မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပယ်ခံတစ်ယောက်လို ခံစားဖူးသလား

အပယ်ခံတစ်ယောက်လို ခံစားဖူးသလား

သားသမီးတွေကို သွန်သင်ပေးပါ

အပယ်ခံတစ်ယောက်လို ခံစားဖူးသလား

အပယ်ခံဆိုတာ လူတွေရဲ့ ဝိုင်းပယ်ထားခြင်း ခံရတဲ့သူကို ပြောတာပါ။ အသားအရောင်၊ လူမျိုး ဒါမှမဟုတ် ပြောဆိုလုပ်ကိုင်ပုံချင်းမတူလို့ အပယ်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးတို့ကော အပယ်ခံတစ်ယောက်လို ခံစားဖူးသလား။ *

အဲလိုခံစားခဲ့ရတဲ့သူ တစ်ယောက်အကြောင်းကို ပြောပြမယ်နော်။ သူ့နာမည်က မေဖိဗောရှက်လို့ခေါ်တယ်ကွဲ့။ သူက ဘယ်သူလဲ။ သူ ဘာကြောင့် အဲလိုခံစားခဲ့ရသလဲဆိုတာကို လေ့လာကြည့်ရအောင်။ ကလေးတို့လည်း အပယ်ခံတစ်ယောက်လို ခံစားဖူးမယ်ဆိုရင် မေဖိဗောရှက်ကနေ သင်ခန်းစာအများကြီး ယူနိုင်တယ်။

မေဖိဗောရှက်ဟာ ဒါဝိဒ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ယောနသန်ရဲ့ သားပါ။ ယောနသန်ဟာ တိုက်ပွဲမှာ မသေခင် ‘ငါ့ကလေးတွေကို ကြည့်ပေးပါ’ လို့ဒါဝိဒ်ကို မှာသွားတယ်။ ဒါဝိဒ် ဘုရင်ဖြစ်လာပြီး နှစ်ပေါင်းများစွာအကြာမှာ ယောနသန်ရဲ့စကားကို သတိရသွားတယ်။ မေဖိဗောရှက်ဆိုတဲ့ သားတစ်ယောက်တော့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ သူ ငယ်ငယ်တုန်းက ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရခဲ့တယ်။ အဲလိုဒဏ်ရာရပြီးနောက်ပိုင်း လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘူးလေ။ သူ ဘာကြောင့် အပယ်ခံတစ်ယောက်လို ခံစားခဲ့ရမယ်ဆိုတာကို ကလေးတို့ နားလည်နိုင်မလား။

ဒါဝိဒ်မှာ ယောနသန်ရဲ့သားကို ကြည့်ရှုစောင့်ရှောက်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါကြောင့် မေဖိဗောရှက်ကို ဂျေရုဆလင်မြို့အနီးမှာ နေထိုင်ဖို့ ဒါဝိဒ် စီစဉ်ပေးတဲ့အပြင် သူနဲ့အတူ တစ်စားပွဲတည်းမှာ စားသောက်စေခဲ့ပါတယ်။ ပြီးတော့ ဇိဘကို သူ့ရဲ့သားတွေ၊ ကျွန်တွေနဲ့အတူ မေဖိဗောရှက်အိမ်မှာ အစေခံခိုင်းတယ်။ ဒါဝိဒ်ဟာ ယောနသန်ရဲ့သားကို တကယ်ပဲ ကျေးဇူးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ ကလေးတို့ သိကြသလား။

ဒါဝိဒ်ဟာ အိမ်တွင်းရေးပြဿနာတွေ ကြုံခဲ့ရတယ်။ ဒါဝိဒ်ရဲ့သားတစ်ယောက်ဖြစ်တဲ့ အဗရှလုံဟာ ဒါဝိဒ်ကို ပုန်ကန်ပြီး ထီးနန်းလုဖို့ ကြိုးစားတယ်။ ဒါနဲ့ ဒါဝိဒ်ဟာ အသက်ဘေးကနေလွတ်အောင် ထွက်ပြေးခဲ့ရတယ်။ မေဖိဗောရှက်ဟာ တခြားသူတွေနဲ့အတူ ဒါဝိဒ်နောက်ကို လိုက်သွားချင်တယ်။ ဒါဝိဒ်ပဲ ဘုရင်ဖြစ်ထိုက်တယ်ဆိုတာကို သူ့ရဲ့မိတ်ဆွေတွေက သိထားကြတယ်။ ဒါပေမဲ့ မေဖိဗောရှက်ဟာ လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့အတွက် သူတို့နောက်ကို မလိုက်သွားနိုင်ခဲ့ဘူး။

အဲဒီအခါမှာ မေဖိဗောရှက် အဲလိုနေခဲ့တာဟာ ဘုရင်ဖြစ်ချင်လို့ဆိုပြီး ဒါဝိဒ်ကို ဇိဘ ကုန်းတိုက်တယ်။ ဒါဝိဒ်လည်း အဟုတ်မှတ်သွားတာပေါ့။ ဒါနဲ့ မေဖိဗောရှက်ပိုင်ဆိုင်တဲ့ အရာအားလုံး ဇိဘကို ပေးပစ်လိုက်တယ်။ ဒါဝိဒ်ဟာ အဗရှလုံကို အနိုင်ရပြီးတာနဲ့ ဂျေရုဆလင်မြို့ကို ပြန်လာခဲ့တယ်။ အခု မေဖိဗောရှက်ဘက်က ပြောတဲ့စကားကို ဒါဝိဒ် တလိုတလား နားထောင်ပေးနေပါတယ်။ အဖြစ်မှန်ကို သိသွားပြီးတဲ့နောက် ပိုင်ဆိုင်တဲ့အရာတွေကို တစ်ယောက်တစ်ဝက်စီ ယူဖို့ ဒါဝိဒ် ဆုံးဖြတ်ပေးလိုက်တယ်။ မေဖိဗောရှက် ဘာလုပ်ခဲ့မယ်လို့ ကလေးတို့ ထင်သလဲ။

ဒါဝိဒ်ရဲ့ ဆုံးဖြတ်ချက်က မတရားဘူးလို့ မေဖိဗောရှက် အတွန့်မတက်ခဲ့ဘူး။ ဘုရင်ဟာ သူ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့အတွက် စိတ်ငြိမ်သက်မှု လိုအပ်တယ်ဆိုပြီး နားလည်ပေးခဲ့တယ်။ ဒါကြောင့် ဇိဘကိုပဲ ပိုင်ဆိုင်ရာအားလုံး ပေးလိုက်ပါဆိုပြီး သူပြောခဲ့တယ်။ မေဖိဗောရှက်အတွက် အရေးကြီးဆုံးက ဘုရင်အဖြစ် ဂျေရုဆလင်မြို့ကို ဒါဝိဒ် ပြန်လာနိုင်ဖို့ပဲ။

မေဖိဗောရှက်ဟာ တော်တော့်ကို စိတ်ဆင်းရဲခဲ့ရတယ်။ အပယ်ခံတစ်ယောက်လိုမျိုးလည်း မကြာခဏ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က သူ့ကို ချစ်မြတ်နိုးပြီး ကြည့်ရှုစောင့်ရှောက်ခဲ့တယ်။ ဒီအချက်ကနေ တို့တတွေ ဘာသင်ယူနိုင်သလဲ။— တို့တတွေ မှန်ရာကို လုပ်နေရင်တောင်မှ တချို့က တို့တတွေရဲ့မကောင်းကြောင်း ပြောနိုင်တယ်။ ယေရှုလည်း ဒီလိုသတိပေးခဲ့တယ်– “လောကသည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြောင်း သိမှတ်ကြလော့။” လူတွေဟာ ယေရှုကို သတ်တောင် သတ်ပစ်လိုက်ကြတယ်လေ။ တို့တတွေ မှန်ရာကိုလုပ်မယ်ဆိုရင် စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါနဲ့ သားတော်ယေရှုတို့က တို့တတွေကို ချစ်မြတ်နိုးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

သမ္မာကျမ်းစာမှာ ဖတ်ကြည့်ပါ

၁ ရာ. ၂၀:၁၅-၁၇၊ ၄၁၊ ၄၂

၂ ရာ. ၄:၄; ၉:၁-၁၀; ၁၉:၂၄-၃၀

ယောဟန် ၁၅:၁၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည် (—) က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။