မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သင် သိပါသလား

ဘယ်လိုရာဇဝတ်မှုတွေကို ဗာရဗ္ဗ ကျူးလွန်ခဲ့တာလဲ

▪ ရောမဘုရင်ခံ ပုန္တိပိလတ်က ယေရှုခရစ်ကို လွှတ်ပေးမယ့်အစား ဗာရဗ္ဗကို လွှတ်ပေးလိုက်တဲ့အကြောင်း ခရစ်ဝင်ကျမ်းလေးစောင်စလုံးမှာ ဖော်ပြထားပါတယ်။ ဗာရဗ္ဗဟာ “နာမည်ဆိုးတွင်သော အကျဉ်းသား” ဖြစ်ပြီး “ဓားပြ” တစ်ဦးလည်းဖြစ်ပါတယ်။ (မဿဲ ၂၇:၁၆; ယောဟန် ၁၈:၄၀) သူဟာ “ပုန်ကန်ထကြွ” တဲ့သူတွေနဲ့အတူ ဂျေရုဆလင်မြို့မှာ ရောမတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ သူတို့ဟာ “လူသတ်မှုကျူးလွန်ခဲ့” ကြပါတယ်။—မာကု ၁၅:၇

ဗာရဗ္ဗ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအကြောင်းကို လောကစာပေအထောက်အထားတွေမှာ မတွေ့ရပါဘူး။ ဒါပေမဲ့ ပုန်ကန်ထကြွသူတွေထဲမှာ သူလည်း ပါဝင်နေတယ်ဆိုတဲ့အချက်ကြောင့် ပထမရာစုက အစ္စရေးနိုင်ငံမှာ သောင်းကျန်းသူအဖျက်သမားတွေနဲ့ ပူးပေါင်းနေတဲ့သူဖြစ်ရမယ်လို့ ကျမ်းပညာရှင်တချို့က ယူဆကြတယ်။ သမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖပ်စ်ရဲ့ မှတ်တမ်းအရ ဝရမ်းပြေးတွေဟာ အဲဒီခေတ်က လူမှုရေးလှုပ်ရှားမှုတွေမှာ ထင်ထင်ပေါ်ပေါ် ပါဝင်ခဲ့တဲ့သူတွေ ဖြစ်ကြတယ်။ သူတို့ဟာ အဖိနှိပ်ခံ ဂျူးဆင်းရဲသားတွေအတွက် တရားမျှတမှုရရှိအောင် အရေးဆိုပေးခဲ့ကြတယ်။ ရောမလူတွေနဲ့ လူကုံထံ ဂျူးအသိုင်းအဝိုင်းတွေရဲ့ မတရားပြုမူဆက်ဆံခြင်းကို ခံနေရတယ်ဆိုပြီး ရောမအစိုးရကို ဂျူးတွေ ပုန်ကန်လာခဲ့တာ စီအီး ပထမရာစု အလယ်ပိုင်းရောက်တဲ့အထိဖြစ်တယ်။ နောက်ပိုင်းမှာ ဝရမ်းပြေးအုပ်စု အင်အားတောင့်တင်းလာပြီး စီအီး ၆၆ မှာ ရောမလူတွေကို ယုဒနယ်ကနေ တိုက်ထုတ်ခဲ့ကြတယ်။

“ဗာရဗ္ဗဟာ ကျေးလက်တောပုန်းဓားပြတွေထဲက တစ်ယောက်ဖြစ်နိုင်ပါတယ်။ အဲဒီတောပုန်းဓားပြတွေဟာ အစ္စရေးလူချမ်းသာတွေကို အနိုင်ကျင့်ပြီး ရောမအစိုးရ ပျက်စီးရာပျက်စီးကြောင်း ရှာကြံနေတဲ့အတွက် သာမန်ပြည်သူလူထုက ထောက်ခံကြတယ်” ဆိုပြီး ကျမ်းစာအဘိဓာန် (The Anchor Bible Dictionary) တစ်အုပ်မှာ ဖော်ပြထားတယ်။

ရောမခေတ်မှာ ဘယ်လိုရာဇဝတ်သားတွေက ယေရှုခံခဲ့ရတဲ့ သေဒဏ်မျိုးနဲ့ စီရင်ခံခဲ့ရသလဲ။

အဖျက်သမားတွေ၊ ဝရမ်းပြေးတွေနဲ့ တခြားဆန့်ကျင်ပုန်ကန်တဲ့သူတွေကို ပြစ်ဒဏ်ပေးရာမှာ ရောမလူတွေ အသုံးပြုခဲ့တဲ့နည်းက သစ်တိုင်တင် ကွပ်မျက်ခြင်းဖြစ်တယ်။ အဲလိုအပြစ်ပေးနည်းကို သေဒဏ်ပေးမှုပုံစံတွေထဲမှာ အဆိုးဝါးဆုံးလို့ သတ်မှတ်ကြတယ်။

“သစ်တိုင်တင်ခြင်းကို လူပုံအလယ်မှာ ပြုလုပ်တဲ့အတွက် သိက္ခာကျတဲ့အပြင် နာကြဉ်းစရာလည်း ကောင်းတယ်။ လက်ရှိအခြေအနေကို ခြိမ်းခြောက်မယ့်သူ ဘယ်သူမဆို အထိတ်တလန့်ဖြစ်သွားအောင် ရည်ရွယ်တဲ့အနေနဲ့ ဒီနည်းကိုသုံးတာဖြစ်တယ်” ဆိုပြီး စာအုပ် (Palestine in the Time of Jesus) တစ်အုပ်မှာ ဖော်ပြထားတယ်။ ရာဇဝတ်သားတွေကို သေဒဏ်ပေးမှုနဲ့ပတ်သက်ပြီး ရှေးခေတ် ရောမစာရေးဆရာတစ်ယောက်က “လူအများစု တွေ့ မြင်ပြီး ကြောက်ရွံ့သွားအောင် လူအရှုပ်ဆုံးလမ်းတွေကိုရွေးတယ်” လို့ ဖော်ပြတယ်။

စီအီး ၇၀ မှာ ဂျေရုဆလင်မြို့ကို ရောမဗိုလ်ချုပ်တိတု ဦးဆောင်တဲ့ စစ်တပ် လာဝိုင်းတုန်းက ခုခံတဲ့သူတွေ ကြောက်လန့်သွားအောင် အဖမ်းခံရတဲ့ စစ်သုံ့ပန်းတစ်ဦးကို မြို့ရိုးရှေ့မှာ သစ်တိုင်တင်ပြီး သတ်ပြခဲ့တယ်လို့ ဂျူးသမိုင်းပညာရှင် ဂျိုစီဖပ်စ်ကဆိုတယ်။ နောက်ဆုံး မြို့ကျရှုံးသွားတဲ့အခါ တခြားသူတွေလည်း သစ်တိုင်တင် အသတ်ခံလိုက်ရတယ်။

သမိုင်းမှတ်တမ်းတွေအရ အကြီးမားဆုံး အစုလိုက်အပြုံလိုက် သစ်တိုင်တင်သတ်ခြင်းကို စပါတာကပ်စ် (ဘီစီအီး ၇၃-၇၁) ဦးဆောင်တဲ့ ပုန်ကန်မှုအပြီးမှာ ပြုလုပ်ခဲ့တယ်။ အဲဒီတုန်းက ကျေးကျွန် ၆,၀၀၀ နဲ့ ဂလတ်ဒီယေတာ (ရောမခေတ်က အသတ်အပုတ်ကျွမ်းကျင်သူ) တွေကို ခက်ပြူအာမြို့ကနေ ရောမမြို့အထိ လမ်းတစ်လျှောက်လုံးမှာ သစ်တိုင်တင်ကွပ်မျက်ခဲ့ကြတယ်။

[စာမျက်နှာ ၁၀ ပါရုပ်ပုံ]

၁၈၇၈ ခုနှစ်က ချားလ်စ် မူလာ ရေးဆွဲထားတဲ့ “ဗာရဗ္ဗကို လွှတ်ပေးပါ” ဆိုတဲ့ပန်းချီပုံ