မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝမှာ စစ်မှန်တဲ့အဓိပ္ပာယ်ရှိသလား

ဘဝမှာ စစ်မှန်တဲ့အဓိပ္ပာယ်ရှိသလား

ဘဝမှာ စစ်မှန်တဲ့အဓိပ္ပာယ်ရှိသလား

“ဘဝမှာ အဓိပ္ပာယ်တစ်ခုခုများ ရှိသလား” ဆိုတဲ့မေးခွန်းကို လူတော်တော်များများ မေးခဲ့ကြတယ်။ ဘဝကို သူတို့ ဘယ်လိုပဲ ရှုမြင်ပါစေ ဩစတြီးယားလူမျိုး ဦးနှောက်နဲ့ အာရုံကြောပါရဂူ ဗစ်တာ အီး၊ ဖရန်ကယ်လ် ဖော်ပြခဲ့တဲ့အတိုင်း သူတို့ဘဝက “အဓိပ္ပာယ်မရှိဘူး၊ အနှစ်သာရမရှိဘူး” လို့ခံစားနေကြတာ စိတ်မကောင်းစရာပဲ။

သူတို့ ဘာကြောင့် အဲလိုခံစားနေရတာလဲ။ အကြောင်းရင်းတစ်ခုကတော့ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာဟာ မယုံနိုင်လောက်အောင် စိတ်ဆင်းရဲနေပြီး ကြေကွဲစရာကောင်းတဲ့ အခြေအနေတွေမှာ အသက်ရှင်နေရလို့ပဲ။ လူတွေဟာ ဆင်းရဲမွဲတေမှု၊ ရောဂါ၊ လူမဆန်တဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရရှာတယ်။ ရှေးခေတ်က ယောဘလို့ခေါ်တဲ့ တည်ကြည်သူအမျိုးသား ပြောခဲ့သလိုပါပဲ၊ လူတွေရဲ့ဘဝဟာ တကယ့်ကို စိတ်ဆင်းရဲစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ (ယောဘ ၁၄:၁) ဒါကြောင့် သူတို့ဟာ တစ်ရက်ပြီးတစ်ရက် အသက်ဆက်နိုင်ဖို့ပဲ အာရုံစိုက်ကြတော့တယ်။

ဒါပေမဲ့ တခြားလူသန်းပေါင်းများစွာကတော့ အတိုင်းအတာတစ်ခုအထိ ချမ်းသာကြွယ်ဝလာကြတယ်။ ဘဝမှာ စစ်မှန်တဲ့ကျေနပ်ရောင့်ရဲမှုကို ရှာတွေ့ဖို့ သူတို့မှာ လိုအပ်တဲ့အရာ အကုန်ရှိနေတဲ့ပုံပဲ။ ဒါပေမဲ့ သူတို့အထဲက အတော်များများဟာ ကျေနပ်ရောင့်ရဲမှု မရရှိသေးပါဘူး။ ဘာကြောင့်လဲ။ မျှော်လင့်မထားတဲ့ ငွေရေးကြေးရေးပြဿနာ ဒါမှမဟုတ် ကလေးတစ်ဦးသေဆုံးတာမျိုး ဝမ်းနည်းဖွယ်အဖြစ်ဆိုးတွေကို မကြာခဏ ကြုံရတဲ့အတွက် သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေက တစ်စစီပြိုကွဲသွားလို့ ဖြစ်တယ်။—ဆာလံ ၉၀:၁၀

နောက်အချက်တစ်ချက်ကြောင့် လူတွေက “ဘဝဟာ အဓိပ္ပာယ်မရှိဘူး၊ အနှစ်သာရမရှိဘူး” လို့ ပိုပြီးခံစားလာရတယ်။ ဘယ်အချက်ကြောင့် အဲလိုခံစားလာရတာလဲ။ လူ့ဘဝဟာ အရမ်းတိုတောင်းတယ်ဆိုတဲ့ အချက်ကြောင့်ပါပဲ။ ကြီးကျယ်တဲ့ ကိစ္စရပ်များစွာကို ဆောင်ရွက်နိုင်စွမ်းရှိသူတွေ သက်ဆိုးမရှည်ကြတာကို လူအများက သဘောမပေါက်ကြဘူး။ ဘဝသက်တမ်းတစ်လျှောက်မှာ ဖြစ်ရပ်ဆိုးတွေကို မကြုံရရင်တောင် နောက်ဆုံးမှာ အားလုံးက သေခြင်းတရားကို ရင်ဆိုင်ရတာပဲဆိုတဲ့ မနှစ်မြို့ဖွယ် အမှန်တရားကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြတယ်။—ဒေ. ၃:၁၉၊ ၂၀

ဘဝဟာ အမြဲတမ်း အဓိပ္ပာယ်မဲ့ပုံ ပေါက်နေမှာလား

ရှေးခေတ် အစ္စရေးဘုရင် ရှောလမုန်ဟာ သူ့ခေတ်အခါက ကောင်းမွန်တဲ့ အခြေအနေကို အကျဉ်းချုပ်ဖော်ပြခဲ့တယ်။ ကနေ့ခေတ်က လူတွေလိုပဲ အစ္စရေးလူတွေဟာ ကာယ၊ ဉာဏအစွမ်းခွန်အားတွေကို အသုံးပြုပြီး ထွန်ယက်စိုက်ပျိုးနေတာ၊ အိမ်ရာတွေကို ဆောက်လုပ်နေတာ၊ မိသားစုကို ကျွေးမွေးပြုစုနေတာတွေကို သူတွေ့ မြင်ခဲ့တယ်။ ‘နောက်ဆုံးမှာ ဘာများအကျိုးရလို့လဲ၊’ လူတွေလုပ်ဆောင်သမျှဟာ ‘အချည်းနှီး၊ လေကို လိုက်လံဖမ်းဆီး’ တာပဲလို့ သူကောက်ချက်ချခဲ့တယ်။—ဒေ. ၂:၁၇ခမ။

လူတွေလုပ်ဆောင်သမျှဟာ အမြဲတမ်း ‘အချည်းနှီး၊ လေကို လိုက်လံဖမ်းဆီး’ တာပဲလို့ ဘုရင်ရှောလမုန် ယူမှတ်ခဲ့သလား။ မယူမှတ်ခဲ့ပါဘူး။ လူ့ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး အရှိကိုအရှိအတိုင်း ရိုးရိုးလေး ဖွင့်ပြောနေတာပါ။ ဒါပေမဲ့ အရာရာတိုင်းဟာ အမြဲတမ်း အချည်းနှီးဖြစ်နေမှာ မဟုတ်ဘူးဆိုတာကို ကျမ်းစာက သင့်ကို ယုံကြည်စိတ်ချစေပါတယ်။

အဲဒီယုံကြည်စိတ်ချမှုကို ဘယ်လိုရှာတွေ့နိုင်မလဲ။ နောက်ဆောင်းပါးနှစ်ခုကို ကျေးဇူးပြု၍ဖတ်ကြည့်ပါ။ ဘဝဟာ ဘာကြောင့် ဒီလောက်တောင် အဓိပ္ပာယ်မဲ့ပုံရနေတာလဲ၊ အဲဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ အခုအချိန်မှာတောင် သင့်ဘဝကို စစ်မှန်တဲ့အဓိပ္ပာယ်ရှိအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာကို နောက်ဆောင်းပါးတွေက သိရှိစေပါလိမ့်မယ်။