မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝက ဘာကြောင့် အဓိပ္ပာယ်မဲ့ပုံရနေတာလဲ

ဘဝက ဘာကြောင့် အဓိပ္ပာယ်မဲ့ပုံရနေတာလဲ

ဘဝက ဘာကြောင့် အဓိပ္ပာယ်မဲ့ပုံရနေတာလဲ

ရှေးခေတ် အစ္စရေးဘုရင် ရှောလမုန် ဖော်ပြခဲ့တဲ့အတိုင်း ဘဝဟာ “အကျိုးမဲ့၍ တိုတောင်းလှသော အရိပ်သဖွယ်” လောက်ပဲ မဟုတ်ဘူးဆိုတာကို ဘာကြောင့် သင် ယုံကြည်သင့်သလဲ။ (ဒေ. ၆:၁၂ခမ) သမ္မာကျမ်းစာဟာ အမြဲတမ်း ယုံကြည်အားထားရတဲ့စာအုပ် ဖြစ်ပါတယ်။ အနာဂတ်အသက်တာဟာ စစ်မှန်တဲ့အဓိပ္ပာယ်နဲ့ ပြည့်ဝနေမယ်ဆိုပြီး အဲဒီစာအုပ်ထဲမှာ ကတိပြုထားပါတယ်။—၂ တိမောသေ ၃:၁၆၊ ၁၇

ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လောကမှာ မတရားမှု၊ ဖိနှိပ်မှုနဲ့ ဆင်းရဲဝေဒနာတွေ ဘာကြောင့် ပြည့်နှက်နေရတယ်ဆိုတာကိုလည်း ရှင်းပြထားပါတယ်။ အဲဒီအချက်တွေကို နားလည်ထားဖို့ ဘာကြောင့် အရေးကြီးတာလဲ။ လူ့ဘဝဟာ လုံးဝအဓိပ္ပာယ်မရှိဘူးလို့ လူတွေ ယူဆရတဲ့ အဓိကအကြောင်းရင်းကတော့ ဒီကမ္ဘာမြေ၊ လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို သူတို့မသိလို့ ဒါမှမဟုတ် မသိချင်ဟန်ဆောင်နေလို့ ဖြစ်ပါတယ်။

ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ

ယေဟောဝါဘုရားသခင် *ဟာ ကမ္ဘာမြေကို လူသားတွေအတွက် လိုလေသေးမရှိ ပြည့်စုံပြီး သာယာလှပတဲ့ ပရဒိသုစံအိမ်အဖြစ် ဖန်ဆင်းခဲ့တယ်။ အဲဒီနေရာမှာ လူသားတွေဟာ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ အသက်တာနဲ့ ပြည့်ပြည့်စုံစုံ အမြဲ နေထိုင်ရမှာဖြစ်တယ်။ ဒါပေမဲ့ ကနေ့လူအများက အဲလိုမယူဆကြဘူး။ လူသားတွေဟာ ဝိညာဉ်ဘုံမှာ ပိုပြီးအဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာနဲ့ နေထိုက်တယ် မနေထိုက်ဘူးဆိုတာ သိနိုင်အောင် သူတို့ကို စမ်းသပ်မယ့်နေရာအဖြစ် ကမ္ဘာမြေကြီးကို ဘုရားသခင် ဖန်ဆင်းထားတာဆိုပြီး လွဲမှားစွာ ယူဆထားကြတယ်။—စာမျက်နှာ ၆ က  “အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာနဲ့နေထိုင်ဖို့ ကမ္ဘာမြေကြီးကို စွန့်ခွာရမှာလား” ဆိုတဲ့ လေးထောင့်ကွက်မှာကြည့်ပါ။

ဘုရားသခင်ဟာ အာဒံနဲ့ဧဝကို “မိမိပုံသဏ္ဌာန်နှင့်အညီ” ဖန်ဆင်းခဲ့တယ်။ ဆိုလိုတာက သူတို့ကို မိမိရဲ့ကောင်းမွန်တဲ့ အရည်အသွေးတွေ ရောင်ပြန်ဟပ်နိုင်စွမ်း ပေးထားတယ်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ဒါ့အပြင် သူတို့ကို စုံလင်တဲ့သူတွေအဖြစ် ဖန်ဆင်းခဲ့တယ်။ အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာနဲ့ အကျိုးရှိရှိ ထာဝစဉ်နေထိုင်နိုင်အောင် သူတို့မှာ လိုအပ်ရာအကုန် ရှိထားတယ်။ ကမ္ဘာပေါ် လူသားတွေနဲ့ ပြည့်နေစေပြီး နိုင်နင်းရမယ့်အပြင် ဧဒင်ဥယျာဉ်လို သာယာလှပတဲ့နေရာအဖြစ် ပြုပြင်ပြောင်းလဲပေးမှသာ အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာကို သူတို့ရရှိနိုင်မှာဖြစ်တယ်။—ကမ္ဘာဦး ၁:၂၈-၃၁; ၂:၈၊ ၉

ဘာမှားသွားသလဲ

တစ်စုံတစ်ရာ အကြီးအကျယ် မှားသွားတယ်ဆိုတာ ထင်ရှားတယ်။ လူသားတွေဟာ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေကို ရောင်ပြန်ဟပ်ဖို့ မကြိုးစားကြဘူး။ ကမ္ဘာမြေကြီးကလည်း သာယာလှပတဲ့ ပရဒိသုဥယျာဉ် ဖြစ်မနေဘူး။ ဒါဆိုရင် ဘာမှားသွားသလဲ။ အာဒံနဲ့ဧဝဟာ သူတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့ကြတယ်။ “ကောင်းမကောင်း” နဲ့ဆိုင်တဲ့ ဘုရားသခင့်စံနှုန်းတွေကို လိုက်နာဖို့ ရွေးချယ်မယ့်အစား “ဘုရားသခင်ကဲ့သို့” ဖြစ်ချင်လာကြတယ်။ အဲဒီလိုနဲ့ သူပုန်စာတန်ရဲ့ ပုန်ကန်တဲ့လမ်းစဉ်နောက်ကို သူတို့လိုက်သွားကြတယ်။—ကမ္ဘာဦး ၃:၁-၆

ဒါကြောင့် မကောင်းမှုဆိုတာ ဘုရားသခင် ကြိုတင်စီမံထားတဲ့ နားမလည်နိုင်တဲ့အစီအစဉ် မဟုတ်ပါဘူး။ အရင်ဆုံး စာတန်၊ နောက်ပိုင်းမှာ အာဒံနဲ့ဧဝတို့က ဘုရားသခင်ရဲ့အုပ်ချုပ်မှုကို ပုန်ကန်တဲ့အချိန်မှာ မကောင်းမှု စတင်လာခဲ့တာပါ။ အဲဒီလိုနဲ့ ကနဦး မိဘနှစ်ပါးဟာ သာယာလှပတဲ့ ဧဒင်ဥယျာဉ်နဲ့ စုံလင်မှုကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး သူတို့ကိုယ်တိုင်သာမက သူတို့ရဲ့ သားစဉ်မြေးဆက်တွေဖြစ်တဲ့ လူသားမျိုးနွယ်အားလုံးလည်း အပြစ်နဲ့သေခြင်းတရားအောက်ကို ကျရောက်သွားခဲ့တယ်။ (ကမ္ဘာဦး ၃:၁၇-၁၉; ရောမ ၅:၁၂) အဲလိုအခြေအနေတွေကြောင့် ဘဝဟာ အဓိပ္ပာယ်မရှိဘူးလို့ ထင်နေရတာပါ။

မကောင်းမှုကို ဘုရားသခင် ဘာကြောင့် ချက်ချင်း မဖယ်ရှားတာလဲ

‘မကောင်းမှုကို ဘုရားသခင် ဘာကြောင့် ချက်ချင်း မဖယ်ရှားတာလဲ။ စာတန်နဲ့ ပုန်ကန်သူတွေကို ဖျက်ဆီးလိုက်ပြီး အစကနေ ပြန်ဖန်ဆင်းလိုက်ရင် ပြီးရော’ လို့ တချို့က ပြောကြတယ်။ အဲလိုလုပ်လိုက်မယ်ဆိုရင် ပညာရှိရာရောက်ပါ့မလား။ အာဏာရှိသူတွေဟာ အာဏာဖီဆန်တဲ့သူတစ်ယောက်ကို ချက်ချင်း ကွပ်မျက်လိုက်တဲ့အကြောင်း သင် ကြားသိတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ။ အဲလိုလုပ်လိုက်တဲ့အတွက် မျှမျှတတ စဉ်းစားတတ်တဲ့သူတွေက ကျေနပ်ပါ့မလား။ ပြီးတော့ အာဏာရှိသူတွေအနေနဲ့ကော အမှားအမှန်စံနှုန်းကို သူတို့ကိုယ်တိုင် လိုက်နာရာကျပါ့မလား။

ပုန်ကန်တဲ့သူတွေကို ချက်ချင်း အရေးယူဖို့ ဘုရားသခင် မရွေးချယ်ခဲ့ပါဘူး။ ဘုရားသခင်ဟာ မိမိရဲ့အုပ်ချုပ်ပုံနဲ့ပတ်သက်ပြီး ဧဒင်ဥယျာဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ အရေးကိစ္စတွေကို တစ်ခါတည်းနဲ့ အပြတ်ဖြေရှင်းဖို့အတွက် အချိန်ပေးလိုက်ပါတယ်။

မကောင်းမှုအားလုံးကို ဘုရားသခင် ဖယ်ရှား

မကောင်းမှုကို အချိန်အကန့်အသတ်ပဲ ဘုရားသခင် ခွင့်ပြုထားတယ်ဆိုတဲ့ အရေးကြီးတဲ့အချက်ကို သတိရဖို့လိုပါသေးတယ်။ ဘုရားသခင်ရဲ့ အုပ်ချုပ်ပုံနည်းလမ်းကို ဖီဆန်ခြင်းကြောင့် ပေါ်ပေါက်ခဲ့တဲ့ အရေးကြီးကိစ္စရပ်တွေကို ဖြေရှင်းလိုက်တဲ့အခါ ဝမ်းနည်းဖွယ်နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ တစ်ခါတည်းနဲ့ အပြတ်ရှင်းနိုင်တယ်ဆိုတာ ကိုယ်တော်သိထားတဲ့အတွက် မကောင်းမှုကို ခွင့်ပြုထားရတာဖြစ်တယ်။

ဘုရားသခင်ဟာ ကမ္ဘာမြေနဲ့လူသားတွေအတွက် ထားရှိတဲ့ မိမိရဲ့ရည်ရွယ်ချက်ကို အပျက်ခံမှာမဟုတ်ပါဘူး။ ကမ္ဘာမြေကြီးကို “အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်း” တယ်ဆိုတဲ့ ကြိုဟောချက်ကို ပရောဖက်ဟေရှာယအားဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင် ယုံကြည်စိတ်ချစေပါတယ်။ (ဟေရှာယ ၄၅:၁၈) မကြာခင်မှာ ဘုရားသခင်ဟာ ကမ္ဘာမြေကြီးကို မူလရည်ရွယ်ထားတဲ့အတိုင်း သာယာလှပတဲ့ ပရဒိသုဥယျာဉ်လို ပြန်လည်ပြုလုပ်ပေးပါတော့မယ်။ မိမိရဲ့အုပ်ချုပ်ပုံနည်းလမ်းက ဖြောင့်မတ်မှန်ကန်တယ်ဆိုတာကို အပီအပြင် သက်သေထူပြီးတဲ့နောက်မှာ မိမိရဲ့အလိုတော်ကို ဆောင်ရွက်နိုင်ဖို့နဲ့ မကောင်းမှုမှန်သမျှကို လုံးလုံးဖျက်ဆီးလိုက်ဖို့ မိမိရဲ့ကြီးမားတဲ့ အစွမ်းတန်ခိုးကို အသုံးပြုတာက တော်တည့်မှန်ကန်တယ်ဆိုတာ ကိုယ်တော် ဖော်ပြပါလိမ့်မယ်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) ယေရှုခရစ် သင်ပေးခဲ့တဲ့ စံပြဆုတောင်းချက်ထဲမှာ အဲလိုအရေးယူဆောင်ရွက်ပေးဖို့ ဘုရားသခင်ဆီ အသနားခံတဲ့ အချက်တစ်ချက်ကို ဖော်ပြထားတယ်။ “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဆိုပြီး ဆုတောင်းဖို့ ကျွန်ုပ်တို့ကို ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၆:၉၊ ၁၀) မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့အလိုတော်က ဘာလဲ။

မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့အလိုတော်

ဘုရားသခင်ရဲ့အလိုတော်မှာ ‘စိတ်နှိမ့်ချသောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ’ ဖို့ဖြစ်ပါတယ်။ (ဆာလံ ၃၇:၉-၁၁၊ ၂၉; သု. ၂:၂၁၊ ၂၂) ယေရှုခရစ်ဟာ “မိမိအား ဟစ်ခေါ်ကြသည့် ဆင်းရဲသူတို့အားလည်းကောင်း၊ ချို့တဲ့နွမ်းပါး၍ ခိုကိုးရာမဲ့သူတို့အားလည်းကောင်း ကယ်ဆယ်တော်မူ၏။” အဲဒီအပြင် “ဖိစီးနှိပ်စက်မှုနှင့် အကြမ်းဖက်မှု” တို့ကနေလည်း ကယ်တင်ပါလိမ့်မယ်။ (ဆာလံ ၇၂:၁၂-၁၄ခမ) စစ်မှုတွေ ရှိတော့မှာမဟုတ်ဘူး။ သေခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းနဲ့ ဆင်းရဲဝေဒနာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ (ဆာလံ ၄၆:၉; ဗျာ. ၂၁:၁-၄) မကောင်းမှုကို ဘုရားသခင် ခွင့်ပြုထားတဲ့အချိန်အတွင်း သေလွန်သွားတဲ့ လူများစွာလည်း ဒီကမ္ဘာပေါ် ပြန်အသက်ရှင်လာကြမယ်။ ဖော်ပြခဲ့တဲ့အရာတွေအပြင် တခြားအကျိုးကျေးဇူးတွေကိုလည်း သူတို့ခံစားခွင့် ရရှိကြပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉

တကယ်ဆိုရင် ဘုရားသခင်ဟာ စာတန်ရဲ့ ပုန်ကန်မှုကြောင့် ဖြစ်ပေါ်လာရတဲ့ ထိခိုက်နစ်နာမှုကို ဖယ်ရှားပေးပါလိမ့်မယ်။ ‘အတိတ်ကာလက ဆင်းရဲဝေဒနာများ [ကနေ့ခေတ်ရှိ ဝမ်းနည်းစရာတွေ၊ နာကျင်စရာတွေ အားလုံး]’ ကိုမေ့လျော့သွားတဲ့အထိ အဲဒီထိခိုက်နစ်နာမှုတွေကို ကိုယ်တော် လုံးလုံး ဖယ်ရှားပစ်ပါလိမ့်မယ်။ (ဟေရှာယ ၆၅:၁၆-၁၉ခမ) အနာဂတ်မှာ အဲဒီအတိုင်း ဖြစ်ပျက်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ဘုရားသခင်က မလိမ်လည်တတ်ဘူး။ ကိုယ်တော်ရဲ့ကတိတော်အားလုံး အမှန်တကယ် ဖြစ်လာမယ်။ ဘဝဟာ “လေကို လိုက်လံဖမ်းဆီး” သလိုမျိုး “အချည်းနှီး” ဖြစ်မှာ မဟုတ်တော့ဘူး။ (ဒေ. ၂:၁၇ခမ) အဲဒီအစား ဘဝဟာ အဓိပ္ပာယ်တွေနဲ့ ပြည့်ဝနေပါလိမ့်မယ်။

ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်တွေကို သိရှိပြီး ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို သိနားလည်ထားခြင်းက လက်ရှိအချိန်မှာ သင့်ရဲ့ဘဝကို စစ်မှန်တဲ့ အဓိပ္ပာယ်ရှိစေနိုင်ပါသလား။ အဖြေကို နောက်ဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဘုရားသခင်ရဲ့ ကိုယ်ပိုင်အမည်က ယေဟောဝါဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။

[စာမျက်နှာ ၆ ပါလေးထောင့်ကွက်]

 အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာနဲ့နေထိုင်ဖို့ ကမ္ဘာမြေကြီးကို စွန့်ခွာရမှာလား

ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို မသိရှိတဲ့သူတွေဟာ အမှန်တကယ် အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာနဲ့နေထိုင်နိုင်ဖို့ ကမ္ဘာမြေကြီးကို စွန့်ခွာရမယ်လို့ ရာစုနှစ်ပေါင်း များစွာကတည်းက သွန်သင်လာခဲ့ ကြတယ်။

လူ့ရဲ့ဝိညာဉ်ဟာ “လူတစ်ယောက်ထဲကို မဝင်စားခင် အတော်အတန် အဆင့်မြင့်တဲ့ဘဝနဲ့ နေထိုင်ခဲ့တယ်” လို့ဆိုကြတယ်။ (New Dictionary of Theology) “ကောင်းကင်မှာရှိနေတဲ့ ဝိညာဉ်ဟာ အပြစ်ကျူးလွန်မိလို့ ပြစ်ဒဏ်အနေနဲ့ လူ့ခန္ဓာကိုယ်ထဲ ချုပ်နှောင်” ခံရတယ်လို့ တချို့က ဆိုကြတယ်။—Cyclopedia of Biblical, Theological, and Ecclesiastical Literature.

မသေနိုင်တဲ့ဝိညာဉ်ဟာ အသွေးအသားကိုယ်ခန္ဓာရဲ့ ချုပ်နှောင်မှုတွေကနေ လွတ်မြောက်မှသာ “လှည့်လည်သွားလာနေရတာတွေ၊ မဆင်မခြင် လုပ်နေတာတွေ၊ ကြောက်ရွံ့မှုတွေ၊ မကောင်းတဲ့ဆန္ဒတွေနဲ့ လူသားထုအပေါ် ကျရောက်နေတဲ့ တခြားပြဿနာတွေကနေ ကင်းလွတ်” ပြီး “နတ်ဘုရားတွေနဲ့အတူ အမြဲ နေထိုင်” ရမှာဖြစ်တယ်လို့ ဆိုကရေးတီးနဲ့ ပလေတိုတို့လို ဂရိ အတွေးအခေါ်ပညာရှင်တွေက သွန်သင်ခဲ့ကြတယ်။—Plato’s Phaedo, 81, A.

နောက်ပိုင်းမှာ အမည်ခံခရစ်ယာန်ခေါင်းဆောင်တွေဟာ “လူသားတွေမှာ မသေနိုင်တဲ့ ဝိညာဉ်ရှိတယ်” ဆိုတဲ့ ဂရိအတွေးအခေါ်ပညာရှင်တွေရဲ့ ယူဆချက်ကို သူတို့ရဲ့သွန်သင်ချက်တွေထဲ ပေါင်းထည့်လိုက်ကြတယ်။—Christianity—A Global History.

အဲဒီယူဆချက်တွေနဲ့ ကွဲလွဲဆန့်ကျင်နေတဲ့ ကျမ်းစာအခြေခံအမှန်တရား သုံးခုကို အောက်မှာဖော်ပြထားပါတယ်-

၁။ ဘုရားသခင်ဟာ ကမ္ဘာမြေကြီး ကို လူသားတွေရဲ့ ထာဝရစံအိမ်ဖြစ်ဖို့ ရည်ရွယ်ထားတာပါ။ ကောင်းကင်မှာ မိမိနဲ့အတူ နေထိုင်ဖို့ ထိုက်တန်တယ်၊ မထိုက်တန်ဘူးဆိုတာကို စမ်းသပ်ဖို့ ခေတ္တ နေထိုင်ခိုင်းတဲ့နေရာ မဟုတ်ပါဘူး။ အာဒံနဲ့ဧဝတို့သာ ဘုရားသခင့်ပညတ်တွေကို လိုက်နာခဲ့မယ်ဆိုရင် သာယာလှပတဲ့ ပရဒိသုဥယျာဉ်ဖြစ်တဲ့ ဒီကမ္ဘာပေါ် အသက်ရှင်နေထိုင်ရဦးမှာ ဖြစ်တယ်။—ကမ္ဘာဦး ၁:၂၇၊ ၂၈; ဆာလံ ၁၁၅:၁၆

၂။ လူမှာ မသေနိုင်တဲ့ ဝိညာဉ်ရှိတယ်လို့ ဘာသာတရားအများစုက သွန်သင်ကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကတော့ လူဟာ ‘မြေမှုန့်ဖြင့်ဖန်ဆင်း’ ခံရတယ်လို့ ရိုးရိုးလေး သွန်သင်တယ်။ (ကမ္ဘာဦး ၂:၇) လူသားတွေမှာ မသေနိုင်တဲ့ ဝိညာဉ်ရှိတယ်ဆိုပြီး ကျမ်းစာမှာ တစ်ခါမှ ဖော်ပြမထားဘူး။ ကျမ်းစာအရဆိုရင် ဝိညာဉ်က သေနိုင်တယ်။ (ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄) ပထမဆုံး လူသားဖြစ်တဲ့ အာဒံဟာ မြေမှုန့်နဲ့ ဖန်ဆင်းခံရတဲ့အတွက် သူ သေဆုံးတဲ့အခါ မြေကြီးထဲကိုပဲ ပြန်ရောက်သွားတယ်။ ဘာမှမရှိတဲ့ အခြေအနေထဲကို ပြန်ရောက်သွားတာဖြစ်တယ်။—ကမ္ဘာဦး ၂:၁၇; ၃:၁၉

၃။ လူသားတွေရဲ့ အနာဂတ်အသက်တာ မျှော်လင့်ချက်က သာယာလှပတဲ့ ပရဒိသုဥယျာဉ်ဖြစ်တဲ့ ကမ္ဘာပေါ် အသက်ပြန်ရှင်လာအောင် ပြုလုပ်ပေးမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်အပေါ်မှာ မူတည်နေပါတယ်။ မသေနိုင်တဲ့ဝိညာဉ်အဖြစ်နဲ့ ဝိညာဉ်ဘုံထဲကို ရောက်သွားခြင်းပေါ် မူမတည်ပါဘူး။—ဒံယေလ ၁၂:၁၃သမ္မာ; ယောဟန် ၁၁:၂၄-၂၆; တမန်တော် ၂၄:၁၅