မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်”

“ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်”

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

“ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်”

၁ ရာဇဝင်ချုပ် ၂၈:၉

ဘုရားသခင်ကို သင် သိကျွမ်းပါသလား။ ဒီမေးခွန်းကို ဖြေဆိုဖို့ ထင်သလောက် မလွယ်ကူလှဘူး။ ဘုရားသခင်ကို အမှန်တကယ်သိကျွမ်းခြင်းမှာ ကိုယ်တော်ရဲ့အလိုတော်နဲ့ နည်းလမ်းတွေကို နှိုက်နှိုက်ချွတ်ချွတ် သိရှိထားခြင်း ပါဝင်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ အဲဒါက ကျွန်ုပ်တို့ရဲ့ ဘဝတစ်ခုလုံးကို အလွန်အကျိုးပြုတယ်။ ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့လဲ။ ၁ ရာဇဝင်ချုပ် ၂၈:၉ မှာ ဖော်ပြထားတဲ့အတိုင်း သားဖြစ်သူ ရှောလမုန်ကို ရှေးအစ္စရေးဘုရင် ဒါဝိဒ်ပေးခဲ့တဲ့ အကြံပြုချက်ထဲမှာ အဖြေတွေ့နိုင်ပါတယ်။

အဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ ဘုရင်ဒါဝိဒ်ဟာ အစ္စရေးနိုင်ငံကို အနှစ် ၄၀ နီးပါး အုပ်စိုးပြီး သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်က သာယာဝပြောခဲ့တယ်။ သူ့ရဲ့နေရာကို ဆက်ခံမယ့် ရှောလမုန်ဟာ အသက်ငယ်ငယ်လေးပဲ ရှိဦးမှာ။ (၁ ရာဇဝင်ချုပ် ၂၉:၁) ဒါဝိဒ် သေခါနီးမှာ သားဖြစ်သူကို နောက်ဆုံးအနေနဲ့ ဘယ်လိုမှာတမ်းခြွေခဲ့သလဲ။

ဘုရားသခင့်အမှုတော်ကို ဆောင်ရွက်တုန်းက ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဒါဝိဒ်ပြောပြဖို့ “ငါ့သား ရှောလမုန် သင့်အဖ၏ ဘုရားသခင်ကို သိလော့” ဆိုပြီး စကားစခဲ့တယ်။ ဘုရားသခင်အကြောင်း အချက်အလက်တချို့ကို သိထားတာလောက်ပဲ မဟုတ်ဘူးလို့ ဒါဝိဒ်ဆိုလိုနေတာ ဖြစ်ရမယ်။ ရှောလမုန်ဟာ ဖခင်ဒါဝိဒ်ရဲ့ ဘုရားသခင် ယေဟောဝါကို ကိုးကွယ်နေသူပါ။ ဟေဗြဲကျမ်းစောင် သုံးပုံတစ်ပုံလောက်ကို ရေးသားပြီးစီးခဲ့ပြီဆိုတော့ ဘုရားသခင်အကြောင်းကို အဲဒီကျမ်းစောင်တွေကနေ ရှောလမုန်သိရှိခဲ့မှာ သေချာတယ်။ “သိကျွမ်း” ဆိုတဲ့ ဟေဗြဲစကားလုံးက “အရင်းနှီးဆုံး ကျွမ်းဝင်မှု” ကိုပြောနိုင်တယ်လို့ ကျမ်းပညာရှင်တစ်ယောက်ကဆိုတယ်။ ဒါဝိဒ်ဟာ ဘုရားသခင်နဲ့ရင်းနှီးကျွမ်းဝင်မှုကို တန်ဖိုးထားခဲ့သလို သူ့သားကိုလည်း တန်ဖိုးထားစေချင်တယ်။

ဘုရားသခင်နဲ့ရင်းနှီးကျွမ်းဝင်မှုက ရှောလမုန်ရဲ့ ရှုမြင်ပုံနဲ့ ဘဝလမ်းစဉ်အပေါ် အကျိုးသက်ရောက်စေသင့်တယ်။ ဘုရားသခင်ကို “စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘောနှင့် ဝတ်ပြုလော့” ဆိုပြီး ရှောလမုန်ကို ဒါဝိဒ် အားပေးခဲ့တယ်။ ဘုရားသခင်ကို သိကျွမ်းပြီးမှသာ ကိုယ်တော့်ကို ဝတ်ပြုနိုင်တယ်ဆိုတာ သတိပြုပါ။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းမှ ကိုယ်တော့်ကို ဝတ်ပြုနိုင်မှာ။ ဒါပေမဲ့ ဘုရားသခင်ကို ဟန်ဆောင်ပြီး ဒါမှမဟုတ် စိတ်နှစ်ခွနဲ့ ဝတ်ပြုလို့မရဘူး။ (ဆာလံ ၁၂:၂ကဘ; ၁၁၉:၁၁၃၊ သမ္မာ) ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ပါလက်ပါ ဝတ်ပြုဖို့ သားဖြစ်သူကို ဒါဝိဒ် အနူးအညွတ်တောင်းပန်ခဲ့တယ်။

မှန်ကန်တဲ့ရည်ရွယ်ချက်၊ မှန်ကန်တဲ့ စိတ်သဘောနဲ့ ဘုရားသခင်ကိုဝတ်ပြုဖို့ သားဖြစ်သူကို ဒါဝိဒ် ဘာကြောင့် တိုက်တွန်းခဲ့တာလဲ။ ‘ထာဝရဘုရားသခင်သည် ခပ်သိမ်းသော စိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏’ လို့ ဒါဝိဒ်က ရှင်းပြတယ်။ ရှောလမုန်ဟာ ဖခင်ဒါဝိဒ် စိတ်ကျေနပ်ရုံလောက်ပဲ ဘုရားသခင်ကို ဝတ်ပြုရမှာမဟုတ်ဘူး။ ဘုရားသခင်က မိမိကို စိတ်ရင်းမှန်နဲ့ ဝတ်ပြုကိုးကွယ်ချင်သူတွေကိုပဲ ရှာဖွေနေတာပါ။

ရှောလမုန်ဟာ ဖခင်ရဲ့စံနမူနာကို အတုယူပြီး ယေဟောဝါဘုရားသခင်နဲ့  ရင်းနှီးလာပါ့မလား။  ရှောလမုန်အပေါ်မှာပဲ မူတည်ပါတယ်။ ဒါဝိဒ်ကသူ့သားကို “ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အမြဲ စွန့်တော်မူမည်” လို့ပြောတယ်။ ရှောလမုန်အနေနဲ့ ယေဟောဝါဘုရားသခင်နဲ့ရင်းနှီးတဲ့ ဝတ်ပြုသူတစ်ယောက်ဖြစ်လာဖို့ ကိုယ်တော့်ကို သိကျွမ်းအောင် ကြိုးပမ်းအားထုတ်ရမှာဖြစ်တယ်။ *

ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ကို ကိုယ်တော်နဲ့ရင်းနှီးစေလိုတယ်ဆိုတာ ဒါဝိဒ်ရဲ့ အကြံပြုချက်က ယုံကြည်စိတ်ချစေတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ဖို့အတွက် ကျမ်းစာကို နက်နက်နဲနဲ လေ့လာပြီး “ကိုယ်တော်ကိုရှာ” ဖို့လိုတယ်။ ဘုရားသခင်ကိုသိကျွမ်းခြင်းက ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်လိုကိုယ်လျောက် ဝတ်ပြုဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်တယ်။ အဲလိုဝတ်ပြုမှုမျိုးကို ယေဟောဝါဘုရားသခင် အလိုရှိတယ်။ အဲဒီလိုလည်း ဝတ်ပြုခံထိုက်ပါတယ်။—မဿဲ ၂၂:၃၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ရှောလမုန်သည် အစပိုင်းတွင် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် မတည်ကြည်ခဲ့သည်မှာ ဝမ်းနည်းစရာပင်။—၃ ဓမ္မရာဇဝင် ၁၁:၄