“လူမျိုးစုငယ်လေးဖြစ်တဲ့ ကျွန်တော်တို့ကို ယေဟောဝါဘုရားသခင်က ချစ်ပါ့မလား”
မက္ကဆီကိုနိုင်ငံမှ စာတစ်စောင်
“လူမျိုးစုငယ်လေးဖြစ်တဲ့ ကျွန်တော်တို့ကို ယေဟောဝါဘုရားသခင်က ချစ်ပါ့မလား”
အိုဒမ်ဘာသာစကားပြောတတ်တဲ့ မယ်လယ်စရိုဟာ မြို့မှာ အလုပ်ရှာဖို့ တောင်ပေါ်ကနေ ဆင်းလာတတ်တယ်။ ခရစ်ယာန်အစည်းအဝေးတွေကို သူတက်ပြီး ရွာကလူတွေကို ဝေငှဖို့ ကျမ်းစာအခြေပြုစာပေတွေ ယူသွားတယ်။ ပြီးတော့ သူ့ရွာသားတွေကို ကျမ်းစာလာသင်ပေးဖို့ ညီအစ်ကိုတစ်ယောက်ယောက်ကို သူတောင်းဆိုခဲ့တယ်။
လူတွေနဲ့ တသီးတခြားဖြစ်နေတဲ့ အိုဒမ်မျိုးနွယ်စုတစ်စုဟာ မက္ကဆီကိုနိုင်ငံ မြောက်အလယ်ပိုင်းဒေသမှာ နေထိုင်ကြတယ်။ အဲဒီနေရာက ယေဟောဝါသက်သေတွေရဲ့ အနီးဆုံးအသင်းတော်ကနေ မိုင် ၁၅၀ လောက်ဝေးတယ်။ အဲဒီနေရာကို သွားလည်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်။
တဲရှင်တွေ၊ အိပ်ရာလိပ်တွေ၊ သုံးရက်စာအတွက် အစားအစာ၊ ဓာတ်ဆီ အလုံအလောက်ယူပြီး ဒူရန်ဂိုမြို့ကနေ ကျွန်တော်တို့ ပစ်ကပ်ကားနဲ့ စထွက်လာကြတယ်။ မနက် လေးနာရီကနေ စထွက်လာလိုက်တာ ဖုန်ထူတဲ့ တောင်တက်လမ်းကြမ်းကို ရောက်တဲ့အထိ ရှစ်နာရီကြာ မောင်းခဲ့ရတယ်။ အိုဒမ်လူမျိုးစုငယ်နေတဲ့ ဒေသက အဲဒီနေရာကစတယ်။ ကျွန်တော်တို့ရဲ့အရှေ့မှာ အရမ်းကိုနက်ရှိုင်းတဲ့ လျှိုမြောင်တစ်ခုနဲ့ တောင်တစ်တောင်ရှိသေးတယ်။
ကျွန်တော်တို့ရဲ့ ပစ်ကပ်ကားကို ရွာတစ်ရွာမှာ ထားခဲ့ကြတယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကိုထမ်းပြီး လျှိုမြောင်အောက်ရောက်တဲ့အထိ နောက်သုံးနာရီကြာ လမ်းလျှောက်ခဲ့ကြတယ်။ အဲဒီမှာ တဲထိုးပြီး တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်ကို ကာကွယ်ဖို့အတွက် မီးပုံဖိုလိုက်ကြတယ်။ မီးမငြိမ်းသွားအောင် သုံးနာရီစီ အလှည့်ကျထပြီး မီးထိုးပေးကြတယ်။
နောက်တစ်နေ့ မနက်စောစောထပြီး တောင်ပေါ်ကိုစတက်ကြတယ်။ လမ်းကြောင်းတွေကများလွန်းလို့ ကျွန်တော်တို့ မကြာခဏ လမ်းပျောက်ခဲ့ရတယ်။ ကျွန်တော်တို့အုပ်စုမှာပါတဲ့ တစ်ယောက်က အိုဒမ်စကား နည်းနည်းပါးပါး ပြောတတ်တဲ့အတွက် လမ်းတစ်လျှောက်မှာတွေ့တဲ့ လူတွေကို ကျမ်းစာအကြောင်း တိုတိုတုတ်တုတ် ပြောပြခဲ့တယ်။ ကျွန်တော်တို့သွားမယ့်နေရာဖြစ်တဲ့ လော့စ် အာရေနာလပ်စ်မှာ သူတို့ကိုယ်သူတို့ ယေဟောဝါသက်သေတွေလို့ခေါ်တဲ့ လူတချို့ရှိတယ်၊ အစည်းအဝေးတွေလည်း ကျင်းပနေကြတယ်လို့ လူတွေကပြောပြတဲ့အခါ ကျွန်တော်တို့ အရမ်းအံ့ဩသွားပြီး အားရှိသွားတယ်။
လော့စ် အာရေနာလပ်စ်ကိုရောက်တော့ ကျွန်တော်တို့ရဲ့ ခြေထောက်တွေမှာ အရည်ကြည်ဖုတွေထပြီး ရောင်ကိုင်းနေတယ်။ နေလှန်းရွှံ့အုတ်တွေနဲ့ဆောက်ထားပြီး ကတ္ထူပြားတွေနဲ့ အမိုးမိုးထားတဲ့ အိမ်တွေက ဟိုတစ်စု သည်တစ်စုရှိနေပြီး စာသင်ကျောင်းလည်းမရှိ၊ လျှပ်စစ်မီးလည်းမရှိဘူး။ အပြင်လောကနဲ့ လုံးဝအဆက်ပြတ်နေတဲ့ ရွာသားတွေဟာ ဆင်းရဲလွန်းလို့ ပြောင်းဖူးမှုန့်နဲ့လုပ်ထားတဲ့ ချပါတီတွေ၊
တခြားစားစရာ နည်းနည်းပါးပါးနဲ့ အသက်ဆက်နေကြရတယ်။ ကိုယ်ခန္ဓာ ပိန်ပိန်ပါးပါးရှိတဲ့ မယ်လယ်စရိုက ကျွန်တော်တို့ကိုတွေ့တော့ အရမ်းဝမ်းသာသွားတယ်။ ကျွန်တော်တို့ကို သူ့အိမ်လေးဆီ ခေါ်သွားတယ်။ သူ့မိသားစုနဲ့ သူ့ရဲ့မိတ်ဆွေတွေကို ကျမ်းစာသင်ပေးဖို့ သက်သေခံတွေလွှတ်ပေးပါဆိုပြီး ဘုရားသခင်ဆီ နေ့တိုင်း သူ ဆုတောင်းတဲ့အကြောင်း ကျွန်တော်တို့ကို ပြောပြတယ်။ သူတို့မေးတဲ့ မေးခွန်းအားလုံးကို သူအဖြေမပေးနိုင်ခဲ့ဘူးလို့လည်း ပြောပြတယ်။အိုဒမ်မျိုးနွယ်စုက နတ်စားတွေဖြစ်တယ်။ သူတို့ဟာ လင်းယုန်ငှက်မွေးတွေ၊ အရိုးတွေ စတဲ့အဆောင်လက်ဖွဲ့တွေကို အသုံးပြုပြီး သဘာဝစွမ်းအားတွေကို ကိုးကွယ်ကြတယ်။ သူတို့ကို အမြတ်ထုတ်နေတဲ့ နတ်ကတော်တွေကိုလည်း ကြောက်ကြတယ်။ ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာ မယ်လယ်စရို သိရှိလာပြီး သူကိုးကွယ်နေတဲ့ အရာဝတ္ထုအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်လို့ ရှင်းပြတယ်။ အဲဒီလိုလုပ်တဲ့အတွက် သူကိုးကွယ်ခဲ့တဲ့ ဘုရားသခင်တွေက သူ့ကို သေဒဏ်ပေးတော့မှာပဲဆိုပြီး လူတွေက ထင်ထားကြတယ်။ သူတို့ထင်သလို ဘာမှမဖြစ်လာတဲ့အခါ ယေဟောဝါဘုရားသခင်က သူတို့ရဲ့ဘုရားသခင်တွေထက် ပိုပြီးတန်ခိုးကြီးတယ်ဆိုတာ သိလာကြတယ်။ ဒါကြောင့် မယ်လယ်စရိုက သက်သေခံတွေရဲ့ ကျမ်းစာအခြေပြုစာပေတွေသုံးပြီး သူ့မိသားစုနဲ့အတူ ကျမ်းစာလေ့လာတဲ့အခါ သူတို့ပါ လာနားထောင်ကြတယ်။
“ခင်ဗျားတို့ရဲ့ အဆောင်လက်ဖွဲ့တွေကို အရင်ဆုံး မီးရှို့ဖျက်ဆီးလိုက်ပါလို့ ကျွန်တော် ပြောလိုက်တယ်” ဆိုပြီး မယ်လယ်စရိုက ရှင်းပြတယ်။ လူအတော်များများဟာ အယူသီးမှုတွေကိုလည်း မကြောက်တော့ဘူး။ ကျမ်းစာလာလေ့လာတဲ့သူတွေက အယောက် ၈၀ ကျော်တောင်ရှိလာတယ်။ ဒီသတင်းကိုကြားတော့ အရမ်းအံ့ဩသွားပြီး မွန်းလွဲပိုင်းမှာပဲ အစည်းအဝေးတစ်ခုကျင်းပဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်။ အစည်းအဝေးလုပ်မယ့်အကြောင်း မယ်လယ်စရိုရဲ့အိမ်မှာ ကျမ်းစာလာလေ့လာနေကျသူတွေဆီကို မြင်းစီးပြီး အမြန်သွားပြောခိုင်းတယ်။ ကြားရက်ဖြစ်နေတဲ့အပြင် အချိန်ကပ်နေပေမဲ့လည်း အစည်းအဝေးကိုရောက်လာတဲ့သူ အရေအတွက်က ၂၅ ယောက်ရှိတယ်။ တချို့က ခြေကျင်လျှောက်လာပြီး တချို့က မြည်းစီးပြီး လာကြတယ်။
ကျမ်းစာကို အမေးအဖြေပုံစံနဲ့ ကျွန်တော်တို့ ဆွေးနွေးတဲ့အခါ မယ်လယ်စရိုက စကားပြန်လုပ်ပေးတယ်။ “လူမျိုးစုငယ်လေးဖြစ်တဲ့ ကျွန်တော်တို့ကို ယေဟောဝါဘုရားသခင်က ချစ်ပါ့မလား၊” “အိုဒမ်စကားနဲ့ ဆုတောင်းတာကို ဘုရားသခင် နားညောင်းပါ့မလား၊” “အာမဂေဒုန်လာတဲ့အခါ တောကြိုအုံကြားက ကျွန်တော်တို့ကို ဘုရားသခင် ဂရုစိုက်ပါ့မလား” ဆိုတဲ့မေးခွန်းတွေကို သူတို့မေးကြတယ်။ ဘယ်ဘာသာစကားပဲပြောပြော၊ ဘယ်လောက်ဝေးတဲ့ နေရာမှာပဲနေနေ စိတ်နှိမ့်ချတဲ့သူတွေကို ယေဟောဝါဘုရားသခင် ဂရုစိုက်တယ်ဆိုတဲ့အကြောင်း သူတို့ယုံကြည်စိတ်ချအောင် ကျမ်းစာနဲ့ အားတက်သရော ဖြေဆိုပေးတယ်။ သူတို့ကို ကျမ်းစာအကြောင်း များများသင်ပေးဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးပါဆိုပြီး တောင်းဆိုခဲ့ကြတယ်။
အစည်းအဝေးပြီးတော့ ကျွန်တော်တို့မှာပါလာတဲ့ အစားအသောက်တွေကို မိတ်ဆွေသစ်တွေနဲ့အတူတူ စားသုံးကြတယ်။ မိုးတောင် ချုပ်လာနေပြီပဲ။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ချမ်းလိုက်တာလည်း လွန်ရော။ ကျွန်တော်တို့အိပ်ဖို့ ဆောက်လက်စ အိပ်ခန်းလေးပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ။ နောက်မနက်ရောက်တော့ ကျွန်တော်တို့ကို ပစ်ကပ်ကား ထားခဲ့တဲ့ရွာအထိ ဖြတ်လမ်းကနေ သူတို့လိုက်ပို့ပေးကြတယ်။ အဲဒီကနေ ဒူရန်ဂိုမြို့ကို ကျွန်တော်တို့ ပြန်လာခဲ့ကြတယ်။ အရမ်းမောနေပေမဲ့လည်း ကျေနပ်အားရခဲ့ပါတယ်။
စိတ်ရင်းမှန်တဲ့သူတွေနဲ့ တွေ့ဆုံခွင့်ရတာ တကယ့်အခွင့်ထူးပါပဲ။ ကျမ်းစာအခြေပြုစာပေတွေကို သူတို့ဘာသာစကားနဲ့ မရနိုင်ပေမဲ့လည်း သူတို့ဟာ စစ်မှန်တဲ့ဘုရားသခင်အကြောင်း သိချင်ပြီး ဝတ်ပြုချင်ကြတယ်။ ကျွန်တော်တို့ သွားလည်ပြီးတဲ့နောက်ပိုင်း နောက်ထပ်သက်သေခံ ခြောက်ယောက်လည်း အဲဒီနေရာကိုသွားပြီး သုံးပတ်ကြာ နေထိုင်ခဲ့ကြတယ်။ ယေဟောဝါဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ဝတ်ပြုကိုးကွယ်ချင်တဲ့သူ ၄၅ ယောက်လောက်ကို ကျမ်းစာသင်ပေးခဲ့တယ်။ သူတို့အားလုံး အစည်းအဝေးတွေ ပုံမှန်တက်နေကြတယ်။
စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက လော့စ်အာရေနာလပ်စ်ရွာမှာ ကုန်စုံဆိုင်တစ်ဆိုင်ပဲရှိပြီး အဲဒီမှာ စီးကရက်တွေ မရောင်းတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျမ်းစာလေ့လာနေတဲ့သူတွေ အရမ်းများလာပြီး ဆေးလိပ်မသောက်တော့တဲ့အတွက်ဖြစ်တယ်။ ဒါ့အပြင် သူတို့ဟာ သူတို့အိမ်ထောင်ဖက်နဲ့လည်း တရားဝင်လက်ထပ်လိုက်ကြပြီ။
[စာမျက်နှာ ၂၄ ပါရုပ်ပုံ]
မယ်လယ်စရို၊ သူ့ဇနီး၊ သမီးလေးယောက်နဲ့ ယောက္ခမ
[စာမျက်နှာ ၂၅ ပါရုပ်ပုံ]
လော့စ် အာရေနာလပ်စ်ရွာမှာ ကျင်းပနေတဲ့ ကျမ်းစာလေ့လာမှုနဲ့ ခရစ်ယာန်အစည်းအဝေး
[Picture Credit Line on page 25]
Servicio Postal Mexicano, Correos de Mexico