မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဆိုးရွားဆုံး ရုံးတင်စစ်ဆေးမှု

အဆိုးရွားဆုံး ရုံးတင်စစ်ဆေးမှု

အဆိုးရွားဆုံး ရုံးတင်စစ်ဆေးမှု

ရှေးခေတ်မှာ တရားရေးရာအမှုကိစ္စတွေရှိရင်တောင် လူသိနည်းပါတယ်။ သမ္မာကျမ်းစာရဲ့ ခရစ်ဝင်ကျမ်းလေးစောင်ထဲမှာ ယေရှုခရစ်ကို ဖမ်းဆီးခြင်း၊ ရုံးတင်စစ်ဆေးခြင်းနဲ့ ကွပ်မျက်ခြင်းအကြောင်းတွေကို အသေးစိတ် ဖော်ပြထားပါတယ်။ အဲဒီအကြောင်းတွေကို ဘာဖြစ်လို့ စိတ်ဝင်စားသင့်သလဲ။ စိတ်ဝင်စားသင့်တဲ့ အကြောင်းရင်းသုံးခုရှိပါတယ်။ ပထမ၊ ယေရှုဟာ သူ့ရဲ့သေခြင်းကို အောက်မေ့ကြဖို့ နောက်လိုက်တွေကို မိန့်မှာခဲ့တယ်။ ရုံးတင်စစ်ဆေးမှုက ယေရှုကိုသေစေတဲ့အပြင် အရမ်းအရေးကြီးတဲ့အတွက် ဖြစ်တယ်။ ဒုတိယ၊ ယေရှုအပေါ်တင်တဲ့ စွဲချက်တွေ မှန်မမှန်ဆိုတာကို သိထားသင့်တဲ့အတွက် ဖြစ်တယ်။ တတိယ၊ ယေရှု တလိုတလား စွန့်လွှတ်ခဲ့တဲ့အသက်က ကျွန်ုပ်တို့နဲ့ ကျွန်ုပ်တို့ရဲ့ အနာဂတ်အတွက် အလွန်အရေးပါတဲ့အတွက် ဖြစ်တယ်။—လုကာ ၂၂:၁၉; ယောဟန် ၆:၄၀

ယေရှုကို ရုံးတင်စစ်ဆေးတဲ့ အချိန်တုန်းက ပါလက်စတိုင်းနယ်ကို ရောမတွေ အုပ်ချုပ်နေကြပါတယ်။ ရောမတွေဟာ ဂျူးဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ ဂျူးဥပဒေနဲ့အညီ ဂျူးအမျိုးသားချင်းအပေါ် တရားစီရင်ခွင့်ပေးထားပေမဲ့ ဂျူးရာဇဝတ်သားတွေကို ကွပ်မျက်ဖို့ တရားဝင်အခွင့်အာဏာ ပေးထားပုံမရဘူး။ ဒါကြောင့် ယေရှုဟာ ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရပေမဲ့ ရောမတွေရဲ့ ကွပ်မျက်ခြင်းကို ခံခဲ့ရတယ်။ ယေရှုရဲ့ဟောပြောမှုကြောင့် ဘာသာရေးခေါင်းဆောင်တွေဟာ တော်တော်စိတ်ကသိကအောက်ဖြစ်ခဲ့ရပြီး ယေရှုကိုသတ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဟာ ယေရှုကို တရားဥပဒေနဲ့အညီ ကွပ်မျက်စေချင်ကြတယ်။ ယေရှုကိုသတ်ဖို့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေကို စိစစ်ကြည့်လိုက်တဲ့အခါ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါတက္ကသိုလ်ရဲ့ ဥပဒေပါမောက္ခတစ်ဦးက ယေရှုကိုစီရင်တဲ့အမှုဟာ “လူ့သမိုင်းမှာ အဆိုးရွားဆုံးအမှု” ဖြစ်တယ်လို့ သတ်မှတ်ခဲ့တယ်။ *

ဥပဒေနဲ့မညီတဲ့ ရုံးတင်စစ်ဆေးမှုတစ်ခု

အစ္စရေးလူမျိုးကိုပေးခဲ့တဲ့ မောရှေပညတ်ကို “ပြဋ္ဌာန်းခဲ့သမျှ ပညတ်တွေထဲမှာ အမြင့်မြတ်ဆုံးနဲ့ ကျိုးကြောင်းညီညွတ်မှုအရှိဆုံး ပညတ်ဥပဒေ” လို့ခေါ်ခဲ့ကြပါပြီ။ ဒါပေမဲ့ ယေရှုခေတ်ရောက်တော့ ဘယ်နေရာမှာမဆို စည်းမျဉ်းတွေချတတ်တဲ့ ဂျူးဆရာ (ရဗ္ဗိ) တွေဟာ များပြားလှတဲ့ ကျမ်းစာစည်းမျဉ်းအပိုတွေကို မောရှေပညတ်ထဲ ထပ်ထည့်လိုက်ကြတယ်။ နောက်ပိုင်းမှာ အဲဒီစည်းမျဉ်းအတော်များများကို ဂျူးပညတ်ဥပဒေတွေအကြောင်း ရှင်းပြထားတဲ့ တာလ်မွဒ်ကျမ်းမှာ မှတ်တမ်းတင်ထားကြတယ်။ (စာမျက်နှာ ၂၀ မှာရှိတဲ့  “ပထမရာစုက ဂျူးပညတ်ဥပဒေများ” လေးထောင့်ကွက်ကိုကြည့်ပါ။) ယေရှုရင်ဆိုင်ခဲ့ရတဲ့ ရုံးတင်စစ်ဆေးမှုက သမ္မာကျမ်းစာနဲ့ကော ကျမ်းပိုတွေနဲ့ပါ ဘယ်လိုကိုက်ညီမှုရှိသလဲ။

ရာဇဝတ်မှုတစ်ခုနဲ့ပတ်သက်ပြီး ရုံးတော်ရှေ့မှောက်မှာ သက်သေနှစ်ဦးရဲ့ သက်သေထွက်ဆိုချက်တွေက မှန်ကန်နေလို့ ယေရှု အဖမ်းခံခဲ့ရတာလား။ ဘာကြောင့်လဲဆိုတော့ တရားဥပဒေနဲ့အညီ ဖမ်းဆီးဖို့ သက်သေရှိဖို့လိုပါတယ်။ ပထမရာစုခေတ်က ပါလက်စတိုင်းနယ်မှာ တရားဥပဒေချိုးဖောက်တယ်လို့ ယူဆခံရတဲ့ ဂျူးတစ်ဦးကို စွဲချက်တင်ဖို့ တရားရုံးကိုခေါ်လာပြီး ရုံးချိန်အတွင်း ရုံးထိုင်ကြားနာစစ်ဆေးပါတယ်။ တရားရုံးက စတင်ပြီး စွဲချက်မတင်ရပါဘူး။ ဒါပေမဲ့ စွဲချက်တွေကိုတော့ စုံစမ်းစစ်ဆေးပေးရပါတယ်။ စွပ်စွဲထားတဲ့ ရာဇဝတ်မှုအတွက် သက်သေထွက်ဆိုပေးသူတွေကတော့ တရားလိုဘက်က ရှေ့နေတွေပဲ ဖြစ်ပါတယ်။ အနည်းဆုံး သက်သေနှစ်ဦးရဲ့ အစစ်ခံချက်က ဖြစ်ရပ်တစ်ခုနဲ့ တစ်ထပ်တည်းကျတဲ့အခါ တရားရေးကိစ္စကို စတင်ပါတယ်။ ထွက်ဆိုချက်က စွဲချက်နဲ့ညီနေမယ်ဆိုရင် အဖမ်းခံရမှာဖြစ်တယ်။ သက်သေတစ်ဦးတည်းရဲ့ ထွက်ဆိုချက်ကို အတည်မပြုရဘူး။ (တရားဟောရာ ၁၉:၁၅) ဒါပေမဲ့ ယေရှုရဲ့ကိစ္စမှာ ဂျူးအာဏာပိုင်တွေဟာ ကိုယ်တော်ကို သတ်ပစ်ဖို့ ထိရောက်တဲ့နည်းလမ်းကိုပဲ မရမက ရှာကြံခဲ့ကြတယ်။ “အခွင့်ကောင်း” လည်းပေါ်လာရော “လူအုပ်မရှိ” တဲ့အချိန်ဖြစ်တဲ့ ညအချိန်မှာ ယေရှုကို ဖမ်းဆီးလိုက်ကြတယ်။—လုကာ ၂၂:၂၊ ၅၊ ၆၊ ၅၃

ယေရှုကို ဖမ်းဆီးတဲ့အချိန်မှာ ဘာစွဲချက်မှမရှိဘူး။ ယဇ်ပုရောဟိတ်တွေနဲ့ ဂျူးတရားရုံးချုပ် (ဆဲန်ဟီဒရင်) က ယေရှုကိုဖမ်းဆီးပြီးနောက်ပိုင်းကျမှ သက်သေတွေ ရှာဖွေခဲ့တယ်။ (မဿဲ ၂၆:၅၉) တစ်ပုံစံတည်း ထွက်ဆိုမယ့် သက်သေနှစ်ယောက်ကိုတော့ သူတို့မရှာနိုင်ခဲ့ပါဘူး။ သက်သေတွေရှာဖို့ဆိုတာကလည်း တရားရုံးရဲ့တာဝန်မဟုတ်ဘူး။ “ဘယ်လိုရာဇဝတ်မှုမျိုး ကျူးလွန်ခဲ့တယ်ဆိုတာကို ကြိုတင်မသတ်မှတ်နိုင်ဘဲနဲ့ လူတစ်ယောက်ကို အထူးသဖြင့် သေပြစ်သင့်တယ်ဆိုပြီး ရုံးတင်စစ်ဆေးတာက ရက်စက်လွန်းရာကျတယ်” ဆိုပြီး ရှေ့နေလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ အေ. တေလာ အင်းနက်စ်က ပြောတယ်။

လူရမ်းကားအုပ်ဟာ ယေရှုကိုဖမ်းပြီး ယဇ်ပုရောဟိတ်မင်းဖြစ်ခဲ့တဲ့ အန္နတ်နေထိုင်ရာ အိမ်တော်ကို ခေါ်ဆောင်သွားကြတယ်။ အဲဒီမှာ အန္နတ်က ယေရှုကို စစ်ဆေးမေးမြန်းခဲ့တယ်။ (လုကာ ၂၂:၅၄; ယောဟန် ၁၈:၁၂၊ ၁၃) သေပြစ်သင့်တဲ့အမှုတွေကို ညအချိန်မှာမဟုတ်ဘဲ နေ့အချိန်မှာ စစ်ဆေးရမယ်ဆိုတဲ့ တရားရုံးစည်းမျဉ်းကို အန္နတ် အရေးမစိုက်ခဲ့ဘူး။ အဖြစ်မှန်ဖော်ထုတ်ဖို့ဆိုရင် ရုံးပိတ်ချိန်မှာမဟုတ်ဘဲ ရုံးချိန်အတွင်းမှာ ပြုလုပ်ရမှာဖြစ်တယ်။ အန္နတ်ရဲ့ မေးမြန်းမှုတွေက ဥပဒေနဲ့မညီဘူးဆိုတာကို ယေရှု သတိပြုမိတဲ့အတွက် “အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း။ ငါဟောပြောသည့်အကြောင်းကို ကြားနာဖူးသူတို့အား မေးမြန်းလော့။ ငါဟောပြောသောအကြောင်းကို ထိုသူတို့ သိကြ၏” လို့ပြန်ဖြေတယ်။ (ယောဟန် ၁၈:၂၁) အန္နတ်ဟာ တရားခံကိုမဟုတ်ဘဲ သက်သေတွေကို စစ်မေးသင့်တယ်။ ရိုးဖြောင့်တဲ့ တရားသူကြီးသာဆိုရင် ယေရှုရဲ့စကားကြောင့် တရားရေးကျင့်ထုံးတွေကို လေးစားကောင်း လေးစားမှာဖြစ်ပေမဲ့ အန္နတ်ကတော့ တရားဥပဒေကို စိတ်မဝင်စားဘူး။

ယေရှုရဲ့တုံ့ပြန်မှုကြောင့် အရာရှိတစ်ယောက်က ယေရှုရဲ့ပါးကို ရိုက်လိုက်တယ်။ ယေရှုဟာ အဲဒီညမှာ အဲလောက်လေးပဲ ခံလိုက်ရတာမဟုတ်ပါဘူး။ (လုကာ ၂၂:၆၃; ယောဟန် ၁၈:၂၂) ခိုလှုံရာမြို့တွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာရဲ့ တောလည်ရာအခန်းကြီး ၃၅ မှာ မှတ်တမ်းတင်ထားတဲ့ ပညတ်အရ ပြစ်မှုမထင်ရှားမချင်း တရားခံကို ညှဉ်းပန်းနှိပ်စက်လို့မရပါဘူး။ ယေရှုကိုလည်း အဲဒီပညတ်အတိုင်း ပြုမူဆက်ဆံရမှာဖြစ်ပါတယ်။

အခု လူအုပ်ဟာ ယေရှုကို ယဇ်ပုရောဟိတ်မင်း ကယာဖဆီကို ခေါ်သွားကြပါပြီ။ အဲဒီမှာလည်း ဥပဒေနဲ့ဆန့်ကျင်တဲ့ စစ်ဆေးမှုတွေကို ညတွင်းချင်းပဲ ဆက်လုပ်ပြန်တယ်။ (လုကာ ၂၂:၅၄; ယောဟန် ၁၈:၂၄) ယဇ်ပုရောဟိတ်တွေဟာ တရားဥပဒေနဲ့ဆိုင်တဲ့မူတွေကို အာခံတဲ့အနေနဲ့ ‘ယေရှုကိုသတ်ရန် မမှန်ကန်သောသက်သေကို ရှာကြ’ တယ်။ ဒါပေမဲ့ သက်သေထွက်ဆိုချက်နှစ်ခုက ယေရှုပြောခဲ့တဲ့စကားတွေနဲ့ မညီညွတ်ဘူးဖြစ်နေတယ်။ (မဿဲ ၂၆:၅၉; မာကု ၁၄:၅၆-၅၉) ဒါကြောင့် ယေရှုကိုယ်တိုင် ထွက်ဆိုလာအောင် ယဇ်ပုရောဟိတ်မင်း ကြိုးစားခဲ့တယ်။ “သင်သည် တစ်ခွန်းမျှ ပြန်မပြောသလော။ သူတို့၏ သက်သေထွက်ဆိုချက်ကို သင်မည်သို့ဆိုမည်နည်း” လို့ယေရှုကို မေးလိုက်တယ်။ (မာကု ၁၄:၆၀) ဒီလုပ်ထုံးလုပ်နည်းက လုံးဝကို လွဲချော်နေပါတယ်။ “တရားခံကို မေးခွန်းတွေမေးတာ၊ သူ့ရဲ့ဖြေကြားချက်ပေါ်မူတည်ပြီး စီရင်ချက်ချတာက တရားရေးလုပ်ထုံးလုပ်နည်းကို ချိုးဖောက်ရာကျတယ်” ဆိုပြီး အင်းနက်စ်က မှတ်ချက်ချတယ်။

နောက်ဆုံးတော့ စစ်ဆေးမေးမြန်းသူတွေဟာ ယေရှုရဲ့စကားကို မလွတ်တမ်း အသုံးချခဲ့ကြတယ်။ “သင်သည် ကောင်းချီးခံစားရသော ဘုရားသခင်၏သားတော် ခရစ်တော်လော” လို့မေးတဲ့အခါ ယေရှုက “မှန်၏။ လူသားသည် တန်ခိုးကြီးတော်မူသောအရှင်၏ လက်ယာဘက်တွင် ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့မြင်ကြလိမ့်မည်” လို့ပြန်ဖြေလိုက်တယ်။ ယေရှုရဲ့ဖြေဆိုမှုကို ယဇ်ပုရောဟိတ်တွေက ဘုရားသခင်ကိုစော်ကားမှုအဖြစ် တလွဲကောက်ယူပြီး ယေရှုကို “သေဒဏ်ခံထိုက်” တယ်လို့ စီရင်လိုက်ကြတယ်။—မာကု ၁၄:၆၁-၆၄ *

မောရှေပညတ်အရ ရုံးတင်စစ်ဆေးမှုတွေကို အများပြည်သူရှေ့မှာ ပြုလုပ်ကြရတယ်။ (တရားဟောရာ ၂၂:၂၄; ရုသ ၄:၁) ဒါပေမဲ့ ယေရှုကိုတော့ လူမသိသူမသိ တိတ်တိတ်လေး စစ်ဆေးနေကြတယ်။ ယေရှုဘက်ကနေ ကာကွယ်ပြောဆိုဖို့ ဘယ်သူမှ အားမထုတ်ကြဘူး၊ ဘယ်သူမှလည်း ပြောဆိုခွင့်မရကြဘူး။ မေရှိယဖြစ်တယ်လို့ ယေရှုပြောတဲ့စကားက ဟုတ်မဟုတ်ဆိုတာကို စစ်ဆေးတာတွေလည်း မလုပ်ခဲ့ကြဘူး။ ယေရှုဟာ မိမိအတွက် ချေပပြောဆိုပေးမယ့် သက်သေတွေကိုလည်း ဆင့်ခေါ်ခွင့်မရခဲ့ပါဘူး။ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာနဲ့ပတ်သက်ပြီး တရားသူကြီးတွေမှာ စနစ်တကျ မဲခွဲဆုံးဖြတ်တာတွေလည်း မရှိဘူး။

ပိလတ်မင်းရှေ့မှောက်

ယေရှုကိုကွပ်မျက်ဖို့ ဂျူးတွေမှာ အခွင့်အာဏာမရှိပုံရတဲ့အတွက် ရောမဘုရင်ခံ ပုန္တိပိလတ်ဆီကို ခေါ်သွားကြတယ်။ ပိလတ်မင်းက “ဤသူကို အဘယ်အပြစ်နဲ့ စွပ်စွဲကြသနည်း” လို့ သူ့ဆီခေါ်လာတဲ့သူတွေကို အရင်ဆုံး မေးလိုက်တယ်။ ဘုရားသခင်ကို ယေရှု စော်ကားတယ်ဆိုတဲ့ သူတို့ရဲ့ စွပ်စွဲချက်အမှားက ပိလတ်မင်းအတွက် အဓိပ္ပာယ်မရှိဘူးဆိုတာ ဂျူးတွေက သိနေတယ်။ ဒီတော့ ပိလတ်မင်းအနေနဲ့ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ယေရှုကို စီရင်ချက်ချဖို့ ဂျူးတွေက ဖန်တီးချင်ကြတယ်။ “ဤသူသည် ပြစ်မှားသူမဟုတ်လျှင် ကိုယ်တော်ထံ ကျွန်ုပ်တို့ မအပ်ပါ” လို့ သူတို့ပြောခဲ့ကြတယ်။ (ယောဟန် ၁၈:၂၉၊ ၃၀) သူတို့ရဲ့အကြောင်းပြချက်ကို ပိလတ်မင်းက ပယ်ချလိုက်တော့ “ဤသူသည် ကျွန်ုပ်တို့၏လူမျိုးကို လှည့်ဖြား၍ မိမိသည် ခရစ်တော်တည်းဟူသော ဘုရင်ဖြစ်၏ဟုဆိုလျက် ကဲသာအား အခွန်မဆက်နှင့်ဟု တားမြစ်သည်ကို ကျွန်ုပ်တို့တွေ့ပါပြီ” ဆိုတဲ့ စွဲချက်အသစ်ကို တင်ကြပြန်တယ်။ (လုကာ ၂၃:၂) ဒီလိုနဲ့ ဘုရားသခင်ကိုစော်ကားတယ်ဆိုတဲ့ စွဲချက်ကနေ ရောမအစိုးရကို သစ္စာဖောက်မှုဆိုတဲ့ စွဲချက်ဘက်ကို စဉ်းလဲတဲ့နည်းနဲ့ ကူးပြောင်းသွားတယ်။

“အခွန်မဆက်နှင့်” ဆိုတဲ့ စွပ်စွဲချက်က မှားယွင်းနေပြီး စွပ်စွဲသူတွေကလည်း ဒါကို သိနေပါတယ်။ ယေရှု အဲဒီလို ပြောမှမပြောခဲ့တာ။ (မဿဲ ၂၂:၁၅-၂၂) ယေရှုက သူ့ကိုယ်သူ ရှင်ဘုရင်ပါလို့ ပြောခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ပတ်သက်ပြီး ပိလတ်မင်းက သူ့ရှေ့မှာရပ်နေတဲ့ အမျိုးသားဟာ ရောမအစိုးရကို ခြိမ်းခြောက်နေတဲ့သူမဟုတ်ဘူးဆိုတာ ချက်ချင်းပဲ သိမြင်ခဲ့တယ်။ ဒါနဲ့ “ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့” ဆိုပြီး ကြေညာလိုက်တယ်။ (ယောဟန် ၁၈:၃၈) စစ်ဆေးမေးမြန်းနေတဲ့အချိန် တစ်လျှောက်လုံး အဲဒီစကားကိုပဲ ပိလတ်မင်း ပြောသွားခဲ့တယ်။

ပသခါပွဲ (ဂျူးတွေရဲ့ ပွဲတော်တစ်မျိုး) မှာ အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိတဲ့ ထုံးစံအတိုင်း ယေရှုကိုလွှတ်ပေးဖို့ ပိလတ်မင်း ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမဲ့ ရောမအစိုးရကို အကြည်ညိုပျက်အောင်လုပ်မှုနဲ့ လူသတ်မှုကျူးလွန်ထားတဲ့ ဗာရဗ္ဗကိုပဲ လွှတ်ပေးလိုက်ရတယ်။—လုကာ ၂၃:၁၈၊ ၁၉; ယောဟန် ၁၈:၃၉၊ ၄၀

ရောမဘုရင်ခံဟာ ယေရှုကိုလွှတ်ပေးဖို့ နောက်ထပ်ကြိုးပမ်းတဲ့အနေနဲ့ စေ့စပ်ညှိနှိုင်းပြန်တယ်။ ယေရှုကို ခရမ်းရောင်၀တ်ရုံ ပေးဝတ်ပြီး ခေါင်းမှာ ဆူးဦးရစ် ဆောင်းပေးလိုက်တယ်။ အဲဒီနောက် ယေရှုကို ကျာပွတ်နဲ့ရိုက်တယ်၊ သရော်လှောင်ပြောင်ကြတယ်။ ပိလတ်မင်းက ယေရှုမှာ အပြစ်မရှိကြောင်း ထပ်ကြေညာပေးတယ်။ ပိလတ်မင်းရဲ့စကားက ‘ခင်ဗျားတို့ ယဇ်ပုရောဟိတ်တွေ ဒီလောက်ဆို တော်လောက်ရောပေါ့’ ဆိုတဲ့သဘောသက်ရောက်တယ်။ ကျာပွတ်နဲ့အရိုက်ခံရတဲ့အတွက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့မြင်လိုက်ရရင် ယဇ်ပုရောဟိတ်တွေရဲ့ လက်စားချေလိုစိတ် ပြေပျောက်သွားမယ် ဒါမှမဟုတ် သူတို့ သနားစိတ်ဝင်လာမယ်လို့ ပိလတ်မင်း မျှော်လင့်ထားပါလိမ့်မယ်။ (လုကာ ၂၃:၂၂) ဒါပေမဲ့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။

“ပိလတ်မင်းသည် [ယေရှု] ကိုလွှတ်လို၍ နည်းလမ်းရှာကြံလေ၏။ သို့သော် ဂျူးတို့က ‘ထိုသူကိုလွှတ်လျှင် မင်းကြီးသည် ကဲသာ၏အဆွေ မဟုတ်ပါ။ မိမိကိုယ်ကို ရှင်ဘုရင်ဟုဆိုသူတိုင်း ကဲသာကို ဆန့်ကျင်သူဖြစ်ပါသည်’ ဟုဟစ်ကြော်ကြ၏။” (ယောဟန် ၁၉:၁၂) အဲဒီခေတ်မှာ တိုင်ဘေးရီးယပ်စ်က ကဲသာဘုရင် (ဧကရာဇ်မင်း) ဖြစ်ပါတယ်၊ အဆင့်မြင့်ရာထူးရှိသူတွေဖြစ်နေပါစေ သစ္စာဖောက်လို့ သူယူဆတဲ့သူတိုင်းကို ကွပ်မျက်ပစ်တယ်လို့ နာမည်ကြီးတယ်။ ဂျူးတွေကို ပိလတ်မင်း ဒေါသထွက်စေခဲ့ပြီဖြစ်လို့ သူတို့ကို ပိုပြီးဒေါသထွက်စေမယ်ဆိုရင် အထူးသဖြင့် ကဲသာအပေါ် သစ္စာဖောက်တယ်ဆိုတဲ့ သူတို့ရဲ့စွပ်စွဲချက်က သူ့အတွက် အရမ်းအန္တရာယ်ရှိနိုင်တယ်။ လူအုပ်ကြီးရဲ့စကားတွေက ခြိမ်းခြောက်အကျပ်ကိုင်တဲ့အထိ ဖြစ်လာတဲ့အတွက် ပိလတ်မင်း ကြောက်ရွံ့လာခဲ့တယ်။ ပိလတ်မင်းဟာ ဖိအားပေးမှုတွေကို မခံနိုင်တော့တဲ့အဆုံး အပြစ်မရှိတဲ့ယေရှုကို နှက်တိုင်တင် သတ်စေခဲ့တယ်။—ယောဟန် ၁၉:၁၆

သက်သေအထောက်အထားတွေကို ပြန်လည်ဆန်းစစ်ခြင်း

ဥပဒေဆိုင်ရာဝေဖန်ရေးသမား အတော်များများက ယေရှုကို ရုံးတင်စစ်ဆေးတဲ့အကြောင်း ဖော်ပြထားတဲ့ ခရစ်ဝင်ကျမ်းတွေကို အသေအချာ ဆန်းစစ်လေ့လာခဲ့ကြတယ်။ အဲဒီစစ်ဆေးစီရင်မှုက တော်တော့်ကို တရားမမျှတတဲ့ စစ်ဆေးစီရင်မှုအဖြစ် သူတို့ ကောက်ချက်ချခဲ့ကြတယ်။ “ညသန်းခေါင်အချိန်ကစပြီး နောက်တစ်နေ့မနက်အတွင်းမှာပဲ အမှုကို အပြီးသတ်စစ်ဆေးပြီး စီရင်ချက်ချလိုက်တာက ဟီဘရူးပညတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအပြင် တရားမျှတခြင်းမူတွေနဲ့ လုံးဝမညီညွတ်ဘူး” ဆိုပြီး ရှေ့နေတစ်ဦးက ရေးသားခဲ့တယ်။ ဥပဒေပါမောက္ခတစ်ဦးကလည်း ဒီလိုပြောခဲ့တယ်– “စစ်ဆေးစီရင်မှုတစ်ခုလုံးက ဥပဒေနဲ့မညီတဲ့အပြင် လုပ်ထုံးလုပ်နည်းအတိုင်းလည်း မဟုတ်ဘူး။ အဲဒီလိုနဲ့ ယေရှုကိုသတ်တဲ့အမှုမှာ တရားရုံးအဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြတယ်။”

ယေရှုမှာ အပြစ်မရှိပေမဲ့ နာခံမှုရှိတဲ့သူတွေကို ကယ်တင်ဖို့ မိမိအသေခံမှဖြစ်မယ်ဆိုတာ ယေရှုသိထားတယ်။ (မဿဲ ၂၀:၂၈) ဒါကြောင့် ရှိခဲ့ဖူးသမျှ မတရားမှုတွေထဲမှာ ဗြောင်အကျဆုံးဖြစ်တဲ့ မတရားမှုကို ယေရှု ခေါင်းငုံ့ခံပြီး တရားမျှတမှုကို အလွန်မြတ်နိုးကြောင်း သက်သေထူသွားတယ်။ ကျွန်ုပ်တို့အပြစ်သားတွေအတွက် ယေရှု အဲဒီအဖြစ်ဆိုးကို ရင်ဆိုင်သွားခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးကို ဘယ်တော့မှ မမေ့သင့်ပါဘူး။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ခရစ်ယာန်ဘောင်ဟာ ဂျူးတွေကို မုန်းတီးဖို့ ယေရှုသေခြင်းအကြောင်းပါတဲ့ ခရစ်ဝင်ကျမ်းတွေကို မှားယွင်းစွာ အသုံးပြုခဲ့ပေမဲ့ ဂျူးလူမျိုးဖြစ်တဲ့ ခရစ်ဝင်ကျမ်းရေးသူတွေမှာတော့ အဲလိုသဘောထားမျိုး လုံးဝမရှိခဲ့ပါဘူး။

^ အပိုဒ်၊ 11 ဘုရားသခင်ရဲ့နာမည်ကို မရိုမသေသုံးစွဲတာ၊ ဘုရားသခင်တစ်ဦးတည်းသာ ပိုင်ဆိုင်တဲ့ တန်ခိုး ဒါမှမဟုတ် အခွင့်အာဏာကို မတရားသိမ်းယူတာကို ဘုရားသခင်ကိုစော်ကားတယ်လို့ သတ်မှတ်တယ်။ စွပ်စွဲသူတွေဟာ အဲဒီအထဲက တစ်ခုခုကို ယေရှု ကျူးလွန်ခဲ့တယ်ဆိုတဲ့အထောက်အထား ဘာတစ်ခုမှ မပြနိုင်ခဲ့ကြဘူး။

[စာမျက်နှာ ၂၀ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 ပထမရာစုခေတ်က ဂျူးပညတ်ဥပဒေများ

ဂျူးတွေရဲ့ နှုတ်တိုက်ထုံးတမ်းတွေကို စီအီး အစောပိုင်းရာစုနှစ်တွေမှာ မှတ်တမ်းတင် ရေးသားခဲ့ပေမဲ့ အတော့်ကိုရှေးကျနေပြီလို့ သတ်မှတ်ထားကြတယ်။ အဲဒီအထဲမှာ အောက်မှာဖော်ပြထားတဲ့ စည်းမျဉ်းတွေလည်း ပါဝင်တယ်။

▪ သေပြစ်သင့်တဲ့အမှုတွေကို စစ်ဆေးတဲ့အခါ အပြစ်မရှိကြောင်း လျှောက်လဲချက် တွေကို အရင်ဆုံး ကြားနာကြတယ်

▪ တရားသူကြီးတွေဟာ တရားခံကိုကယ်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းကြရတယ်

▪ တရားသူကြီးတွေဟာ တရားခံအတွက် ထောက်ခံပြောဆိုနိုင်ပေမဲ့ ကန့်ကွက်ပြောဆိုလို့မရဘူး

▪ သက်သေတွေဟာ မိမိတို့ရဲ့ထွက်ဆိုချက်က အရေးပါအရာရောက်တယ်ဆိုတာ သတိပေးခံရတယ်

▪ သက်သေတွေကို တခြားသက်သေတွေရှေ့မှာမဟုတ်ဘဲ သတ်သတ်စီ စစ်မေးတယ်

▪ အမှုဖြစ်ခဲ့တဲ့ နေ့ရက်၊ နေရာ၊ အချိန်စတဲ့ အရေးကြီးတဲ့အချက်တွေက သက်သေ ထွက်ဆိုချက်နဲ့ ကိုက်ညီရမယ်

▪ သေပြစ်သင့်တဲ့အမှုတွေကို နေ့ပိုင်းမှာ စစ်ဆေးပြီး နေ့ပိုင်းမှာပဲ အပြီးသတ် ဆုံးဖြတ်ချက်ချရတယ်

▪ အခါကြီးရက်ကြီးတွေရဲ့ အကြိုနေ့တွေမှာ သေပြစ်သင့်တဲ့အမှုတွေကို မစစ်ဆေးရဘူး

▪ ဂျူရီလူကြီးရဲ့အဆုံးအဖြတ်ကို တရားခံက လက်ခံတယ်ဆိုရင် သေပြစ်သင့်တဲ့အမှုတွေကို တစ်ရက်တည်းမှာပဲ အပြီးအပြတ် စစ်ဆေးနိုင်တယ်။ တကယ်လို့ လက်မခံဘူးဆိုရင် အမှုကို နောက်တစ်နေ့မှာ အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်တယ်။ အဲဒီအခါမှာ ဂျူရီ လူကြီးအဖွဲ့ရဲ့အဆုံးအဖြတ်ကို ကြေညာပြီး စီရင်ချက်ချမှာဖြစ်တယ်

▪ သေပြစ်သင့်တဲ့အမှုတွေကို အနည်းဆုံး တရားသူကြီး ၂၃ ဦးနဲ့ စစ်ဆေးဆုံးဖြတ်ရမှာဖြစ်တယ်

▪ တရားသေလွှတ်ဖို့ ဒါမှမဟုတ် စီရင်ချက်ချဖို့ မဲခွဲဆုံးဖြတ်တဲ့အခါ တရားသူကြီးအငယ်တန်းအဆင့်ကစပြီး အလှည့်ကျ အဆင့်ဆင့်လုပ်သွားရတယ်။ တရားသေလွှတ်ချင်တဲ့သူတွေနဲ့ ပြစ်ဒဏ်ချချင်တဲ့သူတွေရဲ့ စကားကို စာရေးတွေက မှတ်တမ်းတင်ထားရတယ်

▪ တရားသေလွှတ်ခြင်းကို တရားသူကြီးတစ်ဦးနဲ့တင် ဆုံးဖြတ်လို့ရပေမဲ့ ပြစ်ဒဏ်ချခြင်းကိုတော့ တရားသူကြီးနှစ်ဦးနဲ့ ဆုံးဖြတ်ရမယ်။ ပြစ်ဒဏ်ချဖို့အတွက် တရားသူကြီးတစ်ဦးကပဲ မဲပေးတယ်ဆိုရင် တရားနည်းလမ်းတကျ ဆုံးဖြတ်ချက် ချနိုင်ဖို့ တရားသူကြီးနှစ်ဦးကို ထပ်ဖြည့်ပေးရတယ်

▪ အနည်းဆုံး တရားသူကြီးတစ်ဦးက တရားခံဘက်ကနေ မထောက်ခံပေးဘဲနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အဲဒါက တရားမဝင်ဘူး။ ဘာကြောင့်လဲဆိုတော့ အပြစ်ရှိတယ်လို့ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်လိုက်တာကို “ပူးပေါင်း ကြံစည်မှု” ဆိုပြီး သတ်မှတ်တဲ့အတွက်ဖြစ်တယ်။

ယေရှုကို ရုံးတင်စစ်ဆေးရာမှာ တွေ့ခဲ့ရတဲ့ မတရားမှုများ

▪ တရားသေလွှတ်ဖို့ ဘာလျှောက်လဲချက် ဒါမှမဟုတ် ဘာသက်သေထွက်ဆိုချက်ကိုမှ တရားရုံးက မကြားနာခဲ့ဘူး

▪ ဘယ်တရားသူကြီးကမှ ယေရှုဘက်ကနေ ကာကွယ်ပြောဆိုပေးဖို့ မကြိုးစားခဲ့ဘူး။ အားလုံးက ယေရှုရဲ့ရန်သူတွေဖြစ်ကြတယ်

▪ ယဇ်ပုရောဟိတ်တွေဟာ ယေရှုကို သေဒဏ်စီရင်ချက်ချဖို့ မမှန်မကန် သက်သေထွက်ဆိုခဲ့ကြတယ်

▪ အမှုကို ရုံးချိန်မဟုတ်ဘဲ ရုံးပိတ်ချိန်ဖြစ်တဲ့ ညအချိန်မှာ တိတ်တဆိတ် ကြားနာစစ်ဆေးခဲ့ကြတယ်

▪ ရုံးတင်စစ်ဆေးခြင်းကို ပွဲတော်အကြိုနေ့ တစ်နေ့တည်းမှာပဲ စတင်ပြီး အပြီးစီရင်ဆုံးဖြတ်ခဲ့ကြတယ်

▪ ယေရှုကိုမဖမ်းဆီးခင် ဘာစွဲချက်မှလည်း မရှိခဲ့ဘူး

▪ ယေရှုက မိမိဟာ မေရှိယဖြစ်တယ်လို့ ပြောတာကို သူတို့က “ဘုရားသခင်ကိုစော်ကားမှု” လို့သတ်မှတ်ပေမဲ့ စစ်ဆေးမေးမြန်းတာမျိုး မလုပ်ခဲ့ကြဘူး

▪ ပိလတ်မင်းရှေ့ရောက်တော့ စွဲချက်က တစ်မျိုးဖြစ်သွားတယ်

▪ စွပ်စွဲချက်တွေက မမှန်ကန်ဘူး

▪ ယေရှုမှာ အပြစ်မရှိဘူးဆိုတာကို ပိလတ်မင်း သိပေမဲ့လည်း စီရင်ချက်ချလိုက်တယ်

[စာမျက်နှာ ၂၂ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

သက်သေထွက်ဆိုမယ့်သူများအတွက် သတိပေးချက်

သေပြစ်သင့်တဲ့အမှုတွေအတွက် သက်သေတွေက ထွက်ဆိုချက်မပေးခင် အသက်ရဲ့တန်ဖိုးနဲ့ပတ်သက်ပြီး ဂျူးတရားရုံးက ဒီလိုသတိပေးရတယ်-

“ထင်မြင်ယူဆချက်၊ ကောလာဟလအပေါ် အခြေခံပြီး သက်သေထွက်ဆိုကောင်း ထွက်ဆိုနိုင်တယ်။ ဒါမှမဟုတ် ‘ယုံကြည်စိတ်ချရသူဆီက ကြားလာတာ’ ဆိုပြီး တွေးကောင်းတွေးနိုင်တယ်။ ဒါပေမဲ့ သင့်ကို စစ်စစ်ပေါက်ပေါက် စစ်ဆေးမေးမြန်းတော့မယ်ဆိုတာကို သင် သိသင့်တယ်။ တရားမမှုတွေကိုစစ်ဆေးတဲ့ ဥပဒေတွေနဲ့ သေပြစ်သင့်တဲ့အမှုတွေကိုစစ်ဆေးတဲ့ ဥပဒေတွေက ကွဲပြားတယ် ဆိုတာ သင်သိထားရမယ်။ တရားမမှုတွေကို စစ်ဆေးစီရင်တဲ့အခါ လူတစ်ယောက်က ငွေပေးပြီး ပြေရာပြေကြောင်း ပြုလုပ်နိုင်တယ်။ သေပြစ်သင့်တဲ့အမှုမှာ မှားယွင်းစွာ သက်သေထွက်ဆိုမယ်ဆိုရင် မတရားကွပ်မျက်ခံရတဲ့သူအပြင် သူ့ရဲ့မမွေးသေးတဲ့ မျိုးဆက်အားလုံးအတွက် သွေးပြစ်ကျူးလွန်မှုလို့ သတ်မှတ်တယ်။” —ဘေဘီလုန်နီးယန်း တာလ်မွဒ်၊ ဆဲန်ဟီဒရင်၊ ၃၇က။

တရားခံဟာ ပြစ်ဒဏ်စီရင်ချက်ချခံရမယ်ဆိုရင် သက်သေတွေက ကွပ်မျက်တဲ့သူတွေအဖြစ် လုပ်ဆောင်ရမှာဖြစ်တယ်။—ဝတ်ပြုရာ ၂၄:၁၄; တရားဟောရာ ၁၇:၆၊ ၇