မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြေကြီးစွန်းတိုင်အောင် ခရီးလှည့်လည်ခြင်း

မြေကြီးစွန်းတိုင်အောင် ခရီးလှည့်လည်ခြင်း

ပထမရာစုခရစ်ယာန်တွေရဲ့နေထိုင်မှုဘဝပုံစံ

မြေကြီးစွန်းတိုင်အောင် ခရီးလှည့်လည်ခြင်း

“နောက်တစ်နေ့၌ ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်သွားလေ၏။ ထိုမြို့တွင် သတင်းကောင်းကို ဟောပြော၍ လူအတော်များများကို တပည့်တော်ဖြစ်စေပြီးမှ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့သို့ ပြန်သွား” လေ၏။—တမန်တော် ၁၄:၂၀၊ ၂၁

အေးမြတဲ့ နံနက်ခင်းလေကို ခရီးသည် တဝကြီး ရှူရှိုက်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ ကြိုးသိုင်းဖိနပ်ဟောင်းကို ကောက်စီးလိုက်ပြီး တစ်နေကုန် ခြေကျင်ခရီး ထွက်ပါတော့မယ်။

နံနက်ခင်းရဲ့ နေရောင်အောက်မှာ ဖုန်ထူတဲ့လမ်းအတိုင်း စပျစ်ခြံ၊ သံလွင်ပင်တောအုပ်တွေကိုဖြတ်ပြီး မတ်စောက်တဲ့ တောင်စောင်းပေါ် သူတက်သွားတယ်။ ခရီးသွားနေရင်း လမ်းတစ်လျှောက်မှာ တခြားခရီးသည်တွေကိုလည်း သူတွေ့ရတယ်။ အဲဒီခရီးသည်တွေကတော့ လယ်ကွင်းတွေဆီ လေးကန်တဲ့ခြေလှမ်းတွေနဲ့ သွားနေကြတဲ့ လယ်သမားတွေ၊ ကုန်ပစ္စည်းအပြည့် တင်ဆောင်ထားတဲ့ ဝန်တင်တိရစ္ဆာန်တွေနဲ့အတူ သွားနေကြတဲ့ ကုန်သည်တွေ၊ ဝတ်ပြုကိုးကွယ်ဖို့အတွက် ဂျေရုဆလင်မြို့ကို သွားနေကြတဲ့သူတွေ ဖြစ်ပါတယ်။ သူရယ်၊ သူနဲ့အတူလိုက်ပါလာတဲ့ ခရီးသွားဖော်တွေဟာ တွေ့သမျှလူတွေနဲ့ စကားပြောကြတယ်။ သူတို့စကားပြောရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ ယေရှုအကြောင်း “မြေကြီးစွန်းတိုင်အောင်” သက်သေခံဖို့ဆိုတဲ့ တာဝန်ကို ကျေပွန်ဖို့ပါ။—တမန်တော် ၁:၈

အခု သရုပ်ဖော်ထားတဲ့ ခရီးသည်က တမန်တော်ပေါလု ဒါမှမဟုတ် ဗာနဗ ဒါမှမဟုတ် ပထမရာစုက ကျန်းမာသန်စွမ်းတဲ့ ခရစ်ယာန်သာသနာပြုတစ်ဦးဦး ဖြစ်နိုင်ပါတယ်။ (တမန်တော် ၁၄:၁၉-၂၆; ၁၅:၂၂) သူတို့က ကျန်းမာကြံ့ခိုင်ပြီး စိတ်ထက်သန်တဲ့သူတွေ ဖြစ်ကြတယ်။ ခရီးသွားရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ တမန်တော်ပေါလု ပင်လယ်ခရီးသွားတုန်းက ကြုံခဲ့ရတဲ့ အခက်အခဲတွေကို အခုလိုဖော်ပြထားတယ်– “သင်္ဘောပျက်ခြင်းကို သုံးကြိမ်မြောက်အောင် ကြုံခဲ့ရပြီ။ တစ်နေ့နှင့် တစ်ညပတ်လုံး ပင်လယ်ထဲမှာ နေခဲ့ရပြီ။” ကုန်းကြောင်းခရီးသွားရတာ ပိုတောင်ခက်သေးတယ်။ “မြစ်တွင်ကြုံရသောဘေး၊ ဓားပြဘေး” တွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ပေါလု ပြောပြတယ်။—၂ ကောရိန္သု ၁၁:၂၅-၂၇

အဲဒီခရစ်ယာန်သာသနာပြုတွေနဲ့အတူ ခရီးသွားနေတယ်လို့ သင်မြင်ယောင်ကြည့်နိုင်မလား။ တစ်ရက်ကို သင် ဘယ်လောက်သွားနိုင်မလဲ။ ခရီးသွားတဲ့အခါမှာ သင် ဘာတွေယူဆောင်သွားဖို့ လိုမလဲ။ ပြီးတော့ ဘယ်မှာ တည်းမလဲ။

ကုန်းကြောင်းခရီးသွားခြင်း ပထမရာစုအချိန်က ရောမတွေဟာ အင်ပါယာရဲ့ အဓိကအချက်အချာ နေရာတွေကို ဆက်သွယ်ဖို့ လမ်းတွေ တိုးချဲ့ဖောက်လုပ်ခဲ့ကြတယ်။ အဲဒီလမ်းတွေကို သေသေချာချာ ပုံဖော်ထားပြီး ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်ထားကြတယ်။ လမ်းအများစုက ၁၅ ပေကျယ်ပြီး ကျောက်ခဲတွေနဲ့ လမ်းခင်းထားတယ်။ ဘေးနှစ်ဖက်ကို ဘောင်ခတ်ထားပြီး မိုင်တိုင်တွေ စိုက်ထူထားတယ်။ အဲလိုလမ်းတွေပေါ်မှာ တမန်တော်ပေါလုလို ခရစ်ယာန်သာသနာပြုတစ်ဦးက တစ်ရက်ကို မိုင် ၂၀ လောက် လမ်းလျှောက်နိုင်တယ်။

ဒါပေမဲ့ ပါလက်စတိုင်းနယ်မှာ လမ်းအများစုဟာ လယ်ကွင်းတွေ၊ လျှိုမြောင်တွေကြားမှာ အကာအရံမရှိတဲ့ ဖုန်ထူတဲ့လမ်းတွေ ဖြစ်ကြတယ်။ ခရီးသည်တစ်ဦးဟာ သားရဲတိရစ္ဆာန်တွေနဲ့ ပက်ပင်းတိုးနိုင်တယ်။ ဒါမှမဟုတ် ဓားပြတိုက်ခံရနိုင်တယ်။ လမ်းတွေကလည်း ပိတ်ဆို့နိုင်တယ်။

ခရီးသည်တစ်ဦးက ဘာတွေသယ်ဆောင်သွားဖို့ လိုမလဲ။ မဖြစ်မနေသယ်ရမယ့် ပစ္စည်းတွေကတော့ တောင်ဝှေးတစ်ချောင်း (၁)၊ အိပ်ရာလိပ် (၂)၊ ပိုက်ဆံအိတ် (၃)၊ ကြိုးသိုင်းဖိနပ်အပိုတစ်ရံ (၄)၊ အစားအစာအိတ် (၅)၊ အဝတ်အပိုတစ်စုံ (၆)၊ ရေခပ်ဖို့ ခေါက်သိမ်းရလွယ်တဲ့ သားရေပုံး (၇)၊ ရေဘူးတစ်ဘူး (၈)၊ သားရေခရီးဆောင်အိတ် (၉) တို့ဖြစ်ပါတယ်။

ခရစ်ယာန်သာသနာပြုတွေဟာ ဈေးတွေမှာ ကုန်ပစ္စည်းတွေ ဖြန့်ဖြူးနေတဲ့ နယ်လှည့်ကုန်သည်တွေနဲ့ တွေ့ဆုံရနိုင်တယ်။ အဲဒီကုန်သည်တွေက ခြေမြဲတဲ့ မြည်းတွေကို အရမ်းအားကိုးကြတာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမြည်းတွေဟာ မတ်စောက်ပြီး ကျောက်ပေါတဲ့ လမ်းတွေမှာ ကောင်းကောင်းလမ်းလျှောက်နိုင်ကြလို့ပဲ။ ကုန်အပြည့်တင်ထားတဲ့ သန်မာတဲ့မြည်းတစ်ကောင်က တစ်နေ့ကို မိုင် ၅၀ အထိသွားနိုင်တယ်လို့ ဆိုတယ်။ တိရစ္ဆာန်တွေနဲ့ဆွဲတဲ့ လှည်းတွေက တစ်နေ့ကို ၅ မိုင်ကနေ ၁၂ မိုင်အထိပဲ သွားနိုင်တယ်။ ဒါပေမဲ့ နွားထီးကျတော့ လေးလံတဲ့ကုန်ပစ္စည်းတွေကို သယ်ပြီး ခရီးတိုပဲ သွားနိုင်တယ်။ ကမ္ဘာတစ်ဝန်းက ကုန်ပစ္စည်းတွေကို အပြည့်တင်ဆောင်ထားတဲ့ ကုလားအုတ်တန်းကြီး၊ မြည်းတန်းကြီးကို ခရီးသည်တစ်ဦး တွေ့ရနိုင်တယ်။ စာပို့လုလင်ဟာ မြင်းကို ဒုန်းစိုင်းစီးပြီး အင်ပါယာရဲ့ နယ်စွန်နယ်ဖျားတွေဆီ စာတွေ၊ ရုံးတော်အမိန့်တွေကို သယ်ပို့ပေးရတယ်။

ညရောက်တဲ့အခါ ခရီးသည်တွေဟာ လမ်းဘေးမှာပဲ ဖြစ်သလို စခန်းချပြီး အိပ်စက်အနားယူကြတယ်။ တချို့ကျတော့ ဝိုင်းဖွဲ့ပြီး ရွက်ဖျင်တဲထိုးနေကြတယ်။ ညစ်ပတ်ပေရေပြီး အကာအကွယ်မရှိတဲ့ အဲဒီနေရာမှာ ရာသီဥတုဒဏ်ကိုလည်း ခံရနိုင်တယ်။ သူခိုးတွေရဲ့ ရန်ကိုလည်း ကြောက်ရသေး။ နယ်လှည့်ခရစ်ယာန်တွေဟာ ဖြစ်နိုင်တဲ့အခါတိုင်း မိသားစုတွေ ဒါမှမဟုတ် ယုံကြည်သူချင်းတွေနဲ့ နေထိုင်ကြတယ်။—တမန်တော် ၁၇:၇; ရောမ ၁၂:၁၃

ရေကြောင်းခရီးသွားခြင်း လှေငယ်လေးတွေဟာ ကမ်းခြေတစ်လျှောက်၊ ဂါလိလဲအိုင်ကိုဖြတ်ပြီး ကုန်ပစ္စည်းတွေနဲ့ ခရီးသည်တွေကိုသယ်ယူပို့ဆောင်ပေးတယ်။ (ယောဟန် ၆:၁၊ ၂၊ ၁၆၊ ၁၇၊ ၂၂-၂၄) ကုန်ပစ္စည်းတွေတင်ထားတဲ့ သင်္ဘောကြီးတွေက မြေထဲပင်လယ်ကိုဖြတ်ပြီး ဝေးလံတဲ့ဆိပ်ကမ်းမြို့တွေဆီ ကူးချည်သန်းချည် ခုတ်မောင်းသွားလာနေကြတယ်။ အဲဒီသင်္ဘောတွေက ရောမမြို့ကို အစားအသောက်တွေ တင်ပို့ပေးတယ်။ အစိုးရအရာရှိတွေကို ပို့ဆောင်ပေးတယ်။ ဆိပ်ကမ်းမြို့တစ်မြို့မှတစ်မြို့ကို ကူးသန်းသွားလာကြတယ်။

သင်္ဘောသားတွေဟာ ဝန်းကျင်အခြေအနေကို ကြည့်ပြီး သွားလာကြရတယ်။ နေ့အချိန်မှာ မြေပြင်လက္ခဏာ၊ ညအချိန်မှာတော့ ကြယ်တွေကို ကြည့်ပြီး သွားလာကြတယ်။ ဒါကြောင့် ရေကြောင်းခရီးသွားမယ်ဆိုရင် ရာသီဥတုသာယာတဲ့ မေလကနေ စက်တင်ဘာလလယ်အထိပဲ ကောင်းတယ်။ နို့မဟုတ်ရင် သင်္ဘောပျက်တာနဲ့ မကြာခဏ ကြုံရလွန်းလို့။—တမန်တော် ၂၇:၃၉-၄၄; ၂ ကောရိန္သု ၁၁:၂၅

ရေကြောင်းခရီးက ကုန်းကြောင်းခရီးလောက် သွားရတာ အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ ကုန်တင်သင်္ဘောတွေဟာ ရေကြောင်းခရီးမှာ အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ဖြစ်တဲ့အတွက် ခရီးသည်တွေကို ဦးစားပေး မတင်ဆောင်ဘူး။ ခရီးသည်တွေဟာ ဘယ်လိုရာသီဥတုမျိုးမှာမဆို သင်္ဘောကုန်းပတ်ပေါ်မှာနေပြီး အိပ်ခဲ့ရတယ်။ ကုန်းပတ်အောက်က ခြောက်သွေ့တဲ့နေရာမှာတော့ အဖိုးတန်ကုန်ပစ္စည်းတွေကို အပြည့်တင်ဆောင်ထားတယ်။ ခရီးသည်တွေဟာ ကိုယ်စားဖို့ အစားအသောက်တွေကို တစ်ပါတည်းယူလာကြရတယ်။ သင်္ဘောပေါ်မှာ သောက်ရေပဲရလို့လေ။ တစ်ခါတလေ ရာသီဥတုက အရမ်းဆိုးဝါးတယ်။ မိုးသက်မုန်တိုင်း ကျရောက်ပြီး လှိုင်းထန်တဲ့အခါ ခရီးသည်တွေကို လှိုင်းမူးစေပြီး နေထိုင်မကောင်းဖြစ်စေတယ်။ အဲဒါက ရက်အတော်ကြာတဲ့အထိ ဖြစ်တတ်တယ်။

ကုန်းကြောင်းခရီးနဲ့ ရေကြောင်းခရီး သွားရတာ မလွယ်ကူပေမဲ့ တမန်တော်ပေါလုလို ခရစ်ယာန်သာသနာပြုတွေဟာ အဲဒီခေတ်အခါက သူတို့လက်လှမ်းမီတဲ့ နေရာဒေသတွေမှာ ဘုရားသခင့် “နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို” ကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့ကြတယ်။ (မဿဲ ၂၄:၁၄) ယေရှုဟာ မိမိအကြောင်း သက်သေခံဖို့ တပည့်တွေကို မိန့်မှာပြီးတဲ့နောက် အနှစ် ၃၀ အကြာမှာ သတင်းကောင်းကို “ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့တွင်” ဟောပြောခဲ့တယ်လို့ တမန်တော်ပေါလု ပြောနိုင်ခဲ့ပါတယ်။—ကောလောသဲ ၁:၂၃