မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို ဘယ်အချိန်မှာ ရေးသားခဲ့သလဲ

သမ္မာကျမ်းစာကို ဘယ်အချိန်မှာ ရေးသားခဲ့သလဲ

သမ္မာကျမ်းစာကို ဘယ်အချိန်မှာ ရေးသားခဲ့သလဲ

သမ္မာကျမ်းစာဟာ ထူးခြားတဲ့ စာအုပ်တစ်အုပ်ပါ။ ကမ္ဘာ့လူဦးရေ သန်းပေါင်း သုံးထောင်ကျော်က ကျမ်းစာကို မြင့်မြတ်တဲ့စာအုပ်အဖြစ် ယူမှတ်ထားကြပါတယ်။ သမ္မာကျမ်းစာကို (တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ) ဘာသာစကားပေါင်း ၂,၄၀၀ ကျော်နဲ့ အုပ်ရေ ၆,၀၀၀,၀၀၀,၀၀၀ ခန့် ပုံနှိပ်ထုတ်ဝေခဲ့တဲ့အတွက် သမိုင်းတစ်လျှောက်မှာ အရောင်းရဆုံး စာအုပ်လို့ ပြောကြတယ်။

သမိုင်းတစ်လျှောက်မှာ သမ္မာကျမ်းစာဟာ တခြားဘယ်စာအုပ်ထက်မဆို လူဖတ်အများဆုံး စာအုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကိုရေးသားခဲ့ချိန် အထူးသဖြင့် ဓမ္မဟောင်းကျမ်းလို့ခေါ်တဲ့ ဟေဗြဲကျမ်းစောင်တွေကို ရေးသားခဲ့ချိန်နဲ့ပတ်သက်ပြီး ယူဆချက်တွေ အများကြီးပျံ့နှံ့နေတယ်။ ယူဆချက်တချို့ကို စာအုပ်စာပေတွေမှာ သင် ဖတ်ဖူးမှာပါ။ ဒါမှမဟုတ် ရုပ်မြင်သံကြားအစီအစဉ်တွေမှာ ကျမ်းပညာရှင်တွေ ရှင်းပြနေတာကို သင် ကြည့်ဖူးမှာပါ။ ခေတ်ပြိုင် ရှုမြင်ချက်တချို့ကို အခုလို ဖော်ပြပေးထားပါတယ်။

“ကျမ်းစောင်တွေကို အများအားဖြင့် ဘီစီအီး ရှစ်ရာစုကနေ ခြောက်ရာစုအတွင်းမှာ ဒါမှမဟုတ် ပရောဖက် ဟေရှာယနဲ့ယေရမိတို့ရဲ့ ခေတ်နှစ်ခေတ်ကြားကာလမှာ ရေးသားခဲ့တာပါ။”

“ဟေဗြဲကျမ်းစောင်တွေကို အများအားဖြင့် ပါရှားနဲ့ဂရိတို့ ကြီးစိုးတဲ့ခေတ် (ဘီစီအီး ငါးရာစုကနေ နှစ်ရာစုအထိ) မှာ ရေးသားတည်းဖြတ်ခဲ့တယ်လို့ ကျမ်းပညာရှင်တွေ ယူဆခဲ့တာ လွန်ခဲ့တဲ့ အနှစ်နှစ်ရာလောက်ကပါ။”

“လက်ရှိပုံစံအတိုင်းရှိနေတဲ့ ဟေဗြဲကျမ်းစောင်အားလုံးဟာ ဂရိကြီးစိုးတဲ့ခေတ် ([ဘီစီအီး] ဒုတိယ-ပထမ ရာစုနှောင်းပိုင်း) ကဖြစ်တယ်လို့ သတ်မှတ်ကြတယ်။”

ဆန့်ကျင်ကွဲလွဲနေတဲ့ အဲဒီရှုမြင်ချက်တွေကို ဘယ်လိုဖြေရှင်းကြမလဲ။ သမ္မာကျမ်းစာကို စိတ်ဝင်စားသူတိုင်း ဒီကိစ္စကို အမြင်နှစ်မျိုးနဲ့ သုံးသပ်ကြည့်မယ်ဆိုရင် အဖြေရပါလိမ့်မယ်။

သမ္မာကျမ်းစာမှာပါရှိတဲ့ နှစ်ကာလအလိုက်ဖော်ပြချက်

ဟေဗြဲကျမ်းစောင်တွေမှာ နှစ်ကာလနဲ့ဆိုင်တဲ့ ဖော်ပြချက်တွေ အမြောက်အမြားပါရှိပါတယ်။ အဲဒါတွေကြောင့် ဟေဗြဲကျမ်းစောင်တွေရဲ့ အစပိုင်းကျမ်းစောင်တွေကို လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ ခန့်က မောရှေနဲ့ယောရှုတို့ခေတ်မှာ ရေးသားခဲ့တယ်ဆိုတာ သိရှိခဲ့ရတာပါ။ * ကျန်တဲ့ကျမ်းစောင်တွေကို ရှမွေလ၊ ဒါဝိဒ်၊ ရှောလမုန်နဲ့ တခြားသူတွေက ဘီစီအီး ၁၁ ရာစုအတွင်းမှာ ရေးသားခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ သမိုင်းကြောင်း၊ ကဗျာလင်္ကာ၊ ကြိုဟောချက်တွေနဲ့ဆိုင်တဲ့ ကျမ်းစောင်တွေကို ဘီစီအီး ကိုးရာစုကနေ ငါးရာစုအတွင်းမှာ ရေးသားခဲ့ပါတယ်။

ပင်လယ်သေကျမ်းလိပ် (ပင်လယ်သေအနားမှာတွေ့ရှိခဲ့တဲ့ ရှေးခေတ် ကျမ်းစာလက်ရေးစာမူ အစုအပုံ) တွေထဲမှာ ဧသတာကျမ်းကလွဲရင် ကျန်တဲ့ကျမ်းစောင်တွေက အပြည့်အစုံဖြစ်စေ၊ အပိုင်းလိုက်ဖြစ်စေ ပါရှိနေပါတယ်။ ကာဗွန် ၁၄ နည်း (ရေဒီယိုသတ္တိကြွတဲ့ ကာဗွန်) နဲ့ ရှေးလက်ရေးစာပေတွေကို လေ့လာတဲ့ပညာရပ်နဲ့ ရက်စွဲတွေကို သတ်မှတ်တဲ့အခါ ပင်လယ်သေကျမ်းလိပ်တွေထဲက ရှေးအကျဆုံး ကျမ်းလိပ်တွေဟာ ဘီစီအီး ၂၀၀ လောက်ကနေ ဘီစီအီး ၁၀၀ က ဖြစ်တယ်ဆိုပြီး အတည်ပြုလိုက်ကြတယ်။

ဝေဖန်ရေးသမားတွေရဲ့အဆို

သမ္မာကျမ်းစာမှာပါရှိတဲ့ နှစ်ကာလအလိုက်ဖော်ပြချက်ကို စောဒကတက်ရတဲ့ အဓိကအကြောင်းရင်းက ကျမ်းစာကို ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတယ်ဆိုတဲ့အချက် ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ကျမ်းပညာရှင် ဝေါ်လ်တာ စီ. ကိုင်ဇာ ဂျူနီယာက သူ့ရဲ့စာအုပ် (The Old Testament Documents) ထဲမှာ ဒီလိုရေးသားထားတယ်– “ကျမ်းစာကို မယုံကြည်နိုင်ရတဲ့ အကြောင်းရင်းက ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတယ်ဆိုတဲ့ အပြောအပြင် အံ့ဖွယ်အမှုတွေနဲ့ ဘုရားသခင်အကြောင်း ရေးသားထားတဲ့အတွက်ကြောင့် ဖြစ်တယ်။” သမ္မာကျမ်းစာဟာ ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားရာ ဖြစ်တယ်ဆိုတာကို အယုံအကြည်မရှိတဲ့ ကျမ်းပညာရှင်တွေက တခြားစာအုပ်တွေလိုပဲ ကျမ်းစာကို အသေအချာ ဆန်းစစ်သင့်တယ်လို့ ဆင်ခြေတက်ကြတယ်။

အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ လူ့ဘာသာရေးတွေ ပြောင်းလဲလာပုံကို ရှင်းပြဖို့ ဒါဝင်ရဲ့ ဆင့်ကဲသီအိုရီကို အသုံးပြုခဲ့ကြတယ်။ အစပိုင်းမှာ လူတွေဟာ သဘာဝတရားထဲက အရာတွေကို ဝတ်ပြုကိုးကွယ်လာရာကနေ ဘုရားသခင် အများအပြားကို ကိုးကွယ်လာခဲ့ကြတယ်။ နောက်ဆုံးမှာ ဘုရားသခင်တစ်ဦးတည်းကိုပဲ ကိုးကွယ်လာတဲ့အထိ တိုးတက်ပြောင်းလဲလာခဲ့တယ်။ ရှေးကျတဲ့ ကျမ်းစောင်တွေထဲမှာ ဘုရားသခင်တစ်ဦးတည်းကိုပဲ ကိုးကွယ်ရမယ်လို့ ဖော်ပြထားတဲ့အတွက် အဲဒီကျမ်းစောင်တွေကို ဖော်ပြထားတာထက် အများကြီး နောက်ကျပြီးမှ ရေးခဲ့တာဖြစ်ရမယ်လို့ တချို့က ဆင်ခြေပေးကြတယ်။

အဲဒီကတည်းကစပြီး သမ္မာကျမ်းစာကို နည်းအမျိုးမျိုးနဲ့ ဆန်းစစ်လေ့လာခဲ့ကြတယ်။ ဥပမာ၊ မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ ဓမ္မဟောင်းကျမ်းအဘိဓာန်ထဲမှာ ကျမ်းစာစကားလုံးသုံးနှုန်းပုံ၊ သမိုင်းဝင်မှတ်တမ်းတွေရဲ့ တိကျမှန်ကန်မှု၊ မိရိုးဖလာယုံကြည်ချက်တွေနဲ့ဆိုင်တဲ့ မှတ်တမ်းတွေစတဲ့ အကြောင်းအရာတွေ ပါရှိတယ်။

ကျမ်းစောင်တွေကို ခုနှစ်သတ်မှတ်တာနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တွေရဲ့အမြင်တွေက ကွဲပြားနေပေမဲ့ ကျမ်းပညာရှင် အာရ်. အီး. ဖရက်ဒ်မန် တင်ပြတဲ့ သီအိုရီကိုတော့ လူအများက နှစ်သက်ကြတယ်။ သူက ဒီလိုရေးခဲ့တယ်– “ရှေးခေတ်က စာရေးဆရာတွေဟာ ရာနဲ့ချီတဲ့ နှစ်တွေတစ်လျှောက်မှာ ကဗျာလင်္ကာ၊ စကားပြေ၊ ဥပဒေတွေနဲ့ဆိုင်တဲ့ မှတ်တမ်းမှတ်ရာတွေကို ရေးသားခဲ့ကြတယ်။ တခြားစာရေးဆရာတွေကလည်း အဲဒီမှတ်တမ်းမှတ်ရာတွေကို မှီငြမ်းခဲ့ကြတယ်။ သူတို့ကပဲ အဲဒီမှတ်တမ်းမှတ်ရာတွေကို အခြေခံပြီး သမ္မာကျမ်းစာကိုရေးသားခဲ့ကြတယ်။”

ကျမ်းစာနဲ့ပတ်သက်တဲ့ အဲလိုရှုမြင်ချက် အတော်များများအပြင် တခြားအပြစ်ရှာတဲ့ ရှုမြင်ချက်တွေကို စာအုပ်တစ်အုပ် (Faith, Tradition, and History) မှာဖော်ပြထားတယ်။ ဒါပေမဲ့ တိုတိုပြောရရင် အဲဒီစာအုပ်ထဲမှာ အခုလို မှတ်ချက်ပေးထားပါတယ်– “ကျမ်းပညာရှင်တွေဟာ ကျမ်းစာအပေါ် အယုံအကြည်မရှိတဲ့နေရာမှာ၊ ကိုယ်ပိုင်အယူအဆတွေကို ယုံကြည်စိတ်ချလွန်းတဲ့နေရာမှာ စည်းလုံးနေကြပေမဲ့ တစ်ယောက်ရဲ့ရှုမြင်ချက်ကို နောက်တစ်ယောက်က အကြီးအကျယ် ဝေဖန်တယ်။”

ကျမ်းစာရဲ့ နှစ်ကာလအလိုက်ဖော်ပြချက်ကို ခုခံကာကွယ်ပြောဆိုခြင်း

ရှေးကျတဲ့ ကျမ်းစောင်တွေကို ပျက်စီးလွယ်တဲ့အရာတွေပေါ် ရေးသားခဲ့ကြတာပါ။ ဒါကြောင့် မောရှေ၊ ယောရှု၊ ရှမွေလ၊ ဒါဝိဒ်တို့ခေတ်က မူရင်းကျမ်းစောင်တွေ ဒါမှမဟုတ် အစောပိုင်းက ကူးရေးခဲ့တဲ့ကျမ်းတွေကို တွေ့ရလိမ့်မယ်လို့ မျှော်လင့်တာက လက်တွေ့မကျပါဘူး။ ဒါပေမဲ့ ကျမ်းစာမဟုတ်တဲ့ တခြားစာပေတွေမှာပါတဲ့ သမိုင်းအထောက်အထားတွေကို လေ့လာလို့ရပါတယ်။ လေးစားရတဲ့ ကျမ်းပညာရှင်နဲ့ ရှေးဟောင်းသုတေသီ အတော်များများ လက်ခံသလို ကျမ်းစာကိုယ်နှိုက်က သက်သေထူတဲ့ နှစ်ကာလတွေကို လက်ခံခြင်းက ကျိုးကြောင်းဆီလျော်တယ်ဆိုပြီး အဲဒီအထောက်အထားတွေက ထောက်ခံတယ်။ အဲဒီအထောက်အထားတွေကနေ ကျွန်ုပ်တို့ ဘာတွေသိရှိရသလဲ။ ဥပမာတချို့ကို သုံးသပ်ကြည့်ရအောင်။

ကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်း မောရှေနဲ့ယောရှုတို့ အသက်ရှင်ခဲ့တဲ့အချိန် လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ က ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသမှာ ကျမ်းစောင်တွေ တည်ရှိခဲ့သလား။ ရှေးခေတ် မက်ဆိုပိုတေးမီးယားပြည်နဲ့ အီဂျစ်ပြည်မှာ သမိုင်းစာပေ၊ ဘာသာရေးစာပေ၊ ဥပဒေရေးရာစာပေတွေနဲ့ စာပေကျမ်းဂန်တွေ ထွန်းကားခဲ့ပါတယ်။ မောရှေနဲ့ တခြားအစ္စရေးလူတွေ ရေးသားခဲ့တဲ့ စာပေတွေနဲ့ပတ်သက်ပြီးတော့ကော။ ကျမ်းစာအဘိဓာန်တစ်အုပ် (Dictionary of the Old Testament: Pentateuch) မှာဒီလို အဖြေပေးထားတယ်– “ခါနာန်ပြည် [ဘီစီအီး ၁၅၅၀ ခန့်ကနေ ၁၂၀၀ အထိ] ကြေးခေတ်နှောင်းပိုင်းမှာ ကျမ်းစောင်တွေ တည်ရှိခဲ့တယ်ဆိုတာကို သံသယဖြစ်စရာအကြောင်း မရှိဘူး။ ရှေးခေတ်မှာ လူတွေ စာပေရေးတဲ့အလေ့အထ ရှိခဲ့တယ်ဆိုတာကို ဆန်းစစ်ကြည့်ပြီးတဲ့နောက် မောရှေရေးသားခဲ့တဲ့ ကျမ်းစောင်တွေကို ကျမ်းစာမှာဖော်ပြထားတဲ့ အချိန်မှာ ရေးသားခဲ့ရတာဖြစ်ရမယ်။ ကျန်တဲ့ ဟေဗြဲကျမ်းစောင်အများစုကိုလည်း ကျမ်းစာမှာဖော်ပြထားတဲ့ အချိန်မှာပဲ ရေးသားခဲ့တာ ဖြစ်ရမယ်။ ဒီအတွက် သံသယဖြစ်စရာ အကြောင်းမရှိဘူး။”—ထွက်မြောက်ရာ ၁၇:၁၄; ၂၄:၄; ၃၄:၂၇၊ ၂၈; တောလည်ရာ ၃၃:၂; တရားဟောရာ ၃၁:၂၄

ကျမ်းရေးသူတွေဟာ ရှေးခေတ်စာစောင်တွေကို မှီငြမ်း အသုံးပြုခဲ့ကြသလား။ အသုံးပြုခဲ့ကြပါတယ်။ ကျမ်းရေးသူတချို့ဟာ အစိုးရမှတ်တမ်းမှတ်ရာတွေ၊ ဆွေစဉ်မျိုးဆက်စာရင်းတွေ၊ ရာဇဝင်မှတ်တမ်းတွေ၊ လူမျိုးစုနဲ့မိသားစုဆိုင်ရာ မှတ်တမ်းတွေ ဖြစ်နိုင်တဲ့ “စာ” စောင်တွေကို ရည်ညွှန်းခဲ့ကြပါတယ်။—တောလည်ရာ ၂၁:၁၄; ယောရှု ၁၀:၁၃; ၂ ရာ. ၁:၁၈; ၃ ရာ. ၁၁:၄၁; ၆ ရာ. ၃၂:၃၂

ပင်လယ်သေကျမ်းလိပ်တွေထက် ပိုပြီးရှေးကျတဲ့ ရှေးခေတ်ကျမ်းစာလက်ရေးစာမူတွေ ဘာကြောင့် မတွေ့ရှိရတာလဲ။ ဂျာနယ်တစ်စောင် (Biblical Archaeology Review) မှာဒီလို ရှင်းပြထားတယ်– “ကျူစာနဲ့သားရေစာတွေဟာ ပင်လယ်သေအနီးတစ်ဝိုက်က ဒေသလိုမျိုး ခြောက်သွေ့တဲ့ဒေသတွေကလွဲရင် ပါလက်စတိုင်းဒေသအများစုမှာ တာရှည်မခံခဲ့ပါဘူး။ အဲဒီစာတွေဟာ စိုစွတ်တဲ့မြေကြီးမှာ ဆွေးမြည့်သွားကြတယ်။ ဒါကြောင့် အဲဒီစာတွေကို ရှာမတွေ့တော့တာနဲ့ အဲဒီစာတွေမရှိခဲ့ဘူးလို့ ပြောလို့မရပါဘူး။” တကယ်ဆိုရင် မှတ်တမ်းမှတ်ရာတွေကို တံဆိပ်ထုရာမှာ အသုံးပြုခဲ့တဲ့ ရွှံ့စေးတံဆိပ် ရာပေါင်းများစွာကို တွေ့ရှိခဲ့ကြပါတယ်။ ကျူစာနဲ့သားရေစာတွေဟာ မီးဘေး ဒါမှမဟုတ် စိုစွတ်တဲ့မြေကြောင့် ပျက်စီးသွားခဲ့ပေမဲ့ ရွှံ့စေးတံဆိပ်တွေကတော့ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီရွှံ့စေးတံဆိပ်တွေဟာ ဘီစီအီး ကိုးရာစုကနေ ငါးရာစုလောက်ကဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

ကျမ်းစာလက်ရေးစာမူတွေကို ဘယ်လိုထိန်းသိမ်းခဲ့သလဲ။ စာအုပ်တစ်အုပ် (The Bible as It Was) မှာ ဒီလိုဖော်ပြထားတယ်– “ဒါကြောင့် ကျမ်းစာအစိတ်အပိုင်းအဖြစ် လက်ရှိကျွန်ုပ်တို့ခေတ်အထိ ရှိနေသေးတဲ့ အတ္ထုပ္ပတ္တိတွေ၊ ဆာလံသီချင်းတွေ၊ ပညတ်ဥပဒေတွေနဲ့ ကြိုဟောချက်တွေကို ကျမ်းစာခေတ်အတွင်းမှာတောင် အကြိမ်ကြိမ် ကူးရေးခဲ့တာဖြစ်ရမယ်။ . . . ကျမ်းစာခေတ်အတွင်းမှာ အကြိမ်ကြိမ် ကူးရေးခဲ့တယ်ဆိုရင် အဲဒီကျမ်းစောင်တွေကို အသုံးပြုခဲ့လို့ပဲဖြစ်ရမယ်။ နေ့စဉ်ဘဝအသက်တာမှာ အသုံးဝင်လို့ပဲဖြစ်ရမယ်။ . . . ဘယ်သူကမှ ရည်ရွယ်ချက်မရှိဘဲနဲ့ ကျမ်းစောင်တွေကို အပင်ပန်းခံပြီး ကူးရေးကြမှာ မဟုတ်ပါဘူး။”—တရားဟောရာ ၁၇:၁၈၊ ၂၀; သု. ၂၅:၁

ဒါကြောင့် ရှေးကျတဲ့ကျမ်းစောင်တွေကို စီအီး ပထမရာစုအထိ နှစ်ပေါင်း ၁,၅၀၀ နီးပါး အကြိမ်ကြိမ် ကူးရေးလာခဲ့ကြတာဖြစ်တယ်။ ကျမ်းစောင်တွေကို တိတိကျကျ ကူးရေးတဲ့နည်းစနစ်မှာ “ခေတ်ကုန်နေတဲ့ သဒ္ဒါပုံစံတွေ၊ စာလုံးပေါင်းသတ်ပုံတွေကို ခေတ်နဲ့အညီ ပြုပြင်တာတွေ၊ ရှေးခေတ် အရှေ့ဖျားဒေသအနှံ့ အသုံးပြုနေတဲ့နည်းစနစ်” တွေပါဝင်တယ်လို့ စာအုပ်တစ်အုပ် (On the Reliability of the Old Testament) မှာ ဖော်ပြထားပါတယ်။ * အဲဒါကြောင့် ကျမ်းစာအသုံးအနှုန်းတွေ ကွဲပြားခြားနားနေတာနဲ့ပတ်သက်ပြီး ဆန်းစစ်လေ့လာတာကို ယုံကြည်စိတ်ချလို့ရပါ့မလားဆိုပြီး မေးခွန်းထုတ်လာကြတယ်။

သမ္မာကျမ်းစာကို ဘယ်အချိန်မှာ ရေးသားခဲ့သလဲ

မောရှေ၊ ယောရှု၊ ရှမွေလနဲ့ တခြားကျမ်းရေးသူတွေရဲ့ခေတ်က ရေးသားခဲ့တဲ့ ကျမ်းစာလက်ရေးစာမူတွေ ကျွန်ုပ်တို့မှာ တစ်ခုမှ မရှိပါဘူး။ အဲဒီလိုမရှိတာနဲ့ အဲဒီကျမ်းစောင်တွေကို ကျမ်းစာမှာ ဖော်ပြထားတဲ့အချိန်ထက် နောက်ကျပြီးမှ ရေးခဲ့တာပါလို့ ကောက်ချက်ချတာက အကျိုးသင့်အကြောင်းသင့် ရှိပါသလား။ ရှေးခေတ် ကျမ်းစာလက်ရေးစာမူတွေ လက်ထဲမှာမရှိတာနဲ့ အဲဒါတွေ မရှိခဲ့ဘူးလို့ သက်သေပြလို့မရပါဘူးဆိုတာကို ကျမ်းပညာရှင်အတော်များများက သဘောတူကြပါတယ်။ လက်တွေ့ကျကျ စဉ်းစားကြည့်မယ်ဆိုရင် ပျက်စီးလွယ်တဲ့ ကျူစာတို့၊ သားရေစာတို့ ဘယ်လောက်များ ကျန်နေသေးလို့လဲ။ ဥပမာ၊ အီဂျစ်ကျူစာအားလုံးနီးပါးဟာ ဂရိ-ရောမ ခေတ်မတိုင်ခင် ပျက်စီးသွားခဲ့ပြီလို့ အီဂျစ်သမိုင်းပညာရှင် အေ. ကစ်ချင်က ခန့်မှန်းပြောဆိုခဲ့တယ်။

သမ္မာကျမ်းစာကို လေးမြတ်တဲ့သူတွေကလည်း ‘ဟေဗြဲကျမ်းစောင်တွေကို ယေရှု ဘယ်လိုရှုမြင်ခဲ့သလဲ’ ဆိုတာကို သိချင်ကြမှာပါ။ အဲဒီခေတ်တုန်းက ကျမ်းစာရေးသားချိန်နဲ့ပတ်သက်ပြီး အငြင်းပွားတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ အဲဒီခေတ်က တခြားဂျူးတွေလိုပဲ ယေရှုလည်း ကျမ်းစာမှာပါတဲ့ နှစ်ကာလအလိုက်ဖော်ပြချက်ကို လက်ခံခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဟေဗြဲကျမ်းစောင်တွေ ရေးသားခဲ့တဲ့သူတွေကို ယေရှု လက်ခံခဲ့ပါသလား။

မောရှေရေးသားခဲ့တဲ့ ကျမ်းစောင်တွေကို ယေရှု ရည်ညွှန်းခဲ့ပါတယ်။ ဥပမာ၊ “မောရှေ၏ကျမ်း” ကို ရည်ညွှန်းခဲ့တယ်။ (မာကု ၁၂:၂၆; ယောဟန် ၅:၄၆) ကမ္ဘာဦးကျမ်း (မဿဲ ၁၉:၄၊ ၅; ၂၄:၃၇-၃၉)၊ ထွက်မြောက်ရာကျမ်း (လုကာ ၂၀:၃၇)၊ ဝတ်ပြုရာကျမ်း (မဿဲ ၈:၄)၊ တောလည်ရာကျမ်း (မဿဲ ၁၂:၅) နဲ့ တရားဟောရာကျမ်း (မဿဲ ၁၈:၁၆) တွေမှာပါတဲ့ မှတ်တမ်းတွေကိုလည်း ရည်ညွှန်းခဲ့တယ်။ “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတို့တွင် ငါ၏အကြောင်း ရေးထားသမျှသည် ပြည့်စုံရမည်” လို့ယေရှု ပြောဆိုခဲ့တယ်။ (လုကာ ၂၄:၄၄) ယေရှုဟာ မောရှေနဲ့ တခြားကျမ်းရေးသူတွေ ရေးသားခဲ့ရာတွေကို အသိအမှတ်ပြုတယ်ဆိုရင် ဟေဗြဲကျမ်းစောင်မှာပါရှိတဲ့ နှစ်ကာလအလိုက်ဖော်ပြချက်ရဲ့ တိကျမှန်ကန်မှုကိုလည်း လက်ခံတယ်ဆိုတာ သေချာပါတယ်။

ဒါဆိုရင် သမ္မာကျမ်းစာကို ဘယ်အချိန်မှာ ရေးသားခဲ့သလဲ။ သမ္မာကျမ်းစာမှာပါရှိတဲ့ နှစ်ကာလအလိုက်ဖော်ပြချက်ကို ယုံကြည်စိတ်ချလို့ရပါသလား။ ကျမ်းပညာရှင်အတော်များများရဲ့ ဆန်းစစ်လေ့လာချက်တွေအပြင် ကျမ်းစာမှာပါတဲ့ ကာလအစီအစဉ်၊ ကျမ်းစာမဟုတ်တဲ့ တခြားစာပေတွေမှာပါတဲ့ သမိုင်းအထောက်အထားတွေနဲ့ ယေရှုရဲ့ ရှုမြင်ချက်တွေကို ကျွန်ုပ်တို့ သိရှိခဲ့ပြီးဖြစ်ပါတယ်။ လူအများဟာ အထောက်အထားတွေကို လေ့လာဆန်းစစ်ပြီးတဲ့နောက်မှာ ခမည်းတော် ယေဟောဝါဘုရားသခင်ထံ ယေရှု ဆုတောင်းတုန်းက ‘ကိုယ်တော်၏စကားတော်သည် အမှန်တရားဖြစ်ပါ၏’ လို့ပြောခဲ့တဲ့ စကားကို သဘောတူလာကြပါတယ်။—ယောဟန် ၁၇:၁၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ကျမ်းစာရဲ့ နှစ်ကာလအလိုက် ဖော်ပြချက်အကြောင်း အသေးစိတ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊ အတွဲ ၁၊ စာမျက်နှာ ၄၄၇-၄၆၇ [အင်္ဂလိပ်] မှာဖတ်ကြည့်နိုင်ပါတယ်။

^ အပိုဒ်၊ 23 ၂၀၀၇၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၂၀ မှာရှိတဲ့ “ရှေးခေတ်ကျမ်းကူးသူများနှင့် သမ္မာကျမ်းစာ” ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၂၀-၂၃ ပါ ဇယားနှင့်ရုပ်ပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

(ကျမ်းစောင်တွေကို ရေးသားပြီးစီးခဲ့တဲ့ ခုနှစ်တွေကို အချိန်ပြမျဉ်းနဲ့ ခန့်မှန်းဖော်ပြထား)

ဘီစီအီး ၂၀၀၀

၁၈၀၀

[ရုပ်ပုံ]

မောရှေခေတ် မတိုင်ခင်က စာရေးပစ္စည်းတွေကို ထုတ်လုပ်နေကြတဲ့ အီဂျစ်ကျမ်းကူးသူများ

[Credit Line]

© DeA Picture Library / Art Resource, NY

၁၆၀၀

[ရုပ်ပုံ]

ဘီစီအီး ၁၅၁၃ မှာ မောရှေဟာ ကမ္ဘာဦးကျမ်းကို ပျက်စီးလွယ်တဲ့ ရေးစရာတွေ ပေါ်မှာ ရေးသားပြီးစီးခဲ့

ကမ္ဘာဦး ဘီစီအီး ၁၅၁၃

ယောရှု

၁၄၀၀

၁၂၀၀

ရှမွေလ

ဘီစီအီး ၁၀၀၀

[ရုပ်ပုံ]

ရာနဲ့ချီတဲ့ ရွှံ့စေးတံဆိပ် အကြွင်းအကျန်များ

ဘီစီအီး ၉၀၀ ကစပြီး ၅၀၀ အထိ

ယောန

၈၀၀

ဟေရှာယ

၆၀၀

ယေရမိ

ဒံယေလ

[ရုပ်ပုံ]

ကြိုးနဲ့စည်းပြီး ရွှံ့စေးတံဆိပ် ထုထားတဲ့ ကျူစာလိပ်တစ်လိပ်

ဘီစီအီး ၄၄၉ က

[Credit Line]

Brooklyn Museum, Bequest of Theodora Wilbour from the collection of her father, Charles Edwin Wilbour

၄၀၀

၂၀၀

[ရုပ်ပုံ]

အဝတ်နဲ့ပတ်ပြီး မြေအိုးတွေထဲ ထည့်သိမ်းထားတဲ့ ပင်လယ်သေစာလိပ်။ လက်ရှိအချိန်အထိ မပျောက်ပျက်သေးဘဲ ကျန်ရှိနေသေးတဲ့ ရှေးအကျဆုံး ကျမ်းစောင်တွေဖြစ်

ဘီစီအီး ၂၀၀ ကနေ ၁၀၀ က

[Credit Line]

Shrine of the Book, Photo © The Israel Museum, Jerusalem