မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သင် သိပါသလား

တမန်တော်ပေတရုဟာ အီတလီတပ်မှူး ကော်နေလိဆီကို မသွားခင် သားရေလုပ်သား ရှိမုန်ဆီမှာ တည်းခိုခဲ့တယ်ဆိုတဲ့ အချက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

တမန်တော်ပေတရုဟာ “ယုပ္ပေမြို့တွင် သားရေလုပ်သား ရှိမုန်ဆိုသူနှင့်အတူ ရက်အတန်ကြာနေ” ခဲ့တယ်လို့ တမန်တော်ကျမ်းမှာ ဖော်ပြထားပါတယ်။ သားရေလုပ်သား ရှိမုန်ရဲ့အိမ်က “ပင်လယ်ကမ်းနား” မှာပါ။ (တမန်တော် ၉:၄၃; ၁၀:၆) ဂျူးတွေက သားရေလုပ်သားတစ်ဦးရဲ့ လုပ်ငန်းကို မစင်ကြယ်တဲ့အလုပ်၊ နိမ့်ကျတဲ့အလုပ်လို့ သတ်မှတ်ထားကြတယ်။ သားရေလုပ်ငန်းဟာ တိရစ္ဆာန်မစင်ကျုံးတဲ့ အလုပ်ထက်တောင် ပိုနိမ့်ကျတယ်လို့ တာလ်မွဒ်ကျမ်းမှာ ဖော်ပြထားတယ်။ ရှိမုန်ရဲ့အလုပ်က တိရစ္ဆာန်အသေကောင်တွေကို အမြဲထိတွေ့နေရတဲ့ အလုပ်ဖြစ်တယ်။ ဆိုလိုတာက သူဟာ ဘာသာရေးအရ မစင်ကြယ်တဲ့အခြေအနေမှာ အမြဲရှိနေမှာဖြစ်တယ်။ (ဝတ်ပြုရာ ၅:၂; ၁၁:၃၉) ရှိမုန်ဟာ လုပ်ငန်းသဘောအရ ပင်လယ်ရေကို အသုံးပြုရမှာဖြစ်တဲ့အပြင် သားရေလုပ်ငန်းက “အရမ်းအနံ့ဆိုး” တဲ့အတွက် သူအလုပ်လုပ်တဲ့နေရာက မြို့ပြင်မှာဖြစ်နိုင်တယ်လို့ စာပေအသီးသီးမှာ ဖော်ပြထားတယ်။

အဲလိုအခြေအနေမျိုး ရှိနေပေမဲ့လည်း ပေတရုဟာ ရှိမုန်ရဲ့အိမ်မှာ တည်းခိုဖို့ မငြင်းဆန်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ အဲလိုတည်းခိုခဲ့တာက မစင်ကြယ်ဘူးလို့ သတ်မှတ်ခံရတဲ့သူတွေနဲ့ပတ်သက်ပြီး ဂျူးတွေကြားမှာ ပျံ့နှံ့နေတဲ့ အကြောင်းမဲ့မုန်းတီးမှုကို ယေရှုလိုပဲ ပယ်ဖျက်ဖို့ ပေတရု သင်ယူခဲ့တာဖြစ်နိုင်တယ်ဆိုတာ ဖော်ပြတယ်။—မဿဲ ၉:၁၁; လုကာ ၇:၃၆-၅၀

“သင်ဆိုသည့်အတိုင်း မှန်၏” ဆိုတဲ့ ယေရှုရဲ့စကားက ဘာကိုဆိုလိုတာလဲ။

ယေရှုဟာ ဘုရားသခင်ရဲ့သားတော် ခရစ်တော် ဟုတ်မဟုတ်ဆိုတာ ကျိန်ဆိုပါလို့ ယဇ်ပုရောဟိတ်မင်း ကယာဖ ပြောတဲ့အခါ ကိုယ်တော်က “သင်ဆိုသည့်အတိုင်း မှန်၏” လို့ ပြန်ဖြေခဲ့တယ်။ (မဿဲ ၂၆:၆၃၊ ၆၄) ယေရှုဟာ ယဇ်ပုရောဟိတ်မင်းပြောတာကို အတည်ပြုပေးနေတာလား။

“သင်ဆိုသည့်အတိုင်း မှန်၏” ဆိုတဲ့ အသုံးအနှုန်းဟာ ဖော်ပြချက်တစ်ခု မှန်ကန်တယ်ဆိုတာကို အတည်ပြုပေးတဲ့ ဂျူးတွေရဲ့ ဒေသသုံးစကား ဖြစ်ပုံရတယ်။ ဥပမာ၊ ရဗ္ဗိ (ဂျူးဘာသာရေးဆရာ) သေဆုံးသွားပြီလားဆိုတာ ဟုတ်မဟုတ် အမေးခံရတဲ့ ဂျူးအမျိုးသားတစ်ယောက်က “သင်ဆိုတဲ့အတိုင်း မှန်၏” လို့ပြန်ဖြေတဲ့အကြောင်းကို စီအီး လေးရာစုက ပြုစုရေးသားတဲ့ ဂျူးဘာသာရေးစာပေ ဂျေရုဆလင်တာလ်မွဒ်ကျမ်းမှာ ဖော်ပြထားတယ်။ အဲလိုပြန်ဖြေတာက ရဗ္ဗိ တကယ်ပဲ သေဆုံးသွားပြီဆိုတာကို အတည်ပြုပေးတာဖြစ်တယ်။

အဖြစ်မှန်ကို ထုတ်ဖော်ပြောဆိုဖို့ ကျိန်ဆိုခိုင်းနိုင်တဲ့ အခွင့်အာဏာ ယဇ်ပုရောဟိတ်မင်းမှာ ရှိတယ်ဆိုတာကို ယေရှု အသိအမှတ်ပြုတယ်။ ဒါ့အပြင် ယေရှု ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် မိမိဟာ ခရစ်တော်မဟုတ်ဘူးလို့ ပြောလိုက်သလိုမျိုး ယဇ်ပုရောဟိတ်မင်း ထင်သွားနိုင်တယ်။ ဒါကြောင့် “သင်ဆိုသည့်အတိုင်း မှန်၏” လို့ယေရှုပြောလိုက်တာက ယဇ်ပုရောဟိတ်မင်းရဲ့စကား မှန်တယ်ဆိုတာကို အတည်ပြုပေးလိုက်တာပါ။ ကယာဖက ယေရှုကို မေရှိယဟုတ်မဟုတ် ဖော်ပြပါလို့ တိုက်ရိုက်မေးတဲ့အခါ ကိုယ်တော်က “မှန်၏” လို့သတ္တိရှိရှိ ဖြေဆိုခဲ့တယ်ဆိုပြီး မာကုကျမ်းထဲမှာ ဖော်ပြထားတယ်။—မာကု ၁၄:၆၂; ဒါ့ပြင် မဿဲ ၂၆:၂၅ နဲ့ မာကု ၁၅:၂ တို့ကိုလည်း ဖတ်ကြည့်ပါ။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့ရှိ သားရေနယ်ရုံ