တမန်တော် ၂:၁-၄ ကို ဆက်ဖတ်ကြည့်ရအောင်။ “ပင်တေကုတ္တေပွဲ ကျင်းပနေစဉ် ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေး၍နေကြ၏။ လေပြင်းတိုက်သံနှင့်တူသော အသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၍ ထိုသူတို့ထိုင်နေသော အိမ်တစ်အိမ်လုံး၌ ပြည့်လေ၏။ ထိုအခါ မီးလျှာကဲ့သို့သောအရာများ ထင်ရှားလာပြီး အဖြာဖြာကွဲပြားလျက် ထိုသူအသီးသီးတို့အပေါ်တွင် တည်နေ၏။ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောစွမ်းအားတော်နှင့်ပြည့်လျက် စွမ်းအားတော်က မြွက်ဆိုခွင့်ပေးသည့်အတိုင်း အမျိုးမျိုးသောဘာသာစကားများဖြင့် ပြောဆိုကြလေ၏။”

ဦးမိုက်ကယ်– ဒီမှတ်တမ်းကို ငါသိပါတယ်။

ကိုဇော်ဇော်– အန်ကယ်၊ ပုဂ္ဂိုလ်တစ်ဦးက နောက်ပုဂ္ဂိုလ်တစ်ဦးနဲ့ ပြည့်နေလို့ရပါ့မလား။

ဦးမိုက်ကယ်– ဘယ်ရမလဲ။

ကိုဇော်ဇော်– အခန်းငယ် ၁၇ ကို ဆက်ဖတ်ကြည့်ရအောင်။ “ဘုရားသခင်က ‘နောက်ဆုံးသော နေ့ရက်ကာလ၌ လူအမျိုးမျိုးတို့အပေါ်သို့ ငါ၏စွမ်းအားတော်ကို သွန်းလောင်းမည်။’” ဘုရားသခင်က သူနဲ့တန်းတူဖြစ်နေတဲ့ အစိတ်အပိုင်းတစ်ခုကို သွန်းလောင်းလို့ရပါ့မလား။

ဦးမိုက်ကယ်– မရဘူး။

ကိုဇော်ဇော်– သန့်ရှင်းသောစွမ်းအားတော်နဲ့ ပြည့်နေတယ်ဆိုတဲ့ နောက်ဖော်ပြချက်တစ်ခုကို နှစ်ခြင်းဆရာယောဟန် အသုံးပြုခဲ့တယ်။ မဿဲ ၃:၁၁ ကိုဖတ်ကြည့်ရအောင်။ “ငါမူကား သင်တို့၏နောင်တကြောင့် သင်တို့ကို ရေဖြင့်နှစ်ခြင်းပေး၏။ ငါ့နောက်မှ ကြွလာသောသူမူကား ငါ့ထက်တတ်စွမ်းတော်မူ၏။ ငါသည် သူ၏ဖိနပ်ကိုပင် မချွတ်ထိုက်။ ထိုသူသည် သန့်ရှင်းသောစွမ်းအားတော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း သင်တို့ကို နှစ်ခြင်းပေးလိမ့်မည်။” ဒီကျမ်းချက်မှာ အန်ကယ် သတိပြုမိသလား။ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘာလုပ်ဆောင်ပေးမယ်လို့ နှစ်ခြင်းဆရာယောဟန် ပြောခဲ့သလဲ။

ဦးမိုက်ကယ်– သန့်ရှင်းသောစွမ်းအားတော်နဲ့ နှစ်ခြင်းပေးမယ်လို့ သူပြောခဲ့တယ်။

ကိုဇော်ဇော်– ဟုတ်ပါတယ်။ မီးနဲ့ နှစ်ခြင်းပေးမယ်လို့ ပြောခဲ့တာကိုလည်း အန်ကယ် သတိပြုမိမှာပါ။ မီးက ပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘူးဆိုတာ သိသာပါတယ်။ သန့်ရှင်းသောစွမ်းအားတော်က ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ ဒီကျမ်းချက်မှာ ပြောထားသလား။

ဦးမိုက်ကယ်– မပြောထားဘူး။

ကိုဇော်ဇော်– အခု ကျွန်တော်တို့ ဖတ်ခဲ့တဲ့ကျမ်းချက်တွေအရ သန့်ရှင်းသောစွမ်းအားတော်က ပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘူးဆိုတာ သိရတယ်။

ဦးမိုက်ကယ်– ဒီလိုဆိုတော့လည်း ဟုတ်နေတာပဲ။

သန့်ရှင်းသောစွမ်းအားတော်က ဘယ်လိုနည်းနဲ့ ကူညီမစသလဲ

ကိုဇော်ဇော်– ယောဟန် ၁၄:၂၆ မှာ သန့်ရှင်းသောစွမ်းအားတော်ကို “ကူညီမစသူ” အဖြစ် ယေရှု တင်စားပြောခဲ့တယ်။ အဲဒီကျမ်းချက်ကို အတူတကွ ဖတ်ကြည့်ရအောင်– “ခမည်းတော်သည် ငါ၏နာမ၌ စေလွှတ်တော်မူသော ကူညီမစသူဖြစ်သည့် သန့်ရှင်းသောစွမ်းအားတော်သည် သင်တို့အား ခပ်သိမ်းသောအရာများကို သွန်သင်တော်မူမည်။ ငါပြောခဲ့သမျှကိုလည်း မှတ်မိစေတော်မူမည်။” သန့်ရှင်းသောစွမ်းအားတော်က သွန်သင်ပြသပေးမယ့် ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ဆိုတဲ့ အယူအဆကို ဒီကျမ်းချက်က ထောက်ခံပုံရတယ်လို့ တချို့ ယူဆကြတယ်။

ဦးမိုက်ကယ်– ငါလည်း အဲဒီလိုပဲ ယူဆခဲ့တာ။

ကိုဇော်ဇော်– ယေရှု တင်စားချက်တွေ အသုံးပြုနေတာကော မဖြစ်နိုင်ဘူးလား။ ဉာဏ်ပညာနဲ့ပတ်သက်ပြီး လုကာ ၇:၃၅ မှာ “ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်များဖြင့် သက်သေထူ၏” ဆိုပြီး ယေရှုပြောခဲ့တယ်။ အောက်ခြေမှတ်ချက်မှာ ကြည့်မယ်ဆိုရင် “မိမိ၏လုပ်ရပ်များ” ကို “မိမိ၏သားသမီးများ” လို့ဖော်ပြထားတယ်။ ဒီအချက်အရ ဉာဏ်ပညာကို ပုဂ္ဂိုလ်တစ်ဦးလို့ ပြောလို့ရမလား။ သူ့မှာ တကယ်ပဲ သားသမီးတွေရှိသလား။

ဦးမိုက်ကယ်– ဒါက တင်စားချက်ဆိုတာ သိသာပါတယ်။

ကိုဇော်ဇော်– ဟုတ်ပါတယ်။ ရလဒ်ကိုကြည့်ပြီး ဉာဏ်ပညာရှိမရှိ ဆုံးဖြတ်တာကို ယေရှုပြောနေတာဖြစ်တယ်။ သက်မဲ့တွေကို သက်ရှိတွေအဖြစ် တင်စားတဲ့ ဥပစာအသုံးအနှုန်းတွေကို ကျမ်းစာမှာ မကြာခဏ အသုံးပြုထားတယ်။ ကျွန်တော်တို့လည်း စကားပြောတဲ့အခါ သုံးလေ့ရှိပါတယ်။ ဥပမာ၊ မိုးကုပ်စက်ဝိုင်းကြီးပေါ်မှာ နေမင်းကြီးက မေးတင်နေတယ်ဆိုတဲ့ တင်စားချက်ကို အန်ကယ်ကြားဖူးမှာပါ။

ဦးမိုက်ကယ်– ကြားဖူးပါတယ်။

ကိုဇော်ဇော်– နေမင်းကြီးက ပုဂ္ဂိုလ်တစ်ဦးလို မေးတင်နေတာကို ဆိုလိုတာလား။

ဦးမိုက်ကယ်– ဘယ်ဟုတ်မလဲ။ ဒါက တင်စားချက်ပဲ။

ကိုဇော်ဇော်– အဲဒီလိုပဲ။ သန့်ရှင်းသောစွမ်းအားတော်ကို ကူညီမစသူ၊ ဒါမှမဟုတ် သွန်သင်သူအဖြစ် ယေရှု တင်စားပြီးပြောနေတာ မဖြစ်နိုင်ဘူးလား။

ဦးမိုက်ကယ်– အင်း၊ ဖြစ်နိုင်ပါတယ်။

ကိုဇော်ဇော်– နောက်ဆုံးအနေနဲ့ လုကာ ၁၁:၁၃ ကိုဖတ်ကြည့်ရအောင်။ “သင်တို့သည် လူဆိုးဖြစ်လျက်ပင် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်ကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်။” ကောင်းကင်ခမည်းတော်က သန့်ရှင်းသောစွမ်းအားတော်ကို ထိန်းချုပ်ထားပြီး သူ့ဆီတောင်းခံတဲ့သူတွေကို ပေးတယ်ဆိုရင် သန့်ရှင်းသောစွမ်းအားတော်က ခမည်းတော်နဲ့ တန်းတူဖြစ်နိုင်ပါ့မလား။

ဦးမိုက်ကယ်– ဘယ်ဖြစ်နိုင်မလဲ။

ကိုဇော်ဇော်– အန်ကယ် အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့အရ သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ။

ဦးမိုက်ကယ်– ဘုရားသခင်ရဲ့ စွမ်းအားတော်ဖြစ်တယ်။

ကိုဇော်ဇော်– မှန်ပါတယ်။ ယောဟန် ၁၄:၂၆ အရ သန့်ရှင်းသောစွမ်းအားတော်ကို ကူညီမစသူ၊ သွန်သင်သူအဖြစ် ယေရှု ပြောခဲ့တုန်းက ဥပစာစကားကို အသုံးပြုခဲ့တာဖြစ်တယ်။

ဦးမိုက်ကယ်– ဒီအကြောင်းကို အခုမှပဲ သိရတော့တယ်။

ကိုဇော်ဇော်– ယေရှုရဲ့စကားတွေကနေ ယုံကြည်စိတ်ချစေတဲ့ အရာတစ်ခုရှိသေးတယ်။

ဦးမိုက်ကယ်– အဲဒါ ဘာလဲ။

ကိုဇော်ဇော်– အခက်အခဲကြုံတဲ့အခါ ကျွန်တော်တို့ကို ကူညီပေးဖို့ ဘုရားသခင်ဆီ သန့်ရှင်းသောစွမ်းအားတော် တောင်းခံနိုင်တယ်။ သည့်အပြင် ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကိုသင်ယူဖို့ စွမ်းအားတော်ကို တောင်းခံနိုင်တယ်။

ဦးမိုက်ကယ်– စိတ်ဝင်စားစရာပဲ။

ကိုဇော်ဇော်– ကျွန်တော်မပြန်ခင် စဉ်းစားစရာလေးတစ်ခု ပြောပြခွင့်ပြုပါ။ သန့်ရှင်းသောစွမ်းအားတော်က ဘုရားသခင်ရဲ့ စွမ်းအားဖြစ်တဲ့အတွက် ကိုယ်တော်ပြုစေချင်တဲ့အရာ မှန်သမျှကို အထမြောက်စေဖို့ စွမ်းအားတော်ကို အသုံးပြုနိုင်တယ်ဆိုတာ ကျွန်တော်တို့ လက်ခံကြမှာပါ။

ဦးမိုက်ကယ်– လက်ခံတာပေါ့။

ကိုဇော်ဇော်– ဒါဆိုရင် ကနေ့လောကမှာ ဖြစ်ပျက်နေတဲ့ စိတ်ပျက်စရာတွေ၊ ဆိုးသွမ်းမှုတွေကို အဆုံးသတ်ဖို့ အတိုင်းအဆမဲ့တန်ခိုးကို ဘုရားသခင် ဘာကြောင့် အသုံးမပြုသေးတာလဲ။ ဒီအချက်ကို အန်ကယ် သိချင်သလား။ *

ဦးမိုက်ကယ်– သိချင်တာပေါ့။

ကိုဇော်ဇော်– နောက်တစ်ပတ် ဒီလိုအချိန်မှာ ကျွန်တော်ထပ်လာပြီး ဆွေးနွေးလို့ရမလား။

ဦးမိုက်ကယ်– ရတာပေါ့။ နောက်တစ်ပတ် တွေ့ကြရအောင်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 50 ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၁၁ ကို ဖတ်ကြည့်ပါ။