သင်သိပါသလား
သင်သိပါသလား
မိမိရဲ့ကိုယ်မှာ “ယေရှု၏ကျွန်ဟူ၍ တံဆိပ်ခတ်ထား” တယ်လို့ တမန်တော်ပေါလု ပြောဆိုတဲ့အခါ ဘာကို ရည်ညွှန်းခဲ့တာလဲ။—ဂလာတိ ၆:၁၇။
▪ ပထမရာစုက လူတွေဟာ ပေါလုရဲ့စကားကို အဓိပ္ပာယ်အမျိုးမျိုး ကောက်နိုင်ဖွယ်ရှိတယ်။ ဥပမာ၊ ရှေးခေတ်တုန်းက စစ်သုံ့ပန်းတွေ၊ ဝတ်ပြုရာအိမ်တော်ကို လုယက်တဲ့သူတွေ၊ ဝရမ်းပြေးကျွန်တွေကို ခွဲခြားသိမြင်နိုင်ဖို့ သူတို့ရဲ့ကိုယ်မှာ သံပူထိုးပြီး တံဆိပ်ခတ်ထားကြတယ်။ အဲလိုသံပူထိုးပြီး တံဆိပ်ခတ်ခံရတဲ့သူတွေကို ဂုဏ်အသရေမရှိတဲ့သူတွေအဖြစ် သတ်မှတ်ကြတယ်။
ဒါပေမဲ့ သံပူထိုးထားတဲ့ တံဆိပ်တွေကို ဂုဏ်အသရေမရှိတဲ့အရာတွေအဖြစ် အမြဲ မသတ်မှတ်ထားပါဘူး။ ရှေးခေတ်ကလူတွေဟာ မိမိတို့က ဘယ်လူမျိုးစုအဝင်၊ ဘယ်ဘာသာအဝင်ဖြစ်တယ်ဆိုတာ ဖော်ပြဖို့ အဲဒီတံဆိပ်တွေကို အသုံးပြုခဲ့ကြတယ်။ ဥပမာ၊ “ဆီးရီးယားလူမျိုးတွေဟာ မိမိတို့က ဟာဒဒ်နဲ့ အာတာဂေးတစ် နတ်ဘုရားတွေကို ဝတ်ပြုကိုးကွယ်သူတွေဖြစ်ကြောင်း သူတို့ရဲ့ လက်ကောက်ဝတ် ဒါမှမဟုတ် လည်ပင်းမှာ သံပူထိုးပြီး တံဆိပ်ခတ်ထားကြတယ်။ . . . ဂရိနတ်ဘုရား ဒိုင်ရာနီစက်စ်ကို ကိုးကွယ်တဲ့သူတွေကတော့ တိုက်ကပ်နွယ်အရွက်နဲ့ တံဆိပ်ခတ်ထားကြတယ်” လို့ ကျမ်းစာအဘိဓာန်တစ်အုပ် (Theological Dictionary of the New Testament) မှာဖော်ပြထားတယ်။
တမန်တော်ပေါလုဟာ ခရစ်ယာန်သာသနာပြုနေစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို သူရည်ညွှန်းနေတာဖြစ်တယ်လို့ ခေတ်သစ်ကျမ်းစာအနက်ဖွင့်သူတွေက ယူဆကြတယ်။ (၂ ကောရိန္သု ၁၁:၂၃-၂၇) ဒါပေမဲ့ မိမိက ခရစ်ယာန်တစ်ယောက်ဖြစ်တယ်ဆိုတာကို ပကတိဒဏ်ရာဒဏ်ချက်တွေနဲ့မဟုတ်ဘဲ မိမိရဲ့ဘဝလမ်းစဉ်နဲ့ ခွဲခြားသိမြင်စေတယ်လို့ ပေါလုဆိုလိုတာ ဖြစ်နိုင်ပါတယ်။
ရှေးခေတ်အစ္စရေးနိုင်ငံက ခိုလှုံရာမြို့တွေဟာ ပြစ်မှုကျူးလွန်သူတွေအတွက် ခိုအောင်းရာနေရာတွေ ဖြစ်ခဲ့သလား။
▪ ရှေးခေတ်က အယူမှားဝတ်ပြုရေးရှိတဲ့ ဒေသတွေမှာ ဝတ်ကျောင်းအတော်များများဟာ ဝရမ်းပြေးတွေ၊ ပြစ်မှုကျူးလွန်သူတွေ ခိုအောင်းရာနေရာ ဖြစ်ခဲ့တယ်။ အလယ်ခေတ်က ခရစ်ယာန်နိုင်ငံတွေမှာ ပြစ်မှုကျူးလွန်သူတွေဟာ ခရစ်ယာန်ကျောင်းတိုက်ကြီးတွေ၊ ချာ့ခ်ျအဆောက်အအုံတွေကို သူတို့ရဲ့ခိုအောင်းရာနေရာအဖြစ် အသုံးပြုခဲ့ကြတယ်။ ဒါပေမဲ့ ရှေးခေတ်အစ္စရေးနိုင်ငံက ခိုလှုံရာမြို့တွေဟာ ပြစ်မှုကျူးလွန်သူတွေ ခိုအောင်းတဲ့နေရာ မဖြစ်လာခဲ့ဘူးဆိုတာကို အဲဒီမြို့တွေမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကိုကြည့်ရင် သိနိုင်ပါတယ်။
ခိုလှုံရာမြို့တွေဟာ မတော်တဆ လူသတ်မှုကျူးလွန်သူတွေကိုသာ ကာကွယ်ပေးတယ်လို့ မောရှေပညတ်မှာ ဖော်ပြထားတယ်။ (တရားဟောရာ ၁၉:၄၊ ၅) မတော်တဆ လူသတ်မိတဲ့သူဟာ သူသတ်မိတဲ့လူရဲ့ ဆွေမျိုးရင်းချာလက်ကနေ လွတ်အောင် အနီးဆုံးခိုလှုံရာမြို့ကို ထွက်ပြေးနိုင်တယ်။ မထွက်ပြေးရင် ပြန်လက်စားချေခြင်းခံရနိုင်တယ်။ အဲဒီဝရမ်းပြေးဟာ ခိုလှုံရာမြို့က အသက်ကြီးသူတွေကို ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီးတဲ့နောက် အသက်ကြီးသူတွေက သူ့ကို အခင်းဖြစ်ပွားရာနေရာကို ခေါ်သွားပြီး အမှုကို ကြားနာစစ်ဆေးကြတယ်။ အဲဒီမှာ ဝရမ်းပြေးက သူ့မှာ အပြစ်မရှိကြောင်း သက်သေထူခွင့်ရမှာဖြစ်တယ်။ အသက်ကြီးသူတွေက ဝရမ်းပြေးနဲ့ အသတ်ခံရသူကြားမှာ အရင်က အမုန်းပွားခြင်းရှိမရှိ ပြန်လည်စစ်ဆေးကြတယ်။—တောလည်ရာ ၃၅:၂၀-၂၄; တရားဟောရာ ၁၉:၆၊ ၇; ယောရှု ၂၀:၄၊ ၅။
ဝရမ်းပြေးက အပြစ်မရှိဘူးဆိုရင် ခိုလှုံရာမြို့ကို ပြန်သွားပြီး အဲဒီမှာ နေထိုင်ရမှာဖြစ်တယ်။ ခိုလှုံရာမြို့တွေဟာ အကျဉ်းထောင်မဟုတ်ပါဘူး။ ဝရမ်းပြေးက အဲဒီမြို့မှာ အသုံးကျတဲ့သူအဖြစ် အလုပ်,လုပ်ရမယ်၊ အမှုထမ်းဆောင်ရမယ်။ ယဇ်ပုရောဟိတ်မင်း သေဆုံးပြီးတဲ့နောက်ပိုင်းမှ ဝရမ်းပြေးအားလုံး ခိုလှုံရာမြို့ကထွက်ပြီး ကိုယ့်ရပ်ကိုယ့်ဒေသကို ဘေးကင်းလုံခြုံစွာ ပြန်သွားနိုင်ပါတယ်။—တောလည်ရာ ၃၅:၆၊ ၂၅-၂၈။
[စာမျက်နှာ ၁၅ ပါမြေပုံ]
(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)
ခိုလှုံရာမြို့များ
၁ ကေဒေရှမြို့
၂ ဂေါလန်မြို့
၃ ရာမုတ်-ဂိလဒ်မြို့
၄ ရှေခင်မြို့
၅ ဗေဇာမြို့
၆ ဟေဗြုန်မြို့
ဂျော်ဒန်မြစ်