မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပူဆွေးကျန်ရစ်သူကို ယေရှု နှစ်သိမ့်ခဲ့တဲ့အတိုင်း နှစ်သိမ့်ပေးပါ

ပူဆွေးကျန်ရစ်သူကို ယေရှု နှစ်သိမ့်ခဲ့တဲ့အတိုင်း နှစ်သိမ့်ပေးပါ

ပူဆွေးကျန်ရစ်သူကို ယေရှု နှစ်သိမ့်ခဲ့တဲ့အတိုင်း နှစ်သိမ့်ပေးပါ

ဗေသနိရွာသား လာဇရုဟာ အသည်းအသန်ဖျားနေပါတယ်။ သူ့ရဲ့အစ်မ မာသနဲ့မာရိတို့ဟာ သူတို့မောင် ဖျားနေတဲ့အကြောင်း အရင်းနှီးဆုံးမိတ်ဆွေ ယေရှုဆီ လူလွှတ်ပြီး အကြောင်းကြားခိုင်းတယ်။ ဒါပေမဲ့ လာဇရုဟာ ဆုံးပါးသွားရှာတယ်။ သူ့ကို သင်္ဂြိုဟ်ပြီးတဲ့နောက် မိတ်ဆွေတွေ၊ အိမ်နီးနားချင်းတွေက မာသနဲ့ မာရိကို “နှစ်သိမ့်” ပေးဖို့ ရောက်လာကြတယ်။ (ယောဟန် ၁၁:၁၉) နောက်ဆုံးတော့ ယေရှုဟာ ချစ်မြတ်နိုးရတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဖို့ ဗေသနိရွာကို ရောက်လာပါပြီ။ ယေရှု ဘာတွေပြောဆို၊ လုပ်ဆောင်ခဲ့တယ်ဆိုတာကို သုံးသပ်ကြည့်မယ်ဆိုရင် ပူဆွေးကျန်ရစ်သူကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ သင် သင်ယူသိရှိနိုင်ပါတယ်။

သင်ရောက်ရှိနေတာက သူ့ကို ဂရုစိုက်ကြောင်း ဖော်ပြ

ယေရှုဟာ ဂျော်ဒန်မြစ်ကိုဖြတ်၊ ဂျေရိခိုမြို့ကနေ မတ်စောက်ပြီး အကွေ့အကောက်များတဲ့ လမ်းတွေပေါ် နှစ်ရက်လောက် ခရီးသွားပြီးမှ ဗေသနိရွာကို ရောက်သွားတာ။ ရွာအစွန်မှာရောက်နေတဲ့ ယေရှုကို မာသက အပြေးကလေး သွားကြိုတယ်။ ယေရှုရောက်နေကြောင်း နောက်မှ သိလိုက်ရတဲ့ မာရိလည်းပဲ ကပျာကယာ သွားကြိုတယ်။ (ယောဟန် ၁၀:၄၀-၄၂; ၁၁:၆၊ ၁၇-၂၀၊ ၂၈၊ ၂၉) ယေရှု ရောက်လာတာက ဝမ်းနည်းပူဆွေးနေတဲ့ ညီအစ်မနှစ်ယောက်အတွက် နှစ်သိမ့်မှုဖြစ်မှာ သေချာတယ်။

ကနေ့လည်း နာရေးဖြစ်နေတဲ့အိမ်ကို ကျွန်ုပ်တို့ ရောက်ရှိနေတာက ပူဆွေးကျန်ရစ်သူတွေအတွက် နှစ်သိမ့်မှု ဖြစ်စေနိုင်ပါတယ်။ စကော့နဲ့ လီဒီယာတို့ရဲ့ ခြောက်နှစ်သားလေး သီအိုဟာ မတော်တဆမှုတစ်ခုမှာ သေဆုံးသွားရှာတယ်။ သူတို့က ဒီလိုပြောပြတယ်– “မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အားပေးထောက်မမှုကို ကျွန်တော်တို့ လိုအပ်တယ်။ ညသန်းခေါင်ကြီးမှာ ဆေးရုံကို သူတို့ ချက်ချင်းလိုက်လာခဲ့ကြတယ်။” မိတ်ဆွေတွေရောက်လာတော့ သူတို့ ဘာတွေပြောခဲ့ကြသလဲ။ “အဲဒီအချိန်မှာ ကျွန်တော်တို့ကို ဘာမှပြောဖို့မလိုပါဘူး။ ကျွန်တော်တို့နဲ့အတူ သူတို့ရှိနေတာက ကျွန်တော်တို့ကို ဂရုစိုက်တယ်ဆိုတာ ပြတာပါပဲ။”

လာဇရု သေသွားတဲ့အတွက် ငိုကြွေးနေတဲ့သူတွေကို ယေရှုတွေ့တဲ့အခါ “စိတ်ပူပန်ခြင်းရှိ၍” “မျက်ရည်ကျ” ခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဟန် ၁၁:၃၃-၃၅၊ ၃၈) လူရှေ့သူရှေ့မှာ မျက်ရည်ကျတာက ယောက်ျားမပီသဘူးဆိုပြီး ယေရှု မယူဆဘူး။ သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို မျှဝေခံစားပေးခဲ့တယ်။ ကျွန်ုပ်တို့ ဘာသင်ခန်းစာ ယူနိုင်သလဲ။ ကျန်ရစ်သူတွေဆီ သွားလည်တဲ့အခါ သူတို့နဲ့အတူ ငိုကြွေးဖို့ မရှက်ပါနဲ့။ (ရောမ ၁၂:၁၅) ကျန်ရစ်သူကို အတင်းလည်း မငိုခိုင်းပါနဲ့။ တချို့က လူရှေ့သူရှေ့မှာ မငိုချင်ကြဘူး။

စာနာမှုရှိရှိ နားထောင်ပေးပါ

ယေရှုရဲ့စိတ်ထဲမှာ မာရိနဲ့မာသကို အားပေးစကားပြောဖို့ ရှိပေမဲ့ သူတို့ကို အရင်ဆုံး စကားပြောခွင့်ပေးခဲ့ပုံရတယ်။ (ယောဟန် ၁၁:၂၀၊ ၂၁၊ ၃၂) ယေရှုဟာ မာသနဲ့ စကားပြောတဲ့အခါ မေးခွန်းတစ်ခုမေးလိုက်ပြီး အဲဒီနောက် နားထောင်ပေးတယ်။—ယောဟန် ၁၁:၂၅-၂၇

ကောင်းကောင်းနားထောင်ပေးတာက လူတစ်ဖက်သားကို စိတ်အရင်းခံနဲ့ စိတ်ဝင်စားတယ်ဆိုတာ ပြသရာရောက်တယ်။ ကျန်ရစ်သူကို နှစ်သိမ့်ပေးဖို့အတွက် ကျွန်ုပ်တို့ဟာ ကောင်းစွာနားထောင်ပေးဖို့ လိုအပ်တယ်။ အဲလိုနားထောင်ပေးဖို့ ကျန်ရစ်သူကို သူ့ခံစားချက်တွေ ထုတ်ဖော်ပြောဆိုလာအောင် ထပ်ဆင့်မေးခွန်းတွေ မေးနိုင်တယ်။ ဒါပေမဲ့ သူတို့က ငြိမ်ငြိမ်ဆိမ်ဆိမ် နေချင်တယ်ဆိုရင် စကားအတင်းမပြောခိုင်းပါနဲ့။ သူတို့ဟာ စိတ်ပန်းလူပန်းဖြစ်နေတဲ့အတွက် အနားယူဖို့ လိုအပ်ပါတယ်။

ဝမ်းနည်းပူဆွေးနေတဲ့သူဟာ ဘာမှလုပ်ချင်ကိုင်ချင်တဲ့စိတ်မရှိဘူး၊ တစ်ခါတလေ ပြောပြီးသားစကားကို ထပ်ခါတလဲလဲ ပြန်ပြောနေတတ်တယ်။ တချို့က သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုကြတယ်။ မာရိနဲ့ မာသက ယေရှုကို “သခင်၊ ဤတွင် ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင် သေမည်မဟုတ်ပါ” လို့ပြောခဲ့တယ်။ (ယောဟန် ၁၁: ၂၁၊ ၃၂) ယေရှု ဘာလုပ်ခဲ့သလဲ။ စာနာမှုနဲ့ စိတ်ရှည်ရှည် နားထောင်ပေးခဲ့တယ်။ သူတို့ဘယ်လို ခံစားရသလဲဆိုပြီး မမေးခဲ့ဘူး။ ကျန်ရစ်သူက အရမ်းကို ဝမ်းနည်းကြေကွဲနေတယ်ဆိုတာကို နားလည်ပေးတယ်။

ကျန်ရစ်သူကို ဘာတွေပြောလို့ပြောရမှန်း မသိရင် “ဘယ်လိုဖြစ်သွားတာလဲ” လို့ဆိုပြီး စကားစနိုင်ပါတယ်။ ပြီးတော့ သူပြောလာမယ့်စကားကို အာရုံစိုက်နားထောင်ပေးပါ။ သူ့ရဲ့ခံစားချက်ကို နားလည်ပေးဖို့ ကြိုးစားပါ။

ကျန်ရစ်သူရဲ့ ခံစားချက်ကို နားလည်ပေးတာက လွယ်တော့မလွယ်ဘူး။ လီဒီယာက ဒီလိုရှင်းပြတယ်– “ကျွန်မတို့ရဲ့ လိုအပ်ရာတွေက ပြောင်းလဲသွားပြီ။ တစ်ခါတလေ ဧည့်သည်တွေရှေ့မှာ စိတ်မထိန်းနိုင်ဘဲ အားရပါးရ ငိုချလိုက်တယ်။ ကျွန်မတို့ကို အပြုသဘောနဲ့မြင်စေချင်တယ်။ မိတ်ဆွေတွေက ကျွန်မတို့ရဲ့ ခံစားချက်တွေကို အတတ်နိုင်ဆုံး နားလည်ပေးကြပါတယ်။”

ယေရှုဟာ အဲလိုလုပ်ရပ်မျိုးကို အကောင်းဆုံးလုပ်ပြခဲ့တယ်။ “ဘေးဒဏ်နှင့် နာကျင်ခြင်းဝေဒနာ” ကိုလူတိုင်းခံစားရတတ်တယ်ဆိုတာ ယေရှုသိထားတယ်။ (၂ ရာဇဝင်ချုပ် ၆:၂၉သမ္မာ) ညီအစ်မနှစ်ယောက်ရဲ့ နှုတ်ဆက်ပုံကို ယေရှုတုံ့ပြန်တာချင်း မတူဘူး။ မာသက စကားချည်းပဲ ပြောနေတဲ့အတွက် ယေရှုက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တယ်။ မာရိကတော့ ငိုပဲငိုနေတဲ့အတွက် သူ့ကို ယေရှု ကြာကြာ စကားမပြောခဲ့ဘူး။ (ယောဟန် ၁၁:၂၀-၂၈၊ ၃၂-၃၅) ယေရှုရဲ့ စံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ ကျန်ရစ်သူ စကားပြောဆိုလာအောင် လမ်းကြောင်းပေးတာက ကောင်းပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုလာတဲ့အခါ ဂရုတစိုက်နဲ့ နားထောင်ပေးမယ်ဆိုရင် သူတို့အတွက် နှစ်သိမ့်မှုဖြစ်စေမှာပါ။

နှစ်သိမ့်မှုပေးနိုင်တဲ့စကားများ

မာရိနဲ့မာသက “ဤတွင် ကိုယ်တော်ရှိတော်မူခဲ့လျှင်” လို့ပြောတဲ့အခါ သူတို့ကို ယေရှု အပြစ်မတင်ခဲ့ဘူး၊ သူတို့ရဲ့စကားကြောင့် စိတ်အနှောင့်အယှက်လည်း မဖြစ်ခဲ့ပါဘူး။ မာသကို ယေရှုက “သင်၏မောင်သည် ထမြောက်လိမ့်မည်” လို့ အာမခံခဲ့တယ်။ (ယောဟန် ၁၁:၂၃) အနာဂတ်မျှော်လင့်ချက် ရှိတယ်ဆိုတဲ့အကြောင်း တိုတိုတုတ်တုတ် ပြောခြင်းအားဖြင့် မာသကို ကြင်နာစွာ ဖေးမခဲ့တယ်။

ကျန်ရစ်သူတွေနဲ့ စကားပြောတဲ့အခါ စိတ်ရင်းမှန်ပြီး အပြုသဘောပါတဲ့စကားတွေက အကျိုးများစွာ ရှိနိုင်တယ်ဆိုတာ သတိရပါ။ နှစ်သိမ့်မှုပေးတဲ့ စကားတွေကို နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ ပြောနိုင်တယ်။ နှစ်သိမ့်စကားရေးထားတဲ့ စာတွေ၊ ပို့စကတ်တွေကို သူတို့ ပြန်ဖတ်နိုင်တဲ့အတွက် သူတို့အတွက် အကြာကြီး နှစ်သိမ့်မှုဖြစ်စေနိုင်တယ်။ ခင်ပွန်းဖြစ်သူ ဘော့ ဆုံးသွားပြီး ကိုးလအကြာမှာ ကေသီဟာ သူရရှိထားတဲ့ ပို့စကတ်အားလုံးကို ပြန်ဖတ်ခဲ့တယ်။ “ပို့စကတ်တွေကို ပြန်ဖတ်တော့ နှစ်သိမ့်မှုပိုရသလို ခံစားရတယ်” လို့သူက ပြောပြတယ်။

ဝမ်းနည်းကြောင်းဖော်ပြတဲ့ စာတိုကို ဘယ်လိုရေးရမလဲ။ ကွယ်လွန်သူနဲ့အတူတူရှိခဲ့တဲ့ အချိန်အခါအကြောင်း၊ နှစ်သက်စဖွယ်ကောင်းတဲ့ သူ့ရဲ့အရည်အသွေးတွေအကြောင်း ရေးနိုင်ပါတယ်။ ကေသီက ဒီလိုပြောပြတယ်– “ဘော့အကြောင်း အကောင်းပြောထားတဲ့ စာတွေကို ဖတ်ရတော့ ဝမ်းနည်းဝမ်းသာဖြစ်ရတယ်။ သူနဲ့ပတ်သက်တဲ့ ရယ်စရာလေးတွေကိုဖတ်ပြီး တစ်ယောက်တည်း ရယ်နေမိတယ်၊ သူနဲ့အတူတူရှိခဲ့တဲ့ ပျော်စရာအချိန်လေးတွေကို ပြန်သတိရမိတယ်။ ပို့စကတ်အတော်များများမှာပါတဲ့ ကျမ်းချက်တွေကို အခုထက်ထိ ကျွန်မ နှစ်သက်နေတုန်းပါပဲ။”

လက်တွေ့ကျ အကူအညီပေးပါ

လာဇရုရဲ့ မိသားစုကို ကူညီပေးဖို့ ကျွန်ုပ်တို့ မလုပ်နိုင်တဲ့အရာကို ယေရှု လုပ်ခဲ့တယ်။ အဲဒါကတော့ လာဇရုကို အသက်ပြန်ရှင်လာအောင် လုပ်ပေးခြင်းဖြစ်တယ်။ (ယောဟန် ၁၁:၄၃၊ ၄၄) ယေရှုလို ကျွန်ုပ်တို့ မလုပ်ပေးနိုင်ပေမဲ့ လုပ်ပေးနိုင်တဲ့အရာတွေ ရှိပါတယ်။ ဥပမာ၊ ထမင်းချက်ပေးတာ၊ ဧည့်သည်တွေကို ဧည့်ခံတာ၊ အဝတ်လျှော်ပေးတာ၊ ကလေးငယ်တွေကို ထိန်းပေးတာ၊ တောက်တိုမယ်ရလုပ်ပေးတာ စတဲ့အရာတွေကို လုပ်ပေးနိုင်ပါတယ်။ စစ်မှန်တဲ့မေတ္တာနဲ့ လုပ်ဆောင်ပေးတဲ့ သေးသေးမွှားမွှား လုပ်ရပ်တွေကို ကျန်ရစ်သူက အရမ်းတန်ဖိုးထားမှာ သေချာပါတယ်။

ဝမ်းနည်းပူဆွေးနေသူတွေဟာ တစ်ယောက်တည်းနေချင်တဲ့ အချိန်အခါတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဘက်ကနေ အစပြုပြီး အဆက်အသွယ်လုပ်နိုင်ပါတယ်။ “ဝမ်းနည်းပူဆွေးရမယ့်အချိန်၊ စိတ်ဖြေသိမ့်ရမယ့်အချိန်တွေကို သတ်မှတ်လို့ မရဘူး” ဆိုပြီး ကလေးဆုံးပါးသွားတဲ့ မိခင်တစ်ဦးက ပြောတယ်။ တချို့က ကျန်ရစ်သူအတွက် အရေးကြီးတဲ့နေ့တွေဖြစ်တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့၊ သေဆုံးတဲ့နှစ်ပတ်လည်နေ့တွေကို မှတ်သားထားကြတယ်။ အဲလိုအချိန်အခါမျိုးမှာ သူတို့နဲ့ အဖော်လုပ်ပေးမယ်ဆိုရင် သူတို့က သင့်ကို အရမ်းတန်ဖိုးထားမှာပါ။—သု. ၁၇:၁၇

ယေရှုပေးခဲ့တဲ့ နှစ်သိမ့်မှုတွေထဲမှာ တပည့်တွေကို ပြောခဲ့တဲ့ ဒီမျှော်လင့်ချက်လည်း ပါတယ်– “ငါတို့အဆွေ လာဇရုသည် အိပ်ပျော်ပြီ။ သို့သော်လည်း သူ့ကိုနှိုးရန် ငါသွားမည်။” (ယောဟန် ၁၁:၁၁) လာဇရု သေရာကနေ ပြန်ရှင်လာတော့မယ်ဆိုပြီး နောက်လိုက်တွေကို ယေရှုက စိတ်ချစေခဲ့တယ်။ “ဤစကားကိုယုံသလော” လို့ မာသကို ယေရှု မေးတဲ့အခါ မာသက “ယုံပါ၏ သခင်” ဆိုပြီး ပြန်ဖြေတယ်။—ယောဟန် ၁၁:၂၄-၂၇

သေလွန်သူတွေ အသက်ပြန်ရှင်လာအောင် ယေရှု လုပ်ပေးမယ်ဆိုတာကို သင် ယုံပါသလား။ ယုံတယ်ဆိုရင် ကျန်ရစ်သူကို ဒီထူးခြားတဲ့ မျှော်လင့်ချက်အကြောင်း ပြောပြပါ။ သူတို့ကို လက်တွေ့ကျကျ ကူညီထောက်မပေးပါ။ အဲလိုလုပ်မယ်ဆိုရင် သူတို့အတွက် နှစ်သိမ့်မှု အတော်အတန် ဖြစ်စေပါလိမ့်မယ်။—၁ ယောဟန် ၃:၁၈

[စာမျက်နှာ ၉ ပါမြေပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

ပေရိယနယ်

ဂျော်ဒန်မြစ်

ဂျေရိခို

ဗေသနိ

ရေငန် အိုင်

ဂျေရုဆလင်

ရှမာရိနယ်