မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲတွင်းနက်လွန်းခြင်းဆိုတာ ဘာကို ပြောတာလဲ

ဆင်းရဲတွင်းနက်လွန်းခြင်းဆိုတာ ဘာကို ပြောတာလဲ

ဆင်းရဲတွင်းနက်လွန်းခြင်းဆိုတာ ဘာကို ပြောတာလဲ

ဆင်းရဲတွင်းနက်လွန်းခြင်းက အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။ ဆင်းရဲတွင်းနက်လွန်းခြင်းဆိုတာ အစာရေစာနဲ့ လောင်စာ လုံလုံလောက်လောက် မရရှိတာ၊ နေစရာကောင်းကောင်း မရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး အပြည့်အဝမရှိတာကို ပြောတာဖြစ်တယ်။ အိန္ဒိယနိုင်ငံ တစ်နိုင်ငံလုံးရဲ့ လူဦးရေနဲ့ အကြမ်းဖျင်း ညီမျှတဲ့ ကမ္ဘာ့လူဦးရေ သန်းပေါင်း တစ်ထောင်ဟာ ဆင်းရဲတွင်းနက်နေကြပါတယ်။ အနောက်ဥရောပနဲ့ မြောက်အမေရိကလိုမျိုး ချမ်းသာတဲ့ နေရာတွေမှာရှိတဲ့ လူအများစုကတော့ ဆင်းရဲတွင်းနက်နေတဲ့ လူတစ်ယောက်ကို တွေ့ဖူးကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆင်းရဲတွင်းနက်နေသူ တချို့ရဲ့ဘဝကို လေ့လာကြည့်ရအောင်။

အမ်ဘရူရှီမာ ဟာ အာဖရိကတိုက်၊ ရဝမ်ဒါနိုင်ငံမှာ ဇနီးသည်၊ ကလေးငါးယောက်နဲ့အတူ နေထိုင်ပါတယ်။ ခြောက်ယောက်မြောက် ကလေးကတော့ ငှက်ဖျားရောဂါနဲ့ သေဆုံးသွားရှာတယ်။ သူက ဒီလိုပြောပြတယ်– “ကျွန်တော့်အဖေဟာ သူ့မြေကွက်ကို ခြောက်ပိုင်း,ပိုင်းပြီး အမွေခွဲပေးခဲ့တယ်။ ကျွန်တော်ရတဲ့မြေကွက်က အရမ်းသေးတဲ့အတွက် ကျွန်တော်တို့မိသားစုဟာ မြို့ကို ပြောင်းခဲ့ရတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်က ကျောက်သယ်တဲ့အလုပ် လုပ်တယ်။ ကျွန်တော်တို့အိမ်မှာ ပြတင်းပေါက်တွေ မရှိဘူး။ သောက်သုံးရေရဖို့အတွက် ရဲစခန်းက ရေတွင်းမှာ သွားခပ်ရတယ်။ တစ်နေ့ကို ထမင်းတစ်နပ်ပဲ စားရတယ်။ အလုပ်မရှိတဲ့နေ့ဆိုရင် စားစရာ လုံးဝကို မရှိဘူး။ ကလေးတွေက ဗိုက်ဆာလို့ အော်ငိုနေတဲ့အခါ သူတို့ကို မကြည့်ရက်တဲ့အတွက် အပြင်ထွက်သွားလိုက်တယ်။”

ဘစ်တာနဲ့ကာမန် တို့ဟာ ဖိနပ်ချုပ်သမားတွေဖြစ်ပြီး ဘိုလီးဗီးယားနိုင်ငံက ဝေးခေါင်တဲ့မြို့တစ်မြို့မှာ ကလေးငါးယောက်နဲ့အတူ နေထိုင်ပါတယ်။ နေလှန်းအုတ်နဲ့ဆောက်ထားပြီး အမိုးကမလုံ၊ လျှပ်စစ်မီးလည်းမရှိတဲ့ အဆောက်အအုံဟောင်းတစ်ခုက အိမ်ခန်းတစ်ခန်းမှာ သူတို့ငှားနေကြတယ်။ ကျောင်းမှာ လူအရမ်းများလွန်းလို့ စာရေးစားပွဲခုံတွေ မလောက်ဘူး။ သမီးအတွက် စာရေးစားပွဲခုံကို သူကိုယ်တိုင်လုပ်ပေးမှပဲ သမီးခမျာ ကျောင်းတက်ခွင့်ရသွားတယ်။ သူတို့ဇနီးမောင်နှံဟာ ထမင်းချက်ဖို့၊ သောက်ရေကျိုဖို့အတွက် ခြောက်မိုင်ဝေးတဲ့နေရာကို လမ်းလျှောက်သွားပြီး ထင်းခွေရတယ်။ ကာမန်က ဒီလိုပြောပြတယ်– “ကျွန်မတို့မှာ ရေအိမ်မရှိတဲ့အတွက် မြစ်နားကို သွားရတယ်။ အဲဒီမြစ်နားမှာပဲ ရေချိုးတယ်၊ အမှိုက်တွေပစ်တယ်။ အဲဒါကြောင့် ကလေးတွေ မကြာခဏဆိုသလို ဖျားနာကြတယ်။”

ဖရန်ဆီစကူနဲ့အီလီဒရာ တို့ဟာ မိုဇမ်ဘစ်နိုင်ငံက ကျေးလက်တောရွာမှာ နေထိုင်ပါတယ်။ သူတို့မှာ ကလေးငါးယောက်ရှိတယ်။ ကလေးတစ်ယောက်က ငှက်ဖျားရောဂါရလို့ ဆေးရုံတင်တဲ့အခါ သူ့ကို မကုပေးကြတဲ့အတွက် ဆုံးသွားရှာတယ်။ သူတို့ဇနီးမောင်နှံဟာ မြေကွက်လေးတစ်ခုမှာ သုံးလစာ စားလို့ရတဲ့ စပါးနဲ့ကန်စွန်းဥတွေ စိုက်ပျိုးထားကြတယ်။ ဖရန်ဆီစကူက ဒီလိုပြောပြတယ်– “တစ်ခါတလေမှာ မိုးခေါင်လို့ ဒါမှမဟုတ် သူခိုး,ခိုးလို့ ကျွန်တော်တို့ရဲ့ စားသုံးသီးနှံတွေ ဆုံးရှုံးသွားတယ်။ ဒါကြောင့် ပိုက်ဆံနည်းနည်းရဖို့ ဝါးကပ်လုပ်ပြီး ရောင်းရတယ်။ ဒါ့အပြင် နှစ်နာရီကြာ လမ်းလျှောက်သွားရတဲ့ တောထဲမှာ ထင်းခွေရတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်က တစ်နိုင်စာ ထင်းတွေ ကိုယ်စီထမ်းလာပြီး တစ်စီးက တစ်ပတ်စာ ချက်ပြုတ်ဖို့နဲ့ နောက်တစ်စီးက ရောင်းဖို့ဖြစ်တယ်။”

ကမ္ဘာတစ်ဝန်း လူ ၇ ယောက်မှာ ၁ ယောက်က အမ်ဘရူရှီမာ၊ ဘစ်တာနဲ့ ဖရန်ဆီစကူတို့လို ဘဝမျိုးနဲ့ အသက်ရှင်နေရပြီး တခြားလူသန်းပေါင်းများစွာကတော့ သုံးမကုန်ဖြုန်းမကုန်အောင် ချမ်းသာကြွယ်ဝနေကြတယ်။ ဒါကြောင့် ကမ္ဘာကြီးက တစ်ခုခုတော့ မှားနေပြီ၊ လုံးဝ မမျှတဘူးဆိုပြီး လူအများ ခံစားနေရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့က တစ်စုံတစ်ရာလုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေ၊ မျှော်လင့်ထားရာတွေအကြောင်း နောက်ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

[စာမျက်နှာ ၃ ပါရုပ်ပုံ]

ကလေးနှစ်ယောက်နဲ့အတူ မြစ်ဆိပ်မှာ ရေခပ်ဆင်းနေတဲ့ ကာမန်