မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်နှလုံးကြေကွဲသူတို့အတွက် နှစ်သိမ့်မှု

စိတ်နှလုံးကြေကွဲသူတို့အတွက် နှစ်သိမ့်မှု

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

စိတ်နှလုံးကြေကွဲသူတို့အတွက် နှစ်သိမ့်မှု

‘ယေဟောဝါဘုရားသခင်ဟာ ကျွန်မကို ဘယ်တော့မှ ချစ်မှာမဟုတ်ပါဘူးလေ’ ဆိုပြီး အချိန်အတော်ကြာ စိတ်ဓာတ်ကျခဲ့တဲ့ ခရစ်ယာန်အမျိုးသမီးတစ်ဦးက ပြောလာတယ်။ ဘုရားသခင်က သူနဲ့ခပ်စိမ်းစိမ်း နေတာဖြစ်ရမယ်လို့ သူယုံကြည်ထားတယ်။ ဘုရားသခင်ဟာ စိတ်ဓာတ်ကျနေတဲ့ ဝတ်ပြုကိုးကွယ်သူတွေနဲ့ တကယ်ပဲ ခပ်စိမ်းစိမ်းနေသလား။ နှစ်သိမ့်မှုဖြစ်စေတဲ့ အဖြေကို ဆာလံဆရာဒါဝိဒ် ရေးသားခဲ့တဲ့ ဆာလံ ၃၄:၁၈ [သမ္မာ] မှာတွေ့ရပါတယ်။

အကြီးအကျယ် စိတ်ဆင်းရဲတာက ဘုရားသခင်အပေါ် တည်ကြည်စွာ ဝတ်ပြုကိုးကွယ်သူကို ထိခိုက်စေနိုင်တယ်ဆိုတာ ဒါဝိဒ် သိထားတယ်။ ဒါဝိဒ်ဟာ လူငယ်အရွယ်ကတည်းက ဝရမ်းပြေးဘဝရောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ မနာလိုဖြစ်နေတဲ့ ဘုရင်ရှောလုဟာ သူ့ကိုသတ်ဖို့ နောက်ကနေ သဲကြီးမဲကြီး လိုက်နေလို့ပါပဲ။ ဒါဝိဒ်ဟာ ဘုရင်ရှောလု ဘယ်တော့မှ ရှာတွေ့ မှာ မဟုတ်ဘူးဆိုတဲ့ အထင်နဲ့ ရန်သူဖိလိတ္တိနယ်မြေ (ပါလက်စတိုင်း) မှာရှိတဲ့ ဂါသမြို့ကို ထွက်ပြေးတိမ်းရှောင်သွားတယ်။ ရန်သူတွေ ဒါဝိဒ်ကို မှတ်မိသွားတဲ့အခါ သူရူးချင်ယောင်ဆောင်လိုက်တဲ့အတွက် အသက်ဘေးကနေ သီသီကလေး လွတ်သွားတယ်။ အသက်ဘေးကနေ ဒါဝိဒ် လွတ်မြောက်သွားတဲ့အတွက် ဘုရားသခင်ကို ချီးမွမ်းတဲ့အနေနဲ့ ဆာလံ ၃၄ [သမ္မာ] ကိုရေးသားခဲ့တယ်။

စိတ်ဆင်းရဲနေရလို့ ဘုရားသခင်ရဲ့ ဂရုစိုက်မှုကို မခံထိုက်ဘူးလို့ ခံစားနေရတဲ့သူတွေနဲ့ ဘုရားသခင် ခပ်စိမ်းစိမ်းနေတယ်လို့ ဒါဝိဒ် ယူမှတ်ခဲ့သလား။ မယူမှတ်ခဲ့ပါဘူး။ အဲဒီအစား ဒါဝိဒ် ဒီလိုရေးသားခဲ့တယ်– ‘ယေဟောဝါဘုရားသခင်သည် နှလုံးကြေကွဲသူတို့နှင့် နီးတော်မူ၏။ စိတ်ကြေမွသူတို့ကိုလည်း ကယ်တင်တော်မူ၏။’ (အခန်းငယ် ၁၈) အဲဒီစကားတွေက နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ဘယ်လိုဖြစ်စေသလဲဆိုတာ ကြည့်ကြရအောင်။

‘ယေဟောဝါဘုရားသခင်သည် နီးတော်မူ၏။’ ဒီစကားစုက “သခင်ဟာ မိမိလူတွေကို ဂရုတစိုက်စောင့်ကြည့်နေပြီး သူတို့ကို ကူညီဖို့နဲ့ ကယ်တင်ပေးဖို့ အမြဲ အသင့်ရှိတယ်ဆိုတာကို ထိထိမိမိ ဖော်ပြတယ်” လို့ အကိုးအကားစာပေတစ်ခုမှာ ရေးသားထားတယ်။ ဘုရားသခင်ဟာ မိမိရဲ့လူတွေကို ဂရုတစိုက်နဲ့ စောင့်ကြည့်နေတယ်ဆိုတာကို သိရှိရတာက အားရှိစရာမဟုတ်ဘူးလား။ အခုလို “ခက်ခဲကျပ်တည်းသော ကာလ” မှာ သူတို့ကြုံနေရတဲ့ ပြဿနာတွေကို ဘုရားသခင်တွေ့မြင်ပြီး သူတို့ရဲ့ခံစားချက်တွေကိုလည်း အတွင်းကျကျ သိမြင်တယ်။—၂ တိမောသေ ၃:၁; တမန်တော် ၁၇:၂၇

“နှလုံးကြေကွဲသူတို့။” ယဉ်ကျေးမှုတချို့မှာ “နှလုံးကြေကွဲ” တယ်ဆိုတာ တစ်ဖက်သတ်အချစ်ကို ရည်ညွှန်းတာပါ။ ဒါပေမဲ့ ဆာလံဆရာရဲ့စကားက “သာမန် ဝမ်းနည်းပူဆွေးမှုထက်မက” ရည်ညွှန်းတယ်လို့ ကျမ်းပညာရှင်တစ်ဦးက ဆိုတယ်။ ဘုရားသခင်ကိုတည်ကြည်စွာ ဝတ်ပြုကိုးကွယ်သူတွေတောင် တစ်ခါတလေ ဆိုးရွားတဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ နှလုံးကြေကွဲတတ်ကြတယ်။

“စိတ်ကြေမွသူတို့။” စိတ်ဓာတ်ကျနေတဲ့သူတွေဟာ သိမ်ငယ်လာပြီး မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားတယ်လို့ ခဏတစ်ဖြုတ် ခံစားရနိုင်ပါတယ်။ စိတ်ကြေမွသူတို့ဆိုတဲ့ စကားစုကို “အနာဂတ်မျှော်လင့်ချက် ဘာမှမရှိတဲ့သူတွေ” လို့ ပြန်ဆိုနိုင်တယ်ဆိုပြီး ကျမ်းစာဘာသာပြန်သူတွေရဲ့ လက်စွဲစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။

“နှလုံးကြေကွဲသူတို့” နဲ့ “စိတ်ကြေမွသူတို့” ကို ဘုရားသခင် ဘယ်လိုဆက်ဆံသလဲ။ ဘုရားသခင်ဟာ သူတို့နဲ့ ခပ်စိမ်းစိမ်းနေသလား၊ မိမိရဲ့မေတ္တာနဲ့ ဂရုစိုက်မှုကို မခံထိုက်သူတွေလို့ ယူမှတ်သလား။ အဲဒီလို လုံးဝ မယူမှတ်ပါဘူး။ ဝမ်းနည်းနေတဲ့ ကလေးတစ်ယောက်ကို ပွေ့ချီပြီး ချော့မော့နေတဲ့ မေတ္တာပြည့်ဝတဲ့ မိဘတစ်ဦးလိုပဲ ဘုရားသခင်ဟာ အကူအညီတောင်းခံနေတဲ့ ဝတ်ပြုကိုးကွယ်သူတွေရဲ့အနားမှာ ရှိနေပါတယ်။ ဘုရားသခင်ဟာ နှလုံးကြေကွဲတဲ့သူတွေနဲ့ စိတ်ကြေမွတဲ့သူတွေကို နှစ်သိမ့်ပြီး သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေလိုတဲ့ ဆန္ဒပြင်းပြနေပါတယ်။ သူတို့ကြုံရနိုင်တဲ့ ဘယ်စမ်းသပ်မှုတွေကိုမဆို ကိုင်တွယ်ဖြေရှင်းတတ်အောင် လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ခွန်အားကို ပေးနိုင်ပါတယ်။—၂ ကောရိန္သု ၄:၇; ယာကုပ် ၁:၅

ဘုရားသခင်နဲ့ ပိုမိုနီးကပ်အောင် ဘယ်လိုချဉ်းကပ်နိုင်မလဲဆိုတာကို လေ့လာကြည့်ရင် မကောင်းဘူးလား။ မေတ္တာတရားကြီးမားတဲ့ ဘုရားသခင်က ဒီလိုကတိပေးပါတယ်– ‘ငါသည် စိတ်နှလုံးကြေကွဲသူတို့ကို ပြန်လည်လန်းဆန်း အားတက်လာကြစေရန် ထိုသူတို့ထံတွင် စံမြန်းတော်မူ၏။’—ဟေရှာယ ၅၇:၁၅ခမ။

ဇွန်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ဆာလံ ၂၆-၅၉