မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အခွင့်ထူးရခဲ့တယ်လို့ ကျွန်မ ခံစားရ”

“အခွင့်ထူးရခဲ့တယ်လို့ ကျွန်မ ခံစားရ”

ဟေတီနိုင်ငံမှ စာတစ်စောင်

“အခွင့်ထူးရခဲ့တယ်လို့ ကျွန်မ ခံစားရ”

ဟေတီနိုင်ငံမှာ  ၂၀၁၀၊  ဇန်နဝါရီ ၁၂ ရက်နေ့က  မြေငလျင်လှုပ်သွားပြီးတဲ့နောက် ဘယ်လောက်ပျက်စီးသွားသလဲဆိုတာ သတင်းထဲမှာ ကျွန်မ သိပ်မတွေ့လိုက်ရဘူး။ ၂၀ ရက်နေ့မှာ ကျွန်မဆီကို သူငယ်ချင်း ခါရ်မဲန်ဆီကဖုန်း  ဝင်လာတယ်။ ဟေတီနိုင်ငံမှာ စေတနာ့ဝန်ထမ်း သွားလုပ်ရအောင်ဆိုပြီး သူက ပြောပြတယ်။ ခါရ်မဲန်နဲ့ ကျွန်မတို့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဝတ်ပြုရာခန်းမဆောက်လုပ်ရေးမှာ သူနာပြုတွေအဖြစ် စေတနာ့ဝန်ထမ်းခဲ့တုန်းက သိခဲ့ကြတာပါ။ အဲဒီအချိန်ကစပြီး တခြားစီမံကိန်းတွေမှာလည်း ကျွန်မတို့နှစ်ယောက် အတူတူပါဝင်ခဲ့ကြလို့ အရမ်းရင်းနှီးသွားတယ်။

ဟေတီနိုင်ငံကိုသွားပြီး ကူညီပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလို့ ခါရ်မဲန်ကို ကျွန်မ ပြောပြတယ်။ အဖွဲ့လိုက် အလုပ်လုပ်ကြမှာမို့ တစ်ယောက်နဲ့ တစ်ယောက် ကူညီထောက်မပေးနိုင်မှာပါဆိုပြီး ခါရ်မဲန်က ပြောတယ်။ သူ့ရဲ့အားပေးစကားကြောင့် နယူးယောက်မြို့၊ ဘရွတ်ကလင်က ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်ကို ကျွန်မ ဖုန်းလှမ်းဆက်ပြီး အမေရိကန်နိုင်ငံကနေ ကယ်ဆယ်ရေးလုပ်ငန်းကို ဖွဲ့စည်းတဲ့ ညီအစ်ကိုနဲ့ စကားပြောခဲ့တယ်။ ပြီးတော့ စေတနာ့ဝန်ထမ်းဖို့ ကျွန်မ စာရင်းပေးလိုက်တယ်။ ခါရ်မဲန်ကိုလည်း စာရင်းထဲထည့်ပေးလိုက်ပြီး တစ်နေရာထဲမှာ သူနဲ့အတူ အလုပ်လုပ်ချင်တယ်လို့ အဲဒီညီအစ်ကို,ကို ပြောလိုက်တယ်။ ကျွန်မတို့ကို ခေါ်မယ်၊ မခေါ်ဘူး၊ အတူတူလုပ်ရမယ်၊ မလုပ်ရဘူးဆိုတာ အာမ,မခံဘူးလို့ အဲဒီညီအစ်ကိုက ကျွန်မကို ပြောပြတယ်။

ဒါကြောင့် ကျွန်မကို ခေါ်မှာမဟုတ်တော့ဘူးလို့ထင်ပြီး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေလိုက်တယ်။ နောက်လေးရက်အကြာ ၂၅ ရက်နေ့၊ တနင်္လာနေ့မှာ ဘရွတ်ကလင်ကနေ ဖုန်းဝင်လာပြီး ဖြစ်နိုင်ရင် မနက်ဖြန် ဟေတီနိုင်ငံကို သွားနိုင်မလားလို့ ကျွန်မကို မေးတဲ့အခါ ကိုယ့်နားကိုတောင် ကိုယ်မယုံနိုင်ဘူး။ ကျွန်မ အတတ်နိုင်ဆုံးလုပ်ပါ့မယ်လို့ သဘောတူလိုက်တယ်။ ဦးဆုံး၊ ကျွန်မ အလုပ်ကနေ ခွင့်ယူဖို့ စီစဉ်လိုက်တယ်။ ပြီးတော့ ခါရ်မဲန်ကို ဆက်သွယ်တဲ့အခါ သူက ပြင်သစ်စကားမပြောတတ်လို့ မလိုက်ရတော့ဘူးဆိုတာ ကျွန်မသိလိုက်ရတယ်။ ကျွန်မစိတ်တွေ လှုပ်ရှားနေတဲ့အပြင် ကြောက်လည်းကြောက်နေမိတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့မှာ လေယာဉ်လက်မှတ်ဝယ်ပြီး နယူးယောက်မြို့ကနေ ဟေတီနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံ၊ စန်တိုဒိုမင်ဂိုမြို့ကို သွားတယ်။

လေဆိပ်မှာ လူငယ်သက်သေခံတစ်ယောက်က ကျွန်မကို လာကြိုပြီး ယေဟောဝါသက်သေတွေရဲ့ ဒိုမီနီကန်ဌာနခွဲရုံးကို ပို့ပေးတယ်။ အဲဒီနေ့မှာပဲ အမေရိကန်နိုင်ငံက သူနာပြုနှစ်ယောက်လည်း ရောက်လာကြတယ်။ အဲဒီညမှာ ကျွန်မတို့ တစ်ခန်းထဲမှာပဲ နေခဲ့ကြတယ်။ နောက်တစ်နေ့မနက်မှာ ကျွန်မတို့ကို ခုနစ်နာရီခွဲကြာ မောင်းရတဲ့ ပေါ်တိုပရင့်စ်မြို့က ဟေတီဌာနခွဲရုံးကို ပို့ပေးတယ်။

နယ်စပ်ကိုဖြတ်ပြီး ဟေတီနိုင်ငံကို ကျွန်မတို့ ရောက်သွားတဲ့အခါ အကြီးအကျယ်ပျက်စီးနေတာကို တွေ့လိုက်ရတယ်။ ၃၅ စက္ကန့်ပဲကြာတဲ့  မြေငလျင်က  လှပတဲ့နိုင်ငံကို  ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်ဆီးပစ်လိုက်တာ တကယ့်ကို အံ့ဩစရာပါပဲ။ ရုပ်မြင်သံကြားမှာ တွေ့ခဲ့ရတဲ့ အပျက်အစီးက ဘာမှမဟုတ်သလိုပဲ၊ ကိုယ်တိုင်တွေ့လိုက်ရတော့မှ တော်တော်ကြီးကို ပျက်စီးနေမှန်း သိလိုက်ရတော့တယ်။ သမ္မတအိမ်တော်အပါအ၀င် အိမ်အတော်များများ ပျက်စီးသွားတယ်။ တချို့အိမ်တွေဆိုရင် အုတ်ပုံဘဝရောက်သွားတယ်။ တစ်သက်လုံး ရှာဖွေစုဆောင်းထားတဲ့ ချွေးနှဲစာလေးနဲ့ ဆောက်ခဲ့တဲ့ အိမ်အတော်များများဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပျက်စီးသွားရတယ်။ ဘဝမှာ အမှန်တကယ် အရေးကြီးဆုံးအရာတွေက ရုပ်ပစ္စည်းမဟုတ်ဘူးဆိုပြီး ကျွန်မတွေးနေမိတယ်။

ဌာနခွဲရုံးကိုရောက်တော့ ဧည့်ကြိုက ကျွန်မတို့ကို တွေ့တဲ့အခါ အပြုံးလေးနဲ့ ပြေးဖက်ပြီး ကြိုဆိုတယ်။ ကိုယ့်ကိစ္စကို ဘေးချိတ်ပြီး ရောက်လာကြတဲ့ ကျွန်မတို့ကို သူက ကျေးဇူးတင်စကားဆိုတယ်။ နေ့လယ်စာ စားပြီးတဲ့နောက် အနားမှာရှိတဲ့ စည်းဝေးပွဲခန်းမကို ကျွန်မတို့ သွားကြတယ်။ အဲဒီခန်းမကို ယာယီဆေးရုံအဖြစ် အသုံးပြုနေကြတယ်။ အဲဒီမှာ ဂျာမနီနိုင်ငံက ဆရာဝန်ဇနီးမောင်နှံနဲ့ သူတို့ရဲ့အကူ၊ ဆွစ်ဇလန်နိုင်ငံက သားဖွားဆရာမတစ်ယောက်အပြင် တခြားသက်သေခံတွေလည်း လုပ်အားပေးဖို့ ရောက်နေကြတာကို တွေ့လိုက်ရတယ်။

ရောက်တဲ့ညမှာပဲ ကျွန်မ အလုပ်စလုပ်ခဲ့တယ်။ အဲဒီမှာ လူနာ ၁၈ ယောက်ရှိတယ်။ သူတို့အထဲမှာ သက်သေခံမဟုတ်တဲ့သူတွေလည်း ပါတယ်။ သူတို့တွေကို စည်းဝေးခန်းမရဲ့ ကြမ်းပြင်မှာ မွေ့ရာခင်းပြီးထားတယ်။ သက်သေခံဆေးဝန်ထမ်းတွေက လူနာတိုင်းကို ကျောသားရင်သား မခွဲခြားဘဲ အခမဲ့ ဆေးကုသပေးတယ်။

အဲဒီညမှာ အသက် ၈၀ အရွယ် လူနာတစ်ယောက် သေဆုံးသွားတယ်။ သူ့ဇနီး၊ ကျွန်မရဲ့အခန်းဖော်နဲ့ ကျွန်မတို့ သုံးယောက်က သူ့အနားမှာ ရှိနေခဲ့ကြတယ်။ ကတ်လီလို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ နာလွန်းလို့ အော်ဟစ်နေတယ်။ ငလျင်လှုပ်တုန်းက ရခဲ့တဲ့ဒဏ်ရာကြောင့် သူ့ရဲ့ ညာဘက်လက်မောင်းကို ဖြတ်ပစ်လိုက်ရတယ်။ သူ့ဘေးနားမှာ သူ့ကို ကျမ်းစာသင်ပေးတဲ့ သက်သေခံညီအစ်မတစ်ယောက် ရှိတယ်။ အဲဒီညီအစ်မက ကတ်လီကို ညတိုင်း စောင့်အိပ်ပေးတယ်။

ကတ်လီရဲ့ဒဏ်ရာကို သက်သာအောင် ကျွန်မ အများကြီးကူညီပေးချင်ပေမဲ့ သူက ကာယပိုင်းမှာရော၊ စိတ်ပိုင်းမှာပါ ထိခိုက်နာကျင်နေတာ။ ငလျင်လှုပ်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ သူ အိမ်မှာရှိနေတယ်လို့ ကျွန်မကို ပြောပြတယ်။ ဘာဖြစ်နေလဲဆိုတာ မသိပေမဲ့ တစ်ယောက်ကိုတစ်ယောက် လက်တွဲပြီး ဝရန်တာဆီ ပြေးထွက်သွားကြတယ်။ အဲဒီအချိန်မှာ သူတို့အပေါ် နံရံပြိုကျလာပြီး နှစ်ယောက်သား ကျောက်ပုံအောက်မှာ ပိတ်မိသွားတယ်။ ကတ်လီဟာ သူ့သူငယ်ချင်းကို အော်ခေါ်ပေမဲ့ ထူးသံမကြားရဘူး။ သူ့သူငယ်ချင်း သေဆုံးသွားပြီဆိုတာကို ချက်ချင်း သဘောပေါက်လိုက်တယ်။ နောက်လေးနာရီအကြာ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတဲ့အထိ သူငယ်ချင်းရဲ့ အလောင်းက သူ့အပေါ်မှာ ပိနေတယ်။ ကတ်လီဟာ သူ့ရဲ့ ပခုံးကနေ ညာဘက်လက်တစ်ခုလုံး ဖြတ်ပစ်လိုက်ရတယ်။

ကျွန်မရောက်တဲ့ညမှာပဲ ကတ်လီဟာ သူအိပ်ဖို့ကြိုးစားတိုင်း အဖြစ်အပျက်တွေကို ပြန်ပြီးမြင်ယောင်နေတယ်။ သူဟာ ငိုရှိုက်ရင်း ကျွန်မကို ဒီလိုပြောပြတယ်- “နောက်ဆုံးသောနေ့ရက်တွေနဲ့ မြေငလျင်တွေအကြောင်း ကျမ်းစာမှာ ပြောထားတာကို ကျွန်မသိပါတယ်။ ကျွန်မတို့မှာ အနာဂတ်မျှော်လင့်ချက်ရှိတယ်ဆိုတာလည်း သိပါတယ်။ အသက်ဆက်ရှင်နေရတာကို ကျေးဇူးတင်သင့်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မနေရာမှာ ရှင်နေကြည့်ပါလား။ ရှင့်ဘဝက အဆင်ပြေနေပေမဲ့ အခုလိုမျိုး ရုတ်ခြည်း ပြောင်းလဲသွားနိုင်တယ်။” ကျွန်မလည်း ဘာမှမတတ်နိုင်တဲ့အတွက် သူ့ကိုဖက်ပြီး သူနဲ့အတူ ငိုချလိုက်တယ်။ သူအိပ်ပျော်တဲ့အထိ ကျွန်မတို့နှစ်ယောက် ငိုနေကြတယ်။

ဆရာဝန်တစ်ယောက်နဲ့ သူနာပြုနှစ်ယောက်ဟာ နေ့တိုင်းလာပြီး ဆေးကုသပေးကြတယ်။ ကျွန်မကတော့ ပေါ်တိုပရင့်စ်မြို့ကနေ နှစ်နာရီလောက် မောင်းသွားရတဲ့ ပဲတီဂို့ဗ်မြို့ကို သွားရတယ်။ ဖလော်ရီဒါပြည်နယ်က သူနာပြုတစ်ယောက်၊ ပြင်သစ်နိုင်ငံက ဆရာဝန်တစ်ယောက်နဲ့အတူ ကျွန်မလိုက်ပါသွားတယ်။ မနက် ကိုးနာရီခွဲမှာ ကျွန်မတို့ ရောက်သွားတယ်။ ပါလာတဲ့ပစ္စည်းတွေကို ဝတ်ပြုရာခန်းမထဲမှာ ထားလိုက်တယ်။ ကျွန်မတို့လာမှာကို လူတွေသိထားတဲ့အတွက် သူတို့ ထိုင်စောင့်နေကြတယ်။

ကျွန်မတို့ရောက်တာနဲ့ ချက်ချင်းပဲ အလုပ်စကြတယ်။ ပူပြင်းတဲ့ရာသီဥတုအောက်မှာ ဆေးကုသဖို့ စောင့်နေတဲ့ လူတန်းကြီးက ရှည်သည်ထက်ရှည်လာတယ်။ ကျွန်မတို့ ခဏနားမယ်လည်းလုပ်ရော သုံးနာရီတောင် ထိုးနေပြီ။ ကျွန်မတို့သုံးယောက်စလုံး အဲဒီနေ့မှာပဲ လူ ၁၁၄ ယောက်ကို ကာကွယ်ဆေးထိုးပေးပြီး ၁၀၅ ယောက်ကို ဆေးကုသပေးခဲ့တယ်။ ကျွန်မ ပင်ပန်းနွမ်းနယ်နေပေမဲ့ လိုအပ်တဲ့သူတွေကို ကူညီပေးရလို့ ပျော်ရွှင်ခဲ့ရတယ်။

ဟေတီနိုင်ငံရဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ ကျွန်မ နှစ်ပတ်ကျော်ကျော် ပါဝင်လုပ်ဆောင်ခဲ့တယ်။ စည်းဝေးပွဲခန်းမမှာ ညတိုင်းနီးပါး တစ်ညကို ၁၂ နာရီကြာ အလုပ်လုပ်ခဲ့တယ်။ ကျွန်မလုပ်ခဲ့ဖူးသမျှထဲမှာ ဒါက အခက်ခဲဆုံးတာ၀န်ပဲ။ ဒါပေမဲ့ ဒါကို အခွင့်ထူးလို့ ကျွန်မယူမှတ်ခဲ့တဲ့အတွက် ကောင်းချီးခံစားခဲ့ရတယ်။ ဆင်းရဲဝေဒနာ အကြီးအကျယ် ခံစားနေရတဲ့ ဟေတီနိုင်ငံသားတွေကို နှစ်သိမ့်မှုနဲ့သက်သာမှု အတော်အတန် ပေးခဲ့ရလို့ ကျွန်မ အရမ်းပျော်တယ်။

သူတို့ဆီကနေ သင်ခန်းစာ အများကြီး ယူခဲ့တယ်။ ဥပမာ၊ ကျွန်မကုသပေးခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ် အီလီဇာဆိုတဲ့ လူနာတစ်ယောက်ဟာ သူ့ရဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ရတယ်။ ညအိပ်စောင့်ပေးတဲ့ ဂျင်မီကိုကျွေးဖို့ သူ့ရဲ့ဝေစု ချန်ထားပေးတတ်တာကို ကျွန်မ သတိပြုမိတယ်။ ဂျင်မီဟာ သူ့ဆီရောက်လာမှပဲ ညစာစားရတယ်လို့ အီလီဇာက ကျွန်မကို ရှင်းပြတယ်။ သူတစ်ပါးကို ပေးကမ်းဖို့ ကျွန်မတို့ ချမ်းသာစရာမလိုဘူး၊ ကျန်းမာဖို့လည်း မလိုဘူးဆိုတာ အီလီဇာဆီကနေ ကျွန်မ သင်ယူခဲ့တယ်။

ကျွန်မတို့အုပ်စုက စေတနာ့ဝန်ထမ်းတွေမှာလည်း အဲဒီလိုရက်ရောတဲ့စိတ်ဓာတ် ရှိကြပါတယ်။ စေတနာ့ဝန်ထမ်းတစ်ယောက်ဆိုရင် ကျန်းမာရေးမကောင်းဘူး။ နောက်တစ်ယောက်ကလည်း ခါးနာနေတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး ကိုယ့်အရေးထက် လူနာတွေရဲ့ အရေးကို ဦးစားပေးခဲ့ကြတယ်။ အဲဒါက ကျွန်မ ဆက်ပြီးလုပ်ဆောင်နိုင်အောင် အားပေးမှုဖြစ်ခဲ့တယ်။ ကျွန်မတို့အားလုံး မကြာမကြာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပေမဲ့ တစ်ယောက်ကိုတစ်ယောက် အားပေးပြီး ဆက်လုပ်ဆောင်ခဲ့ကြတယ်။ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ချစ်ခင်ကြင်နာပြီး ကိုယ်ကျိုးစွန့်တဲ့ ခရစ်ယာန်စစ်တွေရဲ့ အဖွဲ့အစည်းအဝင် ဖြစ်ရတာ ကျေးဇူးတင်စရာကောင်းလိုက်တာ။

ဟေတီနိုင်ငံကနေ ကျွန်မ မထွက်ခွာခင် ညာဘက်လက်ဖြတ်ခံရတဲ့ လူနာနှစ်ယောက်က ကျေးဇူးတင်စာရေးပြီး လေယာဉ်ပေါ်ရောက်မှ ဖတ်ပါလို့ မှာလိုက်တယ်။ သူတို့ပြောတဲ့အတိုင်း ကျွန်မ လုပ်ခဲ့တယ်။ အဲဒီစာတွေကို ကျွန်မဖတ်လိုက်တဲ့အခါ စိတ်အရမ်းထိခိုက်ပြီး ငိုချလိုက်တယ်။

အိမ်ပြန်ရောက်တာနဲ့ ဟေတီနိုင်ငံမှာ တွေ့ခဲ့တဲ့ မိတ်ဆွေသစ်တချို့ကို အဆက်အသွယ်လုပ်ခဲ့တယ်။ ဆင်းရဲခက်ခဲချိန်မှာ  ခင်မင်မှုနှောင်ကြိုးဟာ ခိုင်မြဲလာပြီး စမ်းသပ်ခံနိုင်ခဲ့တယ်။  ကျွန်မတို့ရဲ့  ခင်မင်မှုနှောင်ကြိုးဟာ အနာဂတ်မှာ ကြုံရမယ့် ဆင်းရဲခက်ခဲမှုတွေအတွက်လည်း စမ်းသပ်ခံနိုင်လိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။ ဒါကြောင့်  အခွင့်ထူးရခဲ့တယ်လို့ ကျွန်မ ခံစားရတယ်။