မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ဟာ ‘ကြီးသောအမှုတို့ကို ပြုတော်မူသောအရှင်’ ဖြစ်တယ်ဆိုတာ ကျွန်တော် ဘယ်လိုသိရှိလာသလဲ

ဘုရားသခင်ဟာ ‘ကြီးသောအမှုတို့ကို ပြုတော်မူသောအရှင်’ ဖြစ်တယ်ဆိုတာ ကျွန်တော် ဘယ်လိုသိရှိလာသလဲ

ဘုရားသခင်ဟာ ‘ကြီးသောအမှုတို့ကို ပြုတော်မူသောအရှင်’ ဖြစ်တယ်ဆိုတာ ကျွန်တော် ဘယ်လိုသိရှိလာသလဲ

မောရစ်ရပ်ခ်ျ ပြောပြသည်

ဒုတိယကမ္ဘာစစ်ရဲ့ အပြင်းထန်ဆုံး တိုက်ပွဲတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တိုက်ပွဲကြီးတစ်ခုကို တိမ်းရှောင်ဖို့ လူထောင်ပေါင်းများစွာနဲ့အတူ ကျွန်တော်တို့မိသားစု ထွက်ပြေးခဲ့ရတယ်။ မြန်မာပြည်ရဲ့ တောကြီးမျက်မည်းထဲကို ရက်ပေါင်းများစွာ ဖြတ်သန်းသွားပြီး ညမှာဆိုရင် သစ်ပင်တွေအောက် အိပ်စက်ခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော့်အသက်က ကိုးနှစ်ပါ။ ကျွန်တော်ပိုင်ဆိုင်သမျှကို ကျောပိုးအိတ်ထဲထည့်ပြီး ထမ်းသွားရတယ်။ ဒါက အစပဲ ရှိပါသေးတယ်။

အချိန်ကတော့ ၁၉၄၂ ခုနှစ်ပါ။ ကမ္ဘာတစ်ခုလုံးမှာ စစ်ဖြစ်ပွားနေတယ်။ ချဉ်းနင်းဝင်ရောက်လာတဲ့ ဂျပန်စစ်တပ်ရဲ့ ရန်ကနေလွတ်အောင်  ကျွန်တော်တို့  ထွက်ပြေးနေရပါတယ်။  ဂျပန်စစ်တပ်ဟာ မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်လာရုံလေးပဲရှိသေးတယ်၊ ရေနံချောင်း  ရေနံမြေတွေကို  သိမ်းပိုက်လိုက်တယ်။ အိန္ဒိယနယ်စပ်ကို ကျွန်တော်တို့မရောက်ခင်မှာ ဂျပန်စစ်တပ်က ကျွန်တော်တို့ကို မိသွားပြီး အတင်းအကျပ် အိမ်ပြန်ခိုင်းတယ်။

ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော်တို့မိသားစုဟာ ရေနံချောင်းမြို့မှာ နေတယ်။ အဲဒီမြို့မှာရှိတဲ့ ဘားမားရေနံကုမ္ပဏီ (ဘီအိုစီ) မှာ အဖေအလုပ်လုပ်တယ်။ ဂျပန်တွေ သိမ်းပိုက်ပြီးတဲ့နောက် ရေနံအများကြီးထွက်တဲ့ ရေနံမြေတွေဟာ ဗြိတိသျှစစ်လေယာဉ်တွေရဲ့ အဓိက ပစ်မှတ်ဖြစ်လာခဲ့တယ်။ နေရာတကာ ဗုံးကြဲနေတဲ့အတွက် ကျွန်တော်တို့မိသားစုဟာ  ကတုတ်ကျင်းထဲမှာ သုံးရက် ခိုအောင်းခဲ့ရတဲ့အချိန်လည်းရှိတယ်။ နောက်ဆုံးမှာတော့ ဧရာဝတီမြစ်ကမ်းနားက စလေမြို့ကို ကျွန်တော်တို့ လှေစီးပြီး ထွက်ပြေးခဲ့ကြတယ်။ အသက်ဘေးကနေ လွတ်မြောက်လာလို့ ကျေးဇူးတင်လိုက်တာဗျာ။ ကျွန်တော်တို့မိသားစုဟာ အဲဒီမြို့မှာ စစ်ပြီးတဲ့အထိ နေထိုင်ခဲ့ကြတယ်။

အဖြစ်ဆိုးကြောင့် အမှန်တရားသိလာ

ဒုတိယကမ္ဘာစစ်အပြီး  ၁၉၄၅   ခုနှစ်မှာ  ကျွန်တော့်ညီလေးကို မိတ္ထီလာမြို့မှာ မွေးဖွားတယ်။ အဖေဟာ အသက်ကြီးမှ ကလေးတစ်ယောက်ထပ်ရလို့ အရမ်းပျော်နေရှာတယ်။ ဒါပေမဲ့ အဖေ ကြာကြာ မပျော်လိုက်ရပါဘူး။ ကျွန်တော့်ညီလေး သုံးလသားအရွယ်မှာ သေဆုံးသွားတယ်။ သိပ်မကြာပါဘူး၊ အဖေလည်း ဝမ်းနည်းပူဆွေးတဲ့ဒဏ်နဲ့ ဆုံးသွားရှာတယ်။

သူငယ်ချင်းတွေက ကျွန်တော့်ကို နှစ်သိမ့်ပေးတဲ့အနေနဲ့ ဘုရားသခင်က ကျွန်တော့်အဖေနဲ့ညီလေးကို သူနဲ့အတူနေဖို့ ကောင်းကင်ကိုခေါ်သွားပြီလို့ ပြောကြတယ်။ ကျွန်တော်လည်း သူတို့နဲ့အတူ နေချင်လိုက်တာ။ ကျွန်တော့်မိသားစုက ကက်သလစ်ချာ့ခ်ျကို သွားတက်တယ်။ အဲဒီမှာ ဘာသာရေးနဲ့ဆိုင်တဲ့ သွန်သင်ချက်တွေကို ကျွန်တော် သင်ယူခဲ့ရတယ်။ ခရစ်ယာန်ဘုန်းကြီးနဲ့ သီလရှင်တွေက သေတာနဲ့ ချက်ချင်းပဲ ကောင်းကင်ကိုရောက်သွားတယ်၊ တခြားသူတွေကျတော့ သူတို့ရဲ့အပြစ်တွေကို ဆေးကြောဖို့ တစ်ခဏ ညှဉ်းဆဲခံရာနေရာဖြစ်တဲ့ ငရဲကလေးကို ရောက်သွားတယ်ဆိုပြီး ကျွန်တော် သင်ကြားခံခဲ့ရတယ်။ ကျွန်တော့်အဖေနဲ့ညီလေးကို ပြန်တွေ့ချင်တဲ့အတွက် ကျွန်တော်တို့မြို့နဲ့ မိုင် ၁၃၀ ကျော်ဝေးတဲ့ မေမြို့၊ အခုအခေါ် ပြင်ဦးလွင်မြို့က ကက်သလစ်ရဟန်းဖြစ်သင်ကျောင်းကို သွားတက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

အဲဒီကျောင်းမှာဝင်ခွင့်ရဖို့ ကျောင်းပညာကောင်းကောင်း တတ်ထားဖို့လိုတယ်။ ကျွန်တော်ဟာ စစ်ပြေးဘဝရောက်နေတဲ့အတွက် နှစ်နှစ်ပဲ ကျောင်းနေခဲ့ဖူးတယ်။ အဲဒီနောက် စစ်ဖြစ်တော့ ကျောင်းအားလုံးကို ပိတ်လိုက်ရတယ်။ စစ်ပြီးလို့ ကျောင်းတွေ ပြန်ဖွင့်ပေမဲ့လည်း ကျွန်တော့်မိသားစုက စားဝတ်နေရေးခက်ခဲလို့ ကျွန်တော့်ကို ကျောင်းမထားပေးနိုင်ဘူး။ ကျွန်တော့်အမေက ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်အပြင် ကွယ်လွန်သွားတဲ့ အမေ့ညီမရဲ့ ကလေးသုံးယောက်ကိုပါ ပြုစုစောင့်ရှောက်ရတယ်။ ဒါကြောင့် အမေဟာ ကျွန်တော်တို့သားယောက်ျားတွေကို ကျောင်းထားဖို့ စရိတ်မတတ်နိုင်တော့ဘူး။

ကျွန်တော့်အစ်ကိုကြီးက အလုပ်လုပ်နေပြီဖြစ်ပေမဲ့ ကျွန်တော်က ၁၃ နှစ်သားပဲရှိသေးတဲ့အတွက် ဘာမှမလုပ်နိုင်ဘူး။ ကျွန်တော့်အဖေရဲ့ညီ မဲန်နျူဝယ်လ် နေသန်က စလေမြို့နားက ချောက်မြို့မှာ နေတယ်။ ‘ငါ အိမ်ကနေထွက်သွားရင် ပါးစပ်ပေါက်တစ်ပေါက် လျော့သွားမှာပဲ’ ဆိုပြီး ကျွန်တော်တွေးမိတယ်။ ဒါနဲ့ ဦးလေးဆီသွားနေဖို့ ချောက်မြို့ကို ထွက်သွားခဲ့တယ်။

ကျွန်တော့်ဦးလေးက မကြာသေးခင်ကပဲ ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်မိပြီး သူအသစ်တွေ့ရှိထားတဲ့ ကျမ်းစာအသိပညာတွေအကြောင်း ထက်ထက်သန်သန် ပြောပြနေတာကို ကျွန်တော်မသိခဲ့ဘူး။ ဦးလေးက ကျွန်တော့်ကို ကက်သလစ်တွေခေါ်ဆိုတဲ့ ကောင်းကင်ဘုံ၌ မေတ္တာတော် ဆုတောင်းစာရဲ့ အဓိပ္ပာယ်ကို နည်းနည်းချင်းစီ ရှင်းပြတယ်။ အဲဒီဆုတောင်းစာရဲ့ အစက ဒီလိုပါ– “ကောင်းကင်ဘုံ၌ စံမြန်းတော်မူသော ကျွန်ုပ်တို့၏အဖ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။”—မဿဲ ၆:၉၊ ၁၀ကက်သလစ်ကျမ်းစာတော်မြတ်။

“ဒါကြောင့် ဘုရားသခင်မှာ နာမည်ရှိတယ်။ အဲဒီနာမည်ကတော့ ယေဟောဝါပဲ” လို့ဦးလေးက ရှင်းပြတယ်။ ပြီးတော့ ဘုရားသခင့်နာမည်ကို ကျမ်းစာထဲကနေ ဖွင့်ပြတယ်။ ကျွန်တော် ဒီထက်မက ပိုသိချင်စိတ်ပေါ်လာတယ်။ ဒါပေမဲ့ ကျွန်တော်က စာကောင်းကောင်း မဖတ်တတ်ဘူး။ ကျွန်တော့်မိခင်ဘာသာစကားဖြစ်တဲ့ တယ်မီလ်စာကိုတောင်  မဖတ်တတ်ဘူး။  ဦးလေးဆီမှာရှိတဲ့  သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေက  အင်္ဂလိပ်လိုဖြစ်နေတော့ ပိုဆိုးရောပေါ့။ ကျွန်တော် စာသိပ်မတတ်ပေမဲ့ သမ္မာကျမ်းစာသွန်သင်ချက်တွေကို တဖြည်းဖြည်း သိနားလည်လာခဲ့တယ်။ (မဿဲ ၁၁:၂၅၊ ၂၆) ကျွန်တော် အရင်ကသင်ခဲ့ရတဲ့ အယူဝါဒအတော်များများက သမ္မာကျမ်းစာကို အခြေမခံဘူးဆိုတာ သိရှိလာခဲ့တယ်။ နောက်ဆုံးတော့ “ဦးလေး၊ ဒါ  အမှန်တရားပဲ” ဆိုပြီး ကျွန်တော်ပြောချလိုက်တယ်။

ကျွန်တော် အသက် ၁၆ နှစ်မှာ တခြားသူတွေကို ကျွန်တော်သိရှိထားတာတွေ စပြောပြခဲ့တယ်။ ဒီအချိန်မှာ မြန်မာတစ်ပြည်လုံးမှာ ယေဟောဝါသက်သေက ၇၇ ယောက်ပဲရှိသေးတယ်။ သိပ်မကြာခင်မှာ ဦးလေးဆီကို ရန်ကုန်မြို့တော်က ခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်တဲ့ ရောဘတ်ကာ့ခ် လာလည်တယ်။ ယေဟောဝါဘုရားသခင်ဆီ ကျွန်တော့်ရဲ့ဘဝကို အပ်နှံချင်တယ်လို့ သူ့ကို ပြောပြတယ်။ ဒီလိုနဲ့ ၁၉၄၉၊ ဒီဇင်ဘာ ၂၄ ရက်နေ့၊ ဧရာဝတီမြစ်မှာ ဘုရားသခင်ဆီ အပ်နှံတဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။

အတားအဆီးများကို ကျော်လွှားခြင်း

အဲဒီနောက် သင့်တော်တဲ့အလုပ်တစ်ခုရဖို့ မန္တလေးကို ကျွန်တော်တက်သွားတယ်။ ကျွန်တော့်ရဲ့ပန်းတိုင်က ရှေ့ဆောင်အဖြစ် အချိန်ပြည့်အမှုဆောင်ဖို့ပါ။ တစ်ရက်မှာ ကျွန်တော် ဘောလုံးပွဲကြည့်နေတုန်း အကြောဆွဲလာပြီး လဲကျသွားတယ်။ ကျွန်တော့်မှာ တက်တဲ့ရောဂါရှိလာတဲ့အတွက် ကျွန်တော့်ကို ပြုစုပေးဖို့ မိသားစုဆီ ပြန်သွားလိုက်တယ်။

ကျွန်တော့်မှာ တက်တဲ့ရောဂါက ဖြစ်လာလိုက်၊ ကောင်းသွားလိုက်နဲ့ ရှစ်နှစ်ကြာ ခံစားခဲ့ရတယ်။ ကျွန်တော်ရဲ့ကျန်းမာရေး ကောင်းလာတဲ့အခါ လောကအလုပ်ကို ပြန်လုပ်နိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ကျန်းမာရေး အခြေအနေကြောင့်  ရှေ့ဆောင်လုပ်ဖို့  အမေက အားမပေးဘူး။ တစ်ရက်ကျတော့  “ကျွန်တော်  ဆက်မစောင့်နိုင်တော့ဘူးဗျာ။ ကျွန်တော် ရှေ့ဆောင်ပဲလုပ်ချင်တယ်။ ကျွန်တော့်ကို ယေဟောဝါဘုရားသခင် စောင့်ရှောက်မှာပါ” ဆိုပြီး အမေ့ကို ပြောလိုက်တယ်။

၁၉၅၇  ခုနှစ်ရောက်တော့  ကျွန်တော်  ရန်ကုန်ကိုဆင်းလာပြီး ရှေ့ဆောင်စလုပ်ခဲ့တယ်။  အံ့ဩစရာကောင်းတာက  နောက်အနှစ် ၅၀ ကြာတဲ့အထိ  တက်တဲ့ရောဂါကို  ကျွန်တော်  မခံစားရဘူး။ ၂၀၀၇  ခုနှစ်ရောက်တော့မှ အဲဒီရောဂါ ပြန်ပေါ်လာတယ်။ အခု ကျွန်တော် အဲဒီရောဂါကို ဆေးနဲ့ထိန်းထားပါတယ်။ ၁၉၅၈ ခုနှစ်မှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရပြီး ဟောပြောခြင်းလုပ်ငန်းမှာ တစ်လကို နာရီပေါင်း ၁၅၀ ပါဝင်လုပ်ဆောင်ခဲ့ရတယ်။

ကျွန်တော် ဦးဆုံးအမှုဆောင်တဲ့နေရာက ရန်ကုန်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၇၀ ကျော်လောက်မှာရှိတဲ့ ကျုံရှရွာဖြစ်တယ်။ အဲဒီမှာ ကျမ်းစာအခြေပြုစာပေတွေဖတ်ပြီး အမှန်တရားကို ပိုသိချင်တဲ့ အုပ်စုလေးတစ်စုရှိတယ်။ အဲဒီရွာကို ညီအစ်ကိုရောဘတ်နဲ့ကျွန်တော် ရောက်သွားတော့ လူအုပ်ကြီးတစ်အုပ်က စုရုံးပြီး စောင့်နေကြတယ်။ သူတို့မေးတဲ့ ကျမ်းစာမေးခွန်းတွေကို ကျွန်တော်တို့ ဖြေပေးပြီး အစည်းအဝေးတွေ ဘယ်လိုကျင်းပရမယ်ဆိုတာ ပြသပေးခဲ့တယ်။ မကြာခင်မှာပဲ အဲဒီအုပ်စုထဲက တချို့ဟာ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့နဲ့အတူ ပါဝင်လာကြတယ်။ ကျွန်တော့်ကို အဲဒီရွာမှာပဲ အမှုဆောင်ဖို့ တာဝန်ပေးလိုက်တယ်။ လအနည်းငယ်အကြာမှာ အဲဒီအုပ်စုငယ်လေးဟာ တိုးတက်တဲ့အသင်းတော်တစ်ခု ဖြစ်လာတယ်။ ကနေ့ဆိုရင် အဲဒီနယ်တစ်ဝိုက်မှာ သက်သေခံ ၁၅၀ ကျော်ရှိနေပါပြီ။

နောက်ပိုင်းမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အသင်းတော်တွေနဲ့ သီးခြားအုပ်စုတွေဆီ  သွားလည်ပတ်ဖို့  နယ်လှည့်အမှုဆောင်အဖြစ် ကျွန်တော့်ကို ခန့်အပ်လိုက်တယ်။ ကျွန်တော်ဟာ ကုန်အပြည့်တင်ထားတဲ့ ကုန်ကားကြီးတွေရဲ့ထိပ်မှာ တက်စီးပြီး ဖုန်ထူတဲ့လမ်းတွေပေါ် မိုင်ပေါင်းများစွာ ခရီးဆန့်ခဲ့ရတယ်၊ တောကြီးမျက်မည်းတွေထဲ ဖြတ်လျှောက်ခဲ့ရတယ်၊ မြစ်တွေကူးခဲ့ရတယ်၊ တစ်တောင်တက်တစ်တောင်ဆင်း ခရီးကြမ်းနှင်ခဲ့ရတယ်။ ကျွန်တော်ဟာ ကျန်းမာသန်စွမ်းတဲ့သူမဟုတ်ပေမဲ့လည်း ကျွန်တော် ဆက်အမှုဆောင်နိုင်အောင် ယေဟောဝါဘုရားသခင် အစွမ်းခွန်အားပေးတယ်လို့ ခံစားရတယ်။—ဖိလိပ္ပိ ၄:၁၃

“ယေဟောဝါဘုရားသခင် ခင်ဗျားကို ကူညီပေးမှာပါ”

၁၉၆၂ ခုနှစ်ရောက်တော့ ရန်ကုန်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ အမှုဆောင်ဖို့ ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရတယ်။ အဲဒီမှာ ညီအစ်ကိုရောဘတ်က ကျွန်တော့်ကို လေ့ကျင့်ပေးတယ်။ သိပ်မကြာပါဘူး၊ နိုင်ငံခြားသား ခရစ်ယာန်သာသနာပြုအားလုံး မြန်မာနိုင်ငံကနေ အပတ်အနည်းငယ်အတွင်းမှာ ထွက်ခွာရမယ်လို့ အစိုးရအာဏာပိုင်တွေက အမိန့်ထုတ်လိုက်တော့ သူတို့ ထွက်ခွာသွားခဲ့ရတယ်။ မမျှော်လင့်ဘဲ ဌာနခွဲရုံးကိုကြီးကြပ်ဖို့ ကျွန်တော် တာ၀န်ယူလိုက်ရတယ်။

‘ဒီအလုပ်ကို ငါဘယ်လိုလုပ်နိုင်မှာလဲ။ ငါက ပညာလည်းမတတ်၊ အတွေ့အကြုံလည်းမရှိ’ ဆိုပြီး ကျွန်တော်စိုးရိမ်ခဲ့တယ်။ ကျွန်တော်စိုးရိမ်နေတာကို သတိပြုမိတဲ့ အသက်ကြီးပိုင်းတချို့က “မောရစ်၊ ဘာမှမစိုးရိမ်နဲ့။ ယေဟောဝါဘုရားသခင် မင်းကို ကူညီပေးမှာပါ။ မင်းနဲ့အတူ ငါတို့ရှိနေမယ်” လို့ပြောကြတယ်။ သူတို့စကားကြောင့် ကျွန်တော် အရမ်းအားရှိသွားတယ်။ လအနည်းငယ်အကြာမှာ ၁၉၆၇ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်အတွက် မြန်မာနိုင်ငံက ဟောပြောခြင်းလုပ်ငန်းရဲ့ နှစ်ချုပ်မှတ်တမ်းကို ကျွန်တော် ပြုစုရတယ်။ နောက် ၃၈ နှစ်ကြာတဲ့အထိ မြန်မာနိုင်ငံရဲ့ နှစ်ချုပ်မှတ်တမ်းတွေကို ကျွန်တော်ပဲ ပြုစုခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေကို ယေဟောဝါဘုရားသခင် တကယ်ပဲ ညွှန်ကြားနေတယ်ဆိုတာ ဖြစ်ရပ်တွေက အကြိမ်ကြိမ် ထင်ရှားဖော်ပြခဲ့တယ်။

ဥပမာ၊ ကျွန်တော် မြန်မာနိုင်ငံသားဖြစ်ခွင့်ရဖို့ လျှောက်လွှာတင်တုန်းက မြန်မာနိုင်ငံသားဖြစ်ခွင့် စာအုပ်ဖိုးပေးဖို့ ၄၅၀ ကျပ် * လိုနေသေးလို့ ဒီကိစ္စကို အသာထားလိုက်တယ်။ တစ်ရက်မှာ ကျွန်တော် အရင်တုန်းက အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီရဲ့ရုံးခန်းအနား ဖြတ်လျှောက်သွားနေတုန်း ကုမ္ပဏီပိုင်ရှင်က ကျွန်တော့်ကို တွေ့သွားပြီး “ဟေး၊ ရပ်ခ်ျ။ ခင်ဗျားပိုက်ဆံတွေ လာယူဦးလေ။ ခင်ဗျား အလုပ်ထွက်တုန်းက အိုနာစာရန်ပုံငွေ ယူဖို့ မေ့ကျန်ခဲ့တယ်” ဆိုပြီးအော်ပြောတယ်။ အဲဒီရန်ပုံငွေက ၄၅၀ ကျပ်ဖြစ်နေတယ်။

အဲဒီရုံးကနေ ကျွန်တော်ထွက်လာပြီးတဲ့နောက် ဒီငွေ ၄၅၀ ကျပ်နဲ့ ကျွန်တော် ဘာလုပ်နိုင်မလဲလို့ စဉ်းစားလိုက်တယ်။ အဲဒီအခါမှာ နိုင်ငံသားဖြစ်ခွင့်စာအုပ်အတွက် ကျွန်တော်လိုနေတဲ့ငွေက ၄၅၀ ကျပ်တိတိဖြစ်နေတော့ အဲဒီအတွက်ပဲ သုံးလိုက်ဖို့ ယေဟောဝါဘုရားသခင် အလိုတော်ရှိတယ်ဆိုပြီး ကျွန်တော်ယူမှတ်လိုက်တယ်။ ငွေကို အဲဒီစာအုပ်အတွက် အသုံးပြုလိုက်တာက တကယ့်ကို အကျိုးရှိသွားပါတယ်။ ကျွန်တော် မြန်မာနိုင်ငံသားဖြစ်သွားတော့ ပြည်တွင်းမှာပဲ ဆက်နေခွင့်ရပြီး လွတ်လွတ်လပ်လပ် ခရီးသွားလို့ရပြီ။ စာပေတွေ တင်သွင်းခွင့်ရပြီ၊ ဟောပြောခြင်းလုပ်ငန်းအတွက် တခြားအရေးကြီးတဲ့ တာဝန်တွေကိုလည်း ဆက်လုပ်လို့ရသွားပြီ။

မြန်မာနိုင်ငံမြောက်ပိုင်းမှာကျင်းပတဲ့ ပထမဆုံး စည်းဝေးကြီး

၁၉၆၉ ခုနှစ်ရောက်တော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ မြစ်ကြီးနားမြို့မှာ အရမ်းတိုးတက်လာတယ်။ ဒါကြောင့် အဲဒီမြို့မှာ စည်းဝေးကြီးကျင်းပဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အခက်အခဲက တောင်ပိုင်းကလာကြမယ့် သက်သေခံတွေအတွက် ခရီးသွားလာဖို့ စီစဉ်ပေးရတာဖြစ်တယ်။ ကျွန်တော်တို့ ဆုတောင်းပြီးတဲ့နောက် မီးရထားတွဲ သီးသန့်ခြောက်တွဲရဖို့ မြန်မာ့မီးရထားရုံးကို လျှောက်လွှာတင်လိုက်တယ်။ ကျွန်တော်တို့ရဲ့လျှောက်လွှာကို သူတို့လက်ခံလိုက်တဲ့အတွက် ကျွန်တော်တို့ အရမ်းအံ့သြသွားတယ်။

အချိန်တန်တော့ ကျွန်တော်တို့စည်းဝေးကြီးအတွက် အားလုံး အဆင်သင့်ဖြစ်နေပြီ။ အချိန်ဇယားအရ ကိုယ်စားလှယ်တွေ ရောက်လာမယ့်နေ့မှာ ကျွန်တော်တို့ ဘူတာရုံကို နေ့လယ်လောက်သွားပြီး စောင့်နေကြတယ်။ မီးရထားက မွန်းလွဲ ၂:၃၀ မှာ ဆိုက်လာမှာ။ ကျွန်တော်တို့ စောင့်နေတုန်း ရုံပိုင်က ကျွန်တော်တို့ကို ကြေးနန်းစာတစ်စောင် လာပေးတယ်။ ဖတ်ကြည့်လိုက်တော့ “ကင်းမျှော်စင်အသင်းရဲ့ ရထားတွဲခြောက်တွဲကို ဖြုတ်လိုက်ပြီ” တဲ့။ အဆန်ရထားမို့လို့ ရထားတွဲအပိုတွေကို မဆွဲနိုင်ဘူးလို့ ရုံပိုင်က ပြောပြတယ်။

ကျွန်တော်တို့ ဘာလုပ်ကြမလဲ။  ဦးဆုံး တွေးလိုက်တာကတော့ စည်းဝေးကြီးအချိန်ဇယားကို ပြောင်းလိုက်ဖို့ပဲ။ ဒါပေမဲ့ စည်းဝေးကြီးကျင်းပခွင့်ရဖို့ လျှောက်လွှာပြန်တင်ရတော့မယ်။ အဲဒါက အပတ်ပေါင်းများစွာ ကြာဦးမှာ။ ယေဟောဝါဘုရားသခင်ဆီကို ကျွန်တော်တို့ ထက်ထက်သန်သန် ဆုတောင်းနေတဲ့အချိန်မှာပဲ ဘူတာရုံထဲ ရထားဆိုက်လာတယ်။ သက်သေခံတွေ အပြည့်တင်ဆောင်ထားတဲ့ ရထားတွဲခြောက်တွဲစလုံးပါလာတာ တွေ့ရတော့ ကိုယ့်မျက်စိကိုတောင် မယုံနိုင်အောင်ပါဘဲ။ ကျွန်တော်တို့ကို ညီအစ်ကိုညီအစ်မတွေက ရထားပေါ်ကနေ တပြုံးပြုံးတပျော်ပျော်နဲ့ လက်ဝှေ့ယမ်းပြီး နှုတ်ဆက်နေကြတယ်။ ဘယ်လိုဖြစ်တာလဲလို့  ကျွန်တော်မေးကြည့်တော့  ဦးဆောင်လာတဲ့ညီအစ်ကိုက “ရထားတွဲခြောက်တွဲ ဖြုတ်လိုက်တာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ခြောက်တွဲကိုတော့မဟုတ်ဘူး” ဆိုပြီး ရှင်းပြတယ်။

၁၉၆၇ ခုနှစ်နဲ့ ၁၉၇၁ ခုနှစ်အကြားမှာ မြန်မာနိုင်ငံသက်သေခံအရေအတွက်က ၆၀၀ နီးပါးအထိ နှစ်ဆတိုးတက်လာတယ်။ အဲဒီနောက် ၁၉၇၈ ခုနှစ်မှာ ဌာနခွဲရုံးကို နှစ်ထပ်တိုက်တစ်တိုက်ကို ပြောင်းရွှေ့လိုက်တယ်။ နောက်အနှစ်နှစ်ဆယ်ကြာတော့ သက်သေခံအရေအတွက်က ၂,၅၀၀ ကျော်အထိ တိုးများလာတယ်။ ဌာနခွဲရုံးအဆောက်အအုံကို ထပ်မံတိုးချဲ့ဆောက်လုပ်ခဲ့ရတယ်။ ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့မှာ အမေရိကန်နိုင်ငံကရောက်လာတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျွန် အီး ဘားရ်က လက်ရှိသုံးထပ်တိုက်အဆောက်အအုံနဲ့ လူနေအိမ်ခန်းအတွက် အပ်နှံပွဲဟောပြောချက်ပေးခဲ့တယ်။

ကောင်းချီးများကို ပြန်ရေတွက်ခြင်း

ကနေ့ ရန်ကုန်ဌာနခွဲရုံးမှာ စေတနာ့ဝန်ထမ်း ၅၂ ယောက် အမှုဆောင်နေပြီး နိုင်ငံတစ်ဝန်းလုံးမှာ အသင်းတော် ၇၄ ခုနဲ့ သီးခြားအုပ်စုတွေရှိတယ်။ ကြေညာသူအရေအတွက်က ၃,၅၀၀ လောက်ရှိတယ်။ ကျွန်တော့်အမေလည်း ၁၉၆၉ ခုနှစ်မှာ သူမသေဆုံးခင် ယေဟောဝါသက်သေတစ်ဦးဖြစ်သွားလို့ ကျွန်တော်ဝမ်းသာလိုက်တာ။

ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါရစ် ဘအေးက ၁၉၆၀ ကျော်ကစပြီး ဌာနခွဲရုံးမှာ ဘာသာပြန်အဖြစ် အမှုဆောင်တယ်။ အဲဒီမတိုင်ခင် ၁၉၅၉ ခုနှစ်မှာ ၃၂ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းကို သူတက်ရောက်ခဲ့တယ်။ အဲဒီကျောင်းမှာ ယေဟောဝါသက်သေတွေကို ခရစ်ယာန်သာသနာပြုတွေဖြစ်အောင် လေ့ကျင့်သွန်သင်ပေးတယ်။ သူ့ရဲ့သဘာဝအလှ၊ ကြည်လင်ရွှင်ပျတဲ့ပုံစံနဲ့ ဘုရားသခင်ကိုအရမ်းချစ်တဲ့ သူ့ရဲ့စိတ်ဓာတ်တွေကို ကျွန်တော် သဘောကျမိတယ်။ ဒီလိုနဲ့ ၁၉၇၀ ပြည့်နှစ်မှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ ကနေ့အချိန်အထိ ကျွန်တော်တို့နှစ်ယောက်စလုံး ယေဟောဝါဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုနေဆဲ၊ တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးနေဆဲပါ။

မြန်မာနိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို ဘုရားသခင် ဘယ်လိုဖြစ်မြောက်အောင်မြင်စေခဲ့တယ်ဆိုတာ ကျွန်တော် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာ အခုဆိုရင် အနှစ်ခြောက်ဆယ်ကျော်ခဲ့ပါပြီ။ ဘုရားသခင်ဟာ ကြီးမြတ်တော်မူပြီး အလွန်ချီးမွမ်းထိုက်တာ အမှန်ပါပဲ။ ဘုရားသခင်ဟာ ‘ကြီးသောအမှုတို့ကို ပြုတော်မူသောအရှင်’ ဖြစ်တယ်ဆိုတာ ကျွန်တော့်ရဲ့ဘဝတစ်လျှောက်လုံးမှာ တွေ့မြင်ခဲ့ရပါတယ်။—ဆာလံ ၁၀၆:၂၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 23 ထိုအချိန်က ၄၅၀ ကျပ်သည် အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာခန့်နှင့်ညီမျှသည်။

[စာမျက်နှာ ၂၇ ပါရုပ်ပုံ]

၁၉၅၇ လောက် တုန်းက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ခရစ်ယာန်ဓမ္မအမှုဆောင်နေ

[စာမျက်နှာ ၂၈ ပါရုပ်ပုံ]

၁၉၇၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း မြန်မာနိုင်ငံ၊ ကလေးမြို့မှာ ကျင်းပတဲ့ စည်းဝေးကြီးကို တက်ရောက်ဖို့သွားနေ

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

၂၀၀၀ ပြည့်နှစ်မှာ တိုးချဲ့ခဲ့တဲ့ ကျွန်တော်တို့ရဲ့ လှပတဲ့ ဌာနခွဲအဆောက်အအုံသစ်

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

ကနေ့ ဒေါရစ်နဲ့အတူ

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

တစ်အိမ်မှတစ်အိမ်လုပ်ငန်းမှာ အတူတူ အမှုဆောင်နေ