မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေရှိယကို သူတို့ဘာကြောင့် ငြင်းပယ်ခဲ့တာလဲ

မေရှိယကို သူတို့ဘာကြောင့် ငြင်းပယ်ခဲ့တာလဲ

မေရှိယကို သူတို့ဘာကြောင့် ငြင်းပယ်ခဲ့တာလဲ

ယေရှု ကမ္ဘာပေါ်ရှိခဲ့တုန်းက ဟောပြောခဲ့တာတွေ၊ ပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေကို လူတွေ အံ့သြနှစ်သက်ခဲ့ကြတယ်။ ဒီလိုနဲ့ လူများစွာဟာ “ကိုယ်တော်ကို ယုံကြည်” ပြီး ကြိုပြောထားတဲ့ မေရှိယ၊ ခရစ်တော်အဖြစ် လက်ခံခဲ့ကြတယ်။ “ခရစ်တော် ကြွလာတော်မူသောအခါ ဤသူထက် သာ၍များစွာသော . . . လက္ခဏာတို့ကို ပြတော်မူမည်လော” ဆိုပြီးတော့လည်း သူတို့တွေးခဲ့ကြတယ်။—ယောဟန် ၇:၃၁

ယေရှုဟာ မေရှိယဖြစ်ကြောင်း သက်သေထူတဲ့ အထောက်အထား အများကြီးရှိပေမဲ့လည်း ကိုယ်တော်ကို တွေ့မြင်ပြီးကိုယ်တော့်စကားတွေကို ကြားခဲ့ကြတဲ့ လူအများစုက ယုံကြည်သူတွေ ဖြစ်မလာကြဘူး။ ဝမ်းနည်းစရာကောင်းတာက ယေရှုကို အစပိုင်းမှာ ယုံကြည်ခဲ့တဲ့သူတချို့တောင် နောက်ပိုင်းမှာ ကိုယ်တော့်ကို စွန့်ခွာသွားကြတယ်။ ခိုင်လုံတဲ့ အထောက်အထားရှိနေလျက်နဲ့ ယေရှုကို မေရှိယအဖြစ် လူအများက ဘာကြောင့် လက်မခံခဲ့ကြတာလဲ။ အကြောင်းရင်းတွေကို သုံးသပ်ကြည့်ပါ။ အဲလိုသုံးသပ်နေရင်း ‘သူတို့လိုပဲ ငါလည်း ယေရှုကို ငြင်းပယ်မိနိုင်သလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

မှန်းချက်နဲ့ နှမ်းထွက်မကိုက်

ယေရှုကို မွေးဖွားတဲ့အချိန်မှာ ဂျူးအတော်များများက မေရှိယကြွလာမယ်ဆိုတာကို မျှော်လင့်နေကြတယ်။ မွေးကင်းစလေး ယေရှုကို ဝတ်ပြုရာအိမ်တော်ကို ခေါ်ဆောင်သွားတဲ့အခါ ကတိထားရာ မေရှိယအားဖြင့် “ဂျေရုဆလင်မြို့ ကယ်လွှတ်ခံရမည့်အချိန်ကို စောင့်မျှော်နေသူ” တွေက ယေရှုကို တွေ့ခဲ့ရတယ်။ (လုကာ ၂:၃၈) နောက်ပိုင်းမှာ နှစ်ခြင်းဆရာယောဟန်ရဲ့ လုပ်ဆောင်မှုတွေကို တွေ့မြင်ခဲ့တဲ့သူတွေက သူဟာ “ခရစ်တော်ဖြစ်ပါမည်လော” ဆိုပြီး တွေးဆခဲ့ကြတယ်။ (လုကာ ၃:၁၅) ပထမရာစုအချိန်က ဂျူးတွေဟာ မေရှိယကို ဘာလုပ်စေချင်ခဲ့ကြတာလဲ။

မေရှိယ ကြွလာမယ်၊ ပြီးရင် ဂျူးလူမျိုးကို ရောမဖိနှိပ်မှုကနေ ကယ်လွှတ်ပြီး အစ္စရေးနိုင်ငံ ပြန်လည်တည်ထောင်ပေးလိမ့်မယ်လို့ အဲဒီခေတ်က ဂျူးတွေ ယုံကြည်ထားကြတယ်။ ခရစ်ယာန်ဓမ္မအမှုကို ယေရှု မစတင်ခင်မှာ ဩဇာအာဏာရှိတဲ့ ခေါင်းဆောင်အတော်များများ ပေါ်ထွက်လာပြီး လက်ရှိရောမအစိုးရကို တော်လှန်ပုန်ကန်ဖို့ ထောက်ခံအားပေးခဲ့ကြတယ်။ အဲဒီလူတွေရဲ့ လုပ်ရပ်က မေရှိယကို စောင့်မျှော်နေတဲ့ ဂျူးတွေအပေါ် ဩဇာလွှမ်းမိုးခဲ့ပုံရတယ်။

ယေရှုဟာ အဲဒီမေရှိယအတုအယောင်တွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ အကြမ်းဖက်ဖို့ ယေရှု သွေးထိုးလှုံ့ဆော်ပေးမယ့်အစား ရန်သူတွေကိုချစ်ပါ၊ အာဏာပိုင်တွေကို လက်အောက်ခံပါဆိုပြီး သူ့ပရိသတ်ကို သွန်သင်ပေးခဲ့တယ်။ (မဿဲ ၅:၄၁-၄၄) လူတွေက မိမိကို ဘုရင်တင်မြှောက်ဖို့ ကြိုးစားတာကို ယေရှု လက်မခံခဲ့ဘဲ မိမိနိုင်ငံက “ဤလောကနှင့် မသက်ဆိုင်” ဆိုပြီး မိန့်ဆိုခဲ့တယ်။ (ယောဟန် ၆:၁၅; ၁၈:၃၆) ဒါပေမဲ့ မေရှိယနဲ့ပတ်သက်တဲ့ တင်ကူးမှန်းဆချက်တွေက လူတွေအပေါ် အကြီးအကျယ် လွှမ်းမိုးနေဆဲပါ။

ယေရှုဟာ ဘုရားသခင့်သားတော်ဖြစ်တယ်ဆိုတာ သက်သေထူတဲ့ အံ့ဖွယ်အထောက်အထားကို နှစ်ခြင်းဆရာယောဟန်ကိုယ်တိုင် တွေ့မြင်ကြားသိခဲ့ရတယ်။ ဒါတောင်မှ နှစ်ခြင်းဆရာယောဟန် ထောင်ကျနေချိန်မှာ သူ့တပည့်တွေကို ယေရှုဆီစေလွှတ်ပြီး ဒီလိုမေးခိုင်းခဲ့တယ်– “ကိုယ်တော်သည် ကြွလာတော်မူသောသူလော။ အခြားသောသူကို မျှော်လင့်ရဦးမည်လော။” (မဿဲ ၁၁:၃) ယေရှုဟာ ဂျူးတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးမယ့် ကတိထားရာ ကယ်နုတ်ရှင် တကယ်ဟုတ်မဟုတ်ဆိုတာကို နှစ်ခြင်းဆရာယောဟန် သိချင်ခဲ့တာဖြစ်နိုင်တယ်။

ယေရှုရဲ့ တမန်တော်တွေတောင် ကိုယ်တော် အသတ်ခံရမယ်၊ ပြီးရင် အသက်ပြန်ရှင်လာမယ်ဆိုတာတွေကို နားလည်ဖို့ အခက်တွေ့ခဲ့ကြတယ်။ မေရှိယဟာ ဆင်းရဲဝေဒနာခံပြီး သေဆုံးဖို့လိုတယ်လို့ ယေရှု ရှင်းပြခဲ့ချိန်မှာ တမန်တော်ပေတရုက “ကိုယ်တော်ကို ခေါ်ထုတ်သွားပြီး ပြစ်တင်စကား” တောင်ဆိုလိုက်သေးတယ်။ (မာကု  ၈:၃၁၊ ၃၂) ယေရှုဟာ မေရှိယအဖြစ် ဘာကြောင့် သေဆုံးဖို့ လိုအပ်တာလဲဆိုတာကို တမန်တော်ပေတရု အဲဒီအချိန်အထိ သဘောမပေါက်နိုင်ရှာသေးဘူး။

စီအီး ၃၃၊ ပသခါပွဲနေ့ မတိုင်ခင်လေးမှာ ဂျေရုဆလင်မြို့ထဲ ယေရှု ဝင်လာတော့ လူအုပ်က ကိုယ်တော့်ကို ဘုရင်အဖြစ် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်။ (ယောဟန် ၁၂:၁၂၊ ၁၃) အပြောင်းအလဲကလည်း မြန်ဆန်လိုက်တာ။ အဲဒီအပတ်အတွင်းမှာပဲ ယေရှုဟာ အဖမ်းခံရပြီး ကွပ်မျက်ခံလိုက်ရတယ်။ ယေရှုသေဆုံးပြီးတဲ့နောက် တပည့်နှစ်ယောက်က “ထိုသူသည် အစ္စရေးလူမျိုးကို ကယ်နုတ်တော်မူမည့်အရှင် ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ခဲ့ကြ၏” ဆိုပြီး ဝမ်းနည်းပက်လက်နဲ့ ပြောဆိုခဲ့ကြတယ်။ (လုကာ ၂၄:၂၁) တပည့်တွေရှေ့ ရှင်ပြန်ထမြောက်လာတဲ့ယေရှု ကိုယ်ထင်ရှားပြချိန်မှာတောင် တပည့်တွေက မေရှိယဟာ မြေကြီးပေါ်မှာပဲ နိုင်ငံတည်ထောင်ပေးလိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲ။ ဒါကြောင့် “သခင်၊ ကိုယ်တော်သည် အစ္စရေးလူမျိုးအတွက် နိုင်ငံကို ယခု ပြန်တည်ထောင်ပေးမည်လော” ဆိုပြီး မေးခဲ့တယ်။ မေရှိယနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ မှန်းဆချက်တွေက ယေရှုရဲ့ပရိသတ်တွေ စိတ်ထဲမှာ အခိုင်အမာ အမြစ်စွဲနေသေးတယ်ဆိုတာ ထင်ရှားပါတယ်။—တမန်တော် ၁:၆

ယေရှု ကောင်းကင်ကို တက်ကြွသွားပြီး သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းပေးတဲ့နောက်ပိုင်းကျမှ မေရှိယဟာ ကောင်းကင်မှာ ဘုရင်အဖြစ် အုပ်ချုပ်မယ်ဆိုတာကို တပည့်တွေ ရှင်းရှင်းလင်းလင်း နားလည်သွားကြတယ်။ (တမန်တော် ၂:၁-၄; ၃၂-၃၆) ယေရှု ရှင်ပြန်ထမြောက်လာတဲ့အကြောင်း တမန်တော် ပေတရုနဲ့ယောဟန်တို့ ရဲရဲဝံ့ဝံ့ ဟောပြောခဲ့ပြီး သူတို့ကို ဘုရားသခင် ထောက်မပေးနေတယ်ဆိုတာကို အံ့ဖွယ်အမှုတွေ လုပ်ပြခြင်းအားဖြင့် သက်သေပြခဲ့ကြတယ်။ (တမန်တော် ၃:၁-၉၊ ၁၃-၁၅) ဂျေရုဆလင်မြို့က လူထောင်နဲ့ချီ တုံ့ပြန်ခဲ့ပြီး ယုံကြည်သူတွေ ဖြစ်လာကြတယ်။ ဒါပေမဲ့ ဂျူးအာဏာပိုင်တွေက အဲဒါကို မနှစ်သက်ကြဘူး။ ယေရှုကို ဆန့်ကျင်ခဲ့သလို ယေရှုရဲ့ တမန်တော်တွေနဲ့ တပည့်တွေကိုလည်း သူတို့ဆန့်ကျင်ခဲ့ကြတယ်။ ဂျူးဘာသာရေးခေါင်းဆောင်တွေဟာ ယေရှုကို ဘာကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြတာလဲ။

ဘာသာရေးခေါင်းဆောင်တွေရဲ့ ဆန့်ကျင်မှု

ယေရှု ကမ္ဘာပေါ် ကြွလာတဲ့အချိန်မှာ ဂျူးတွေရဲ့ ဘာသာရေးအတွေးအခေါ်နဲ့ ကျင့်ထုံးတွေက သမ္မာကျမ်းစာသွန်သင်ချက်တွေနဲ့ မကိုက်ညီဘဲ တစ်ခြားစီဖြစ်နေတယ်။ အဲဒီခေတ်က ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဇဒ္ဒုကဲ၊ ဖာရိရှဲနဲ့ ကျမ်းတတ်တွေဟာ သမ္မာကျမ်းစာကို အလေးပေးမယ့်အစား ခေတ်အဆက်ဆက် လူတို့ဆက်ခံလာတဲ့ ဓလေ့ထုံးတမ်းတွေကို စွဲကိုင်ထားကြတယ်။ သတ္တမနေ့မှာ ယေရှု အံ့ဖွယ်ကုသမှု ပြုလုပ်ခဲ့တဲ့အတွက် ပညတ်ချိုးဖောက်သူဆိုပြီး ယေရှုကို သူတို့ အကြိမ်ကြိမ် စွပ်စွဲခဲ့ကြတယ်။ ယေရှုကလည်း သူတို့ရဲ့ ကျမ်းစာနဲ့မညီတဲ့ သွန်သင်ချက်တွေကို အားမာန်ပါပါ ပြန်လည်ချေပခြင်းအားဖြင့် သူတို့ရဲ့အခွင့်အာဏာနဲ့ ဘုရားသခင်ရဲ့ထောက်မမှုရရှိထားတယ်ဆိုတဲ့ သူတို့ရဲ့အဆိုကို စိန်ခေါ်လိုက်တယ်။ ယေရှုဟာ ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာတဲ့အပြင် ဘာသာရေးကျောင်းတွေမှာလည်း ပညာမသင်ကြားခဲ့ရဘူး။ ဒါကြောင့် ယေရှုကို မေရှိယအဖြစ် အသိအမှတ်ပြုဖို့ အဲဒီမာနကြီးတဲ့ပုဂ္ဂိုလ်တွေအတွက် ဘယ်လောက်ခက်ခဲလိုက်မလဲ။ အဲဒီလို ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် ဘာသာရေးခေါင်းဆောင်တွေ အမျက်ခြောင်းခြောင်းထွက်ပြီး “[ယေရှု] ကိုသတ်ရန် တိုင်ပင်ကြ” တယ်။—မဿဲ ၁၂:၁-၈၊ ၁၄; ၁၅:၁-၉

အံ့ဖွယ်အမှုတွေကို ယေရှုလုပ်ဆောင်နိုင်စွမ်းနဲ့ပတ်သက်ပြီးတော့ကော ဘာသာရေးခေါင်းဆောင်တွေ ဘယ်လိုဆင်ခြေပေးနိုင်ခဲ့သလဲ။ ယေရှုပြုတဲ့အံ့ဖွယ်အမှုတွေ ဖြစ်ခဲ့တာကို သူတို့ ငြင်းတော့မငြင်းဘူး။ ဒါပေမဲ့ ‘ဤသူသည် ဝိညာဉ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍သာ ဝိညာဉ်ဆိုးတို့ကို နှင်ထုတ်နိုင်’ တာလို့ သူတို့စော်ကားပြောဆိုခြင်းအားဖြင့် ယေရှုရဲ့တန်ခိုးက စာတန်ဆီကလာတာဆိုပြီး လူတွေ အယုံအကြည်မဲ့အောင် အားထုတ်ခဲ့ကြတယ်။—မဿဲ ၁၂:၂၄

ယေရှုကို မေရှိယအဖြစ် အသိအမှတ်ပြုဖို့ သူတို့အကျောက်အကန်ငြင်းရတဲ့ ခိုင်လုံတဲ့ နောက်အကြောင်းရင်းတစ်ခု ရှိသေးတယ်။ လာဇရု အသက်ပြန်ရှင်လာအောင် ယေရှုပြုလုပ်ပေးပြီးတဲ့နောက် ဘာသာရေးဂိုဏ်းဂဏအသီးသီးက ခေါင်းဆောင်တွေဟာ ဒီလိုတိုင်ပင်ဆွေးနွေးခဲ့ကြတယ်– “ငါတို့သည် အဘယ်သို့ပြုကြမည်နည်း။ ထိုသူသည် . . . လက္ခဏာများစွာကို ပြ၏။ သူ့ကို ဤသို့လွှတ်ထားလျှင် လူအပေါင်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမတို့သည်လည်းလာ၍ ငါတို့၏အရပ်နှင့် ငါတို့၏လူမျိုးကို သိမ်းပိုက်ကြလိမ့်မည်။” ဘာသာရေးခေါင်းဆောင်တွေဟာ သူတို့ရဲ့အာဏာ၊ သူတို့ရဲ့ရာထူး တည်မြဲဖို့အတွက် ယေရှုကိုရော၊ လာဇရုကိုပါ သတ်ပစ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြတယ်။—ယောဟန် ၁၁:၄၅-၅၃; ၁၂:၉-၁၁

ကိုယ့်အမျိုးသားချင်းဆီက ရန်လိုမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုခံရ

ပထမရာစုက ဂျူးဘာသာရေးခေါင်းဆောင်တွေဟာ ယေရှုကို မေရှိယအဖြစ် လက်ခံသူကို ရန်လိုမုန်းတီးအောင် လူတွေကို ဆွပေးခဲ့ကြတယ်။ ရာထူးကြီးကြီးရထားတဲ့အတွက် မာန်ယစ်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ယေရှုကို ယုံကြည်တဲ့သူတွေကို အထင်တသေးနဲ့ ဒီလိုပြောတယ်– “မင်းအရာရှိများနှင့် ဖာရိရှဲတို့တွင် ထိုသူကို ယုံကြည်သောသူ တစ်စုံတစ်ဦးရှိသလော။” (ယောဟန် ၇:၁၃၊ ၄၈) နိကောဒင်နဲ့ အရိမသဲမြို့သား ယောသပ်တို့လို ဂျူးဘာသာရေးခေါင်းဆောင်တချို့ကျတော့ ယေရှုတပည့်တွေ ဖြစ်လာပေမဲ့ သူတို့ရဲ့ယုံကြည်ခြင်းကို ပေါ်ပေါ်ထင်ထင် မပြရဲကြဘူး။ (ယောဟန် ၃:၁၊ ၂; ၁၂:၄၂; ၁၉:၃၈၊ ၃၉) ‘ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူ မည်သူကိုမဆို တရားဟောရာနေရာမှ နှင်ထုတ်ရမည်’ ဆိုပြီး ဂျူးဘာသာရေးခေါင်းဆောင်တွေက အမိန့်ထုတ်ထားကြတယ်။ (ယောဟန် ၉:၂၂) ယေရှုဟာ ခရစ်တော်ဖြစ်တယ်လို့ ဝန်ခံတဲ့သူဟာ လူ့အသိုင်းအဝိုင်းကနေ အပယ်ခံရမယ်၊ အထင်အမြင်သေးခံရမယ်။

ယေရှုရဲ့ တမန်တော်တွေနဲ့ တပည့်တွေကို အတိုက်အခံပြုမှုက နောက်ဆုံးမှာ ဟုန်းကနဲထတောက်တဲ့မီးလိုပဲ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့အဆင့်ကို ရောက်သွားတယ်။ တမန်တော်တွေဟာ မကြောက်မရွံ့ ဟောပြောကြတဲ့အတွက် ဂျူးတရားရုံးချုပ်ဖြစ်တဲ့ ဆဲန်ဟီဒရင်ကို ခေါ်သွားခံရပြီး အဲဒီမှာ ရိုက်နှက်ခံခဲ့ရတယ်။ (တမန်တော် ၅:၄၀) ယေရှုတပည့် သတေဖန်ဟာ ဘုရားသခင်ကို စော်ကားပြောဆိုသူဖြစ်တယ်လို့ စွပ်စွဲဖို့ အတိုက်အခံပြုသူတွေက အကွက်ဆင်ခဲ့ကြတယ်။ ဂျူးတရားရုံးချုပ်က သတေဖန်ကို သေတဲ့အထိ ကျောက်ခဲနဲ့ပေါက်သတ်ဖို့ ပြစ်ဒဏ်ချမှတ်လိုက်တယ်။ အဲဒီအခါမှာ “ဂျေရုဆလင်မြို့ရှိ အသင်းတော်သည် နှိပ်စက်ညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံရ၍ တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်နှင့် ရှမာရိပြည်အနှံ့ ကွဲလွင့်သွားကြ၏။” (တမန်တော် ၆:၈-၁၄; ၇:၅၄-၈:၁) နောက်ပိုင်းမှာ တမန်တော်ပေါလုဖြစ်လာတဲ့ ရှောလုဟာ “ယဇ်ပုရောဟိတ်မင်းမှစ၍ လူကြီးအပေါင်းတို့” ရဲ့ တရားဝင်ခွင့်ပြုချက်အရ ညှဉ်းပန်းနှိပ်စက်တဲ့အစီအစဉ်တွေမှာ အလိုတူအလိုပါဖြစ်ခဲ့တယ်။—တမန်တော် ၉:၁၊ ၂; ၂၂:၄၊ ၅

ယေရှုသေဆုံးပြီး နောက်ပိုင်းနှစ်တွေမှာ အဲလိုဆိုးဝါးတဲ့အခြေအနေတွေ ရှိနေတာတောင် ခရစ်ယာန်ဘာသာဟာ တစ်ဟုန်ထိုး တိုးတက်ထွန်းကားလာခဲ့တယ်။ လူထောင်ပေါင်းများစွာ ယုံကြည်သူတွေ ဖြစ်လာပေမဲ့လည်း ပထမရာစုအချိန်က ပါလက်စတိုင်းဒေသမှာ ခရစ်ယာန်ဘာသာဝင်တွေဟာ လူနည်းစုပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ခရစ်တော်ရဲ့နောက်လိုက်ပါလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမယ်ဆိုရင် အသိုင်းအဝိုင်းကနေ အပယ်ခံရမယ့်အပြင် အကြမ်းဖက်မှုတောင် ခံရနိုင်တယ်။

ယေရှုကို ငြင်းပယ်ခဲ့တဲ့သူတွေဆီက မှတ်သားစရာ

ကျွန်ုပ်တို့ သိခဲ့တဲ့အတိုင်း တလွဲနားလည်မှု၊ အသိုင်းအဝိုင်းရဲ့ဖိအားနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ပထမရာစုက လူအတော်များများဟာ ယေရှုကို လက်မခံခဲ့ကြဘူး။ ကနေ့လည်း ယေရှုနဲ့ ကိုယ်တော့်သွန်သင်ချက်တွေနဲ့ပတ်သက်တဲ့ တလွဲယူဆချက်တွေကြောင့် ယေရှုကို လက်မခံနိုင်ဘဲဖြစ်နေကြတယ်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်က လူ့စိတ်ထဲမှာရှိတယ်၊ ဘုရားသခင့်နိုင်ငံတော်ကို လူ့ကြိုးပမ်းမှုဖြင့် တည်ထောင်မယ်ဆိုပြီး လူတွေကို သွန်သင်ပေးနေကြတယ်။ လူ့ပြဿနာတွေကို ဖြေရှင်းဖို့ သိပ္ပံပညာ ဒါမှမဟုတ် နည်းပညာတွေကို အားကိုးရမယ်၊ မေရှိယကို ယုံကြည်ဖို့မလိုဘူးဆိုပြီး အယုံသွင်းနေကြတယ်။ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ယေရှုအမှုဆောင်ခဲ့တဲ့ ဖြစ်ရပ်တွေက သမိုင်းဝင်ဖြစ်ရပ်မှန်တွေ မဟုတ်ဘူး၊ ဒါကြောင့် ယေရှုကို မေရှိယအဖြစ် ယုံကြည်ဖို့မလိုဘူးဆိုပြီး ခေတ်သစ်ကျမ်းစာဝေဖန်ရေးသမား အတော်များများက အခိုင်အမာဆိုကြတယ်။

အဲဒီလိုယူဆချက်တွေကြောင့် လူအတော်များများဟာ မေရှိယရဲ့ အခန်းကဏ္ဍအပေါ် စိတ်ရှုပ်ထွေးလာကြတယ် ဒါမှမဟုတ် ဒါကို သုံးသပ်စရာမလိုပါဘူးဆိုပြီး ရှုမြင်လာကြတယ်။ ဒါပေမဲ့ သက်သေအထောက်အထားတွေကို ဆန်းစစ်ချင်တဲ့စိတ်ရှိသူတွေအတွက်ကတော့ ယေရှုဟာ မေရှိယဖြစ်တယ်ဆိုတဲ့ လက်ရှိအထောက်အထားက ပထမရာစုအချိန်ကထက် ပိုလို့တောင်များနေပါသေးတယ်။ မေရှိယ လုပ်ဆောင်မယ့်အရာတွေနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ပေါင်း အများကြီးပါရှိတဲ့ ဟေဗြဲကျမ်းစောင်အပြင် အဲဒီပရောဖက်ပြုချက်တွေကို ယေရှု ဘယ်လိုပြည့်စုံစေခဲ့တယ်ဆိုတာကို မှတ်တမ်းတင်ထားတဲ့ ခရစ်ဝင်ကျမ်းလေးကျမ်းလည်း ကျွန်ုပ်တို့မှာ ရှိထားပါတယ်။ *

ဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်းကောင်းရွေးချယ်နိုင်ဖို့ ဒါမှမဟုတ် ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်ဖို့ ကျွန်ုပ်တို့အတွက် သက်သေအထောက်အထားတွေ အများကြီးရှိပါတယ်။ အခုအချိန်မှာ ဆုံးဖြတ်ချက်ချဖို့ အရေးတကြီးလိုအပ်နေပါပြီ။ ဘာကြောင့်လဲ။ ဘုရားသခင့်နိုင်ငံတော်မှာ မေရှိယဘုရင်အနေနဲ့ ယေရှုဟာ မကြာခင်မှာ မြေကြီးကိုဖျက်ဆီးနေတဲ့သူအားလုံးကို ဖယ်ရှားပြီး နာခံမှုရှိတဲ့သူတွေ သာယာလှပတဲ့ မြေကြီးပေါ်မှာ ထာ၀စဉ်နေထိုင်နိုင်ဖို့ ဖြောင့်မတ်စွာ အုပ်စိုးတော့မယ်ဆိုတာကို သမ္မာကျမ်းစာမှာ ဖော်ပြထားလို့ပါ။ (ဒံယေလ ၂:၄၄၊ ၄၅; ဗျာ. ၁၁:၁၅၊ ၁၈; ၂၁:၃-၅) သင့်အနေနဲ့ ယေရှုအကြောင်းကို သင်ယူပြီး ကိုယ်တော့်ကို ယုံကြည်ကြောင်း တင်ပြဖို့ ကြိုးစားမယ်ဆိုရင် ဖော်ပြပါအံ့ဖွယ်အခြေအနေတွေကို သင် တွေ့ကြုံခံစားရမှာပါ။ ယေရှုရဲ့ ဒီစကားတွေကို နှလုံးသွင်းထားပါ– ‘ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ဦးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။’—ယောဟန် ၃:၁၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 22 ယေဟောဝါသက်သေများထုတ်ဝေသည့် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်၏ စာမျက်နှာ ၂၀၀ တွင်ရှိ “မေရှိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်များ” ဇယားကိုကြည့်ပါ။

[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]

သင်သာ ယေရှုခေတ်မှာ အသက်ရှင် ခဲ့မယ်ဆိုရင် ယေရှုကို မေရှိယအဖြစ် အသိအမှတ်ပြုမှာလား

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

တင်ကူးမှန်းဆချက်တွေကြောင့် ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို မသင်ယူဘဲမနေလိုက်ပါနဲ့