မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အထီးကျန်ပြီး ကြောက်နေတယ်လို့ ခံစားဖူးသလား

အထီးကျန်ပြီး ကြောက်နေတယ်လို့ ခံစားဖူးသလား

သားသမီးတွေကို သွန်သင်ပေးပါ

အထီးကျန်ပြီး ကြောက်နေတယ်လို့ ခံစားဖူးသလား

ကနေ့ လူအတော်များများဟာ အထီးကျန်မှုကို ခံစားနေရပါတယ်။ သူတို့ကို ဘယ်သူမှ ဂရုမစိုက်ဘူးလို့လည်း ယူမှတ်နေကြတယ်။ လူကြီးတွေမှာ အဲဒီလိုခံစားချက်မျိုး ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကနေ့ခေတ်မှာ ကလေးအတော်များများ၊ ဘုရားသခင်ကို ဝတ်ပြုနေတဲ့ကလေးတွေတောင် အထီးကျန်ပြီး ကြောက်စိတ်တွေ ဝင်နေကြတယ်ကွဲ့။ အကြောင်းရင်းကို ကလေးတို့ သိသလား။ *

အဲလိုဖြစ်ရတာ အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ ယေရှုမမွေးခင် အနှစ်တစ်ထောင်နီးပါးက အသက်ရှင်ခဲ့တဲ့ လူတစ်ယောက်အကြောင်းကို နမူနာအနေနဲ့ ကြည့်ကြရအောင်။ သူ့နာမည်က ဧလိယတဲ့။ သူဟာ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကို အစ္စရေးလူတွေ ဝတ်မပြုတော့တဲ့အချိန်မှာ အသက်ရှင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ အစ္စရေးလူအများစုဟာ ဘုရားသခင်မနှစ်သက်တဲ့ ဗာလဝတ်ပြုရေးဘက် လှည့်သွားခဲ့ကြတယ်။ ဧလိယက “အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်” ပါတော့တယ်လို့ ပြောခဲ့တယ်။ ဧလိယတစ်ယောက်တည်း ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေတုန်းပဲလို့ ကလေးတို့ ထင်သလား။

ဧလိယ မသိလိုက်တာကတော့ အစ္စရေးပြည်မှာ စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေသေးတဲ့ တခြားသူတွေ ရှိနေသေးတယ် ဆိုတာကိုပါပဲ။ ဒါပေမဲ့ သူတို့တွေဟာ ပုန်းရှောင်နေရတယ်။ ကြောက်လည်း ကြောက်နေကြတယ်။ အကြောင်းရင်းကို ကလေးတို့ သိသလား။

အစ္စရေးဘုရင် အာဟပ်က ယေဟောဝါဘုရားသခင်ကို ကိုးကွယ်တဲ့သူမဟုတ်ဘူး။ သူဟာ သူ့ရဲ့မိဖုရားဆိုး ယေဇဗေလ ကိုးကွယ်တဲ့ ဗာလဝတ်ပြုရေးမှာ ပါဝင်ခဲ့တယ်။ ဒါကြောင့် သူတို့ဇနီးမောင်နှံ နှစ်ယောက်စလုံးက ယေဟောဝါဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေကို တွေ့အောင်ရှာပြီး သတ်ပစ်ကြတယ်။ အထူးသဖြင့် ဧလိယကို သူတို့သတ်ပစ်ချင်နေကြတယ်။ ဒါကြောင့် ဧလိယ ထွက်ပြေးခဲ့ရတာပေါ့။ သူသွားခဲ့တဲ့ခရီးက မိုင် ၃၀၀ လောက်ဝေးတာ။ ကျမ်းစာမှာ သိနာလို့လည်းခေါ်တဲ့ ဟောရပ်အရပ်အထိ သဲကန္တာရကို ဖြတ်သွားရတယ်။ အဲဒီအရပ်က ဧလိယခေတ်မတိုင်ခင် နှစ်ပေါင်းများစွာက အစ္စရေးလူတွေကို ပညတ်တော်ဆယ်ပါးအပါအဝင် တခြားပညတ်တွေ ဘုရားသခင်ပေးခဲ့တဲ့ နေရာပေါ့။ ဟောရပ်မှာရှိတဲ့ ဂူတစ်ဂူထဲမှာ ဧလိယတစ်ယောက်တည်း ပုန်းအောင်းနေခဲ့ရတယ်။ ဧလိယ ကြောက်သင့်တာပေါ့လို့ ကလေးတို့ ထင်သလား။

ဒီအခြေအနေမရောက်ခင်က ယေဟောဝါဘုရားသခင်ဟာ ဧလိယကို အံ့ဖွယ်အမှုတွေ လုပ်စေခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ တစ်ကြိမ်မှာ ပူဇော်ထားတဲ့ယဇ်ကောင်အပေါ် ကောင်းကင်ကနေ မီးကျလောင်စေဖို့ ဧလိယဆုတောင်းတာကို ဘုရားသခင် နားညောင်းပေးခဲ့တယ်လေ။ အဲလိုနဲ့ စစ်မှန်တဲ့ ဘုရားသခင်ဟာ ဗာလမဟုတ်ဘဲ ယေဟောဝါပဲဖြစ်တယ်ဆိုတာကို သက်သေပြခဲ့တယ်။ အခု ဂူထဲမှာ ဧလိယ ရှိနေတုန်း သူ့ကို ဘုရားသခင် စကားလာပြောတယ်။

ဘုရားသခင်က သူ့ကို “သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်း” ဆိုပြီး မေးတယ်။ ဧလိယက ‘ကိုယ်တော်အား ဝတ်ပြုသူများတွင် အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်ပါပြီ’ လို့ဖြေတယ်။ အဲဒီအခါမှာ ဘုရားသခင်က ‘အစ္စရေးအမျိုးသား ခုနစ်ထောင်တို့ကို ငါ့အဖို့ ငါကျန်ကြွင်းစေပြီ’ လို့ပြောပြီး ဧလိယကို ကြင်ကြင်နာနာနဲ့ တည့်မတ်ပေးခဲ့တယ်။ ဧလိယကို ပြန်သွားပါ၊ အဲဒီမှာ လုပ်စရာတွေ အများကြီးရှိတယ်လို့ ဘုရားသခင်ကပြောတယ်။

ဧလိယရဲ့ပုံနမူနာကနေ ဘာသင်ယူနိုင်တယ်လို့ ကလေးတို့ ထင်သလဲ။— ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေတောင် တစ်ခါတလေ ကြောက်စိတ်ဝင်နိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်မရွေး အားလုံးဟာ ယေဟောဝါဘုရားသခင်ဆီ အကူအညီတောင်းခံဖို့ လိုအပ်တယ်လေ။ ‘ထာဝရဘုရားသခင်သည် ဆုတောင်းသောသူအပေါင်းတို့၏ အနီးအပါး၌ ရှိတော်မူ၏’ လို့ကျမ်းစာမှာ ဖော်ပြထားတယ်။

သင်ယူနိုင်တဲ့ နောက်အချက်တစ်ချက်က ဘုရားသခင်နဲ့ တို့တတွေကို ချစ်မြတ်နိုးတဲ့ ညီအစ်ကိုညီအစ်မတွေ နေရာတကာမှာရှိနေတယ် ဆိုတာကိုပါပဲ။ “ဤလောကတွင်ရှိသော [ကျွန်ုပ်တို့၏] ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးသည်လည်း ထပ်တူဆင်းရဲ [ခြင်း] ကို ခံစားနေရ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ တကယ်ဆိုရင် တို့တတွေဟာ ဘယ်တော့မှ အထီးကျန်မနေပါဘူးဆိုတာကို သိရလို့ ကလေးတို့ ဝမ်းမသာကြဘူးလား။

သင့်ကိုယ်ပိုင်ကျမ်းစာမှာ ဖတ်ကြည့်ပါ

၃ ရာ. ၁၉:၃-၁၈

တရားဟောရာ ၅:၁-၂၂

ဆာလံ ၁၄၅:၁၈

၁ ပေတရု ၅:၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည် (—) က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။