မီးတောင်ရဲ့ အရိပ်အာဝါသအောက်ဝယ်
ကွန်ဂို (ကင်ရှာဆာ) နိုင်ငံက စာတစ်စောင်
မီးတောင်ရဲ့ အရိပ်အာဝါသအောက်ဝယ်
ဂေါမာမြို့ရဲ့ အထက်မိုးကောင်းကင်မှာ ရောင်နီသန်းလာတယ်။ ကမ္ဘာပေါ်မှာ အလှုပ်ရှားဆုံး မီးတောင်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ နိုင်ရာဂွန်ဂိုမီးတောင်ရဲ့ ရင်သပ်ရှုမောဖွယ်အလှကို နေ့စဉ် မြင်တွေ့နေရပါတယ်။ အဲဒီမီးတောင်က မီးခိုးတွေကို အဆက်မပြတ် မှုတ်ထုတ်နေတယ်။ ညရောက်ရင် မီးတောင်ထိပ်ဝက နီရဲသွားပြီး ချော်ရည်တွေကို တွေ့မြင်နေရတယ်။
နိုင်ရာဂွန်ဂိုမီးတောင်ဟာ ၂၀၀၂ ခုနှစ်တုန်းက အကြီးအကျယ် ပေါက်ကွဲခဲ့ဖူးတယ်။ ဂေါမာမြို့မှာရှိတဲ့ ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေရဲ့ ပိုင်ဆိုင်ရာတွေ အကုန်ပြောင်ရောပဲ။ ကျွန်မတို့ ဇနီးမောင်နှံ သတင်းကောင်းဟောတဲ့ ရပ်ကွက်တချို့ရဲ့ လမ်းပေါ်မှာ မညီမညာဖြစ်နေတဲ့ ချော်ခဲတွေ ဖုံးနေတယ်။ အဲဒီလမ်းတွေပေါ် လျှောက်ရတာ တခြားနေရာတွေပေါ် လျှောက်ရတာနဲ့မတူဘူး။ ဒေသခံတွေကတော့ မာကျောနေတဲ့ ချော်ခဲတွေနဲ့မတူဘူး။ သူတို့ဟာ ဖျတ်လတ်တက်ကြွတယ်။ ကျွန်မတို့ဟောတဲ့ သတင်းကောင်းကို တလိုတလား လက်ခံတတ်တဲ့ စိတ်နူးညံ့တဲ့သူတွေဖြစ်တယ်။ အဲလိုလူတွေကြောင့် မီးတောင်ရဲ့အရိပ်အောက်မှာ ဘုရားသခင်ရဲ့အမှုတော်ကိုစွန့်စွန့်စားစား ထမ်းဆောင်ရပေမဲ့ ပျော်ရွှင်တယ်။
စနေနေ့ မနက်မှာ မျှော်လင့်ချက်ကြီးစွာနဲ့ အိပ်ရာကနေ နိုးထလာတယ်။ ကျွန်မတို့ဇနီးမောင်နှံ၊ ကျွန်မတို့ဆီ အလည်အပတ်ရောက်လာတဲ့ မိတ်ဆွေတွေနဲ့ ခရစ်ယာန်သာသနာပြုတွေဟာ မြို့ရဲ့အနောက်ဘက်မှာရှိတဲ့ မူဂွန်ဂါ ဒုက္ခသည်စခန်းမှာ တစ်နေကုန် သတင်းကောင်းသွားဟောကြမှာလေ။ အဲဒီစခန်းမှာရှိတဲ့ လူအတော်များများဟာ သူတို့နေထိုင်ရာမြို့တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေလို့ ထွက်ပြေးလာကြတဲ့သူတွေ ဖြစ်ပါတယ်။
ပြင်သစ်၊ ကီစဝါဟီလီ၊ ကင်ညာရဝမ်ဒါ ဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ ကျမ်းစာအခြေပြုစာပေတွေကို ကုန်ကားတစ်စီးပေါ် အပြည့်တင်လိုက်တယ်။ ပြီးတော့ ခရီးစထွက်ခဲ့ကြတယ်။ ကားကို ချိုင့်ခွက်တွေ ပေါများတဲ့လမ်းတစ်လျှောက် မောင်းလာရလို့ တဂျုန်းဂျုန်း ဆူညံနေတဲ့အတွက် တစ်မြို့လုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။ လူငယ်တွေက ကုန်တွေ တင်ဆောင်ဖို့ လေးလံတဲ့ သစ်သားစကူတာ (မော်တော်ဆိုင်ကယ်အသေးစား) တွေ တွန်းသွားနေကြတယ်။ ပတ်စကတ် အရောင်တောက်တောက်တွေ ဝတ်ထားတဲ့ အမျိုးသမီးတွေက ခေါင်းပေါ်မှာ အထုပ်ကြီးတွေ ရွက်ထားပြီး လမ်းဘေးမှာ ကနွဲ့ကလျ လျှောက်သွားနေကြတယ်။ အလုပ်သွားတဲ့သူတွေ၊ ဈေးသွားတဲ့သူတွေကို ပို့ဆောင်ပေးနေတဲ့ အငှားယာဉ်တွေကလည်း လမ်းပေါ်မှာ ရှုပ်ယှက်ကိုခတ်နေတာပဲ။ အိမ်နံရံတွေကို ဆေးအညိုရောင်ပုပ်ပုပ် သုတ်ထားပြီး ပြတင်းပေါက်ဘောင်တွေနဲ့ တံခါးပေါက်ဘောင်တွေကိုတော့ အပြာရောင်ဆေးသုတ်ထားတဲ့ သစ်သားအိမ်တွေက ဟိုနားတစ်အိမ်၊ ဒီနားတစ်အိမ် ပြန့်ကျဲလို့နေတယ်။
အင်ဒိုရှိုဝတ်ပြုရာခန်းမကို ကျွန်မတို့ရောက်တော့ ယေဟောဝါသက်သေတချို့ ရောက်နေကြတယ်။ သူတို့က ကျွန်မတို့နဲ့အတူ ဒုက္ခသည်စခန်းမှာ သွားဟောမလို့ပါ။ လူငယ်တွေ၊ မုဆိုးမတွေ၊ မိဘမဲ့တွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေကို တွေ့ရတော့ ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ သူတို့ထဲက အတော်များများဟာ ဒုက္ခအကြီးအကျယ် ရောက်ခဲ့တဲ့သူတွေဖြစ်ပေမဲ့ ကျမ်းစာမူတွေကို လိုက်လျှောက်တဲ့အခါ သူတို့ရဲ့ဘဝ တိုးတက်လာတယ်။ သူတို့ဟာ ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်ကို အခိုင်အမာ ယုံကြည်တဲ့အတွက် တခြားသူတွေကို အဲဒီမျှော်လင့်ချက်အကြောင်း ထက်ထက်သန်သန် ပြောပြနေကြတယ်။ လူတွေအတွက် အားပေးမှုဖြစ်စေမယ့် ကျမ်းချက်တွေနဲ့ပတ်သက်တဲ့ အကြံပြုချက်တချို့ကို တိုတိုတုတ်တုတ် ဆွေးနွေးပြီးတဲ့
နောက် အယောက် ၁၃၀ ရှိတဲ့ ကျွန်မတို့ဟာ မီနီဘတ်စကား ငါးစီး၊ ကုန်ကားတစ်စီးနဲ့ ထွက်လာကြတယ်။မိနစ် ၃၀ လောက်လည်းကြာရော ဒုက္ခသည်စခန်းကို ရောက်လာကြတယ်။ မာကျောတဲ့ ချော်ခဲတွေ ဖုံးနေတဲ့ ကွင်းပြင်တစ်ခုမှာ ရာနဲ့ချီရှိတဲ့ အဖြူရောင်တဲလေးတွေ ဆောက်ထားတယ်။ စခန်းရဲ့အလယ်မှာ အများသုံးအိမ်သာတွေ၊ အဝတ်လျှော်တဲ့နေရာတွေကို သပ်သပ်ရပ်ရပ်နဲ့ အတန်းလိုက်ဆောက်ထားတယ်။ တချို့က အဝတ်လျှော်နေပြီး တချို့က ချက်ပြုတ်နေကြတယ်။ တချို့က ပဲအခွံတွေ ခွာနေကြပြီး တချို့ကျတော့ သူတို့တဲရှေ့မှာ တံမြက်စည်းလှည်းနေကြတယ်။
စခန်းရဲ့ အပိုင်းတစ်ပိုင်းကို တာဝန်ယူရတဲ့ ဇာက်ခ်လို့ခေါ်တဲ့ သက်ကြီးအမျိုးသားတစ်ယောက်ကို ကျွန်မတို့ သွားတွေ့တယ်။ အခုလို ခက်ခဲတဲ့အချိန်မှာ သားသမီးတွေကို ဘယ်လိုပြုစုရမှန်းမသိဘူးဆိုပြီး သူကပြောပြတယ်။ သူ့ကို လူငယ်များအမေး—တာသွားတဲ့အဖြေ စာအုပ်ပေးလိုက်တော့ အရမ်းဝမ်းသာသွားတယ်။ အဲဒီစာအုပ်ကို ဖတ်ပြီးတဲ့နောက် သိရှိလာရာတွေကို အုပ်စုငယ်လေးတွေဖွဲ့ပြီး ပြောပြမယ်လို့ သူကဆိုတယ်။
ရှေ့ကို ဆက်သွားတဲ့အခါ ဘီထရီစ်လို့ခေါ်တဲ့ သက်ကြီးအမျိုးသမီးတစ်ယောက်နဲ့တွေ့တယ်။ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲဆိုပြီး သူက မေးတယ်။ သူ့ကို ဘုရားသခင် ဒဏ်ခတ်နေတာ ဖြစ်ရမယ်လို့ သူက ထင်နေတာ။ သူ့ရဲ့ခင်ပွန်းက စစ်ပွဲမှာ အသတ်ခံလိုက်ရပြီး သမီးက ဒီစခန်းမှာပဲ သူ့ရဲ့ကလေးကို တစ်ယောက်တည်း ရုန်းကန်ပြီး ပြုစုပေးနေရတယ်။ သားကလည်း လအနည်းငယ်လောက်က ပြန်ပေးဆွဲခံရတယ်။ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိ၊ ဘာသတင်းအစအနမှလည်း မရဘူး။
ဘီထရီစ်ရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေကို ကျွန်မကြားရတော့ ယောဘလို့ခေါ်တဲ့ ရှေးခေတ်အမျိုးသားတစ်ယောက်ကို သွားသတိရမိတယ်။ ယောဘလည်း သူ့မိသားစုနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ တစ်ခုပြီးတစ်ခုကြားရတဲ့အခါ အရမ်းစိတ်ထိခိုက်ခဲ့ရတယ်။ ဘီထရီစ် ဒုက္ခရောက်နေတာက ဘုရားသခင် ဒဏ်ခတ်လို့မဟုတ်ဘူးလို့ ပြောပြပြီး ဆင်းရဲဝေဒနာတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းတွေကို ကျမ်းစာနဲ့ ရှင်းပြပေးလိုက်တယ်။ (ယောဘ ၃၄:၁၀-၁၂; ယာကုပ် ၁:၁၄၊ ၁၅) မကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကမ္ဘာကြီးကို ဘုရားသခင် ပြောင်းလဲပေးတော့မယ်လို့လည်း ပေါ်လွင်အောင် ပြောပြတယ်။ အဲလိုပြောပြနေချိန်မှာ ဘီထရီစ်ရဲ့မျက်နှာပြုံးလာတယ်။ ကျမ်းစာကို ဆက်လေ့လာပြီး ဘုရားသခင်ဆီ ဆုတောင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီလို့ သူကပြောပြတယ်။
အဲဒီနေ့မှာ ကျွန်မတို့အုပ်စု အရမ်းပျော်ခဲ့ကြတယ်။ ကျွန်မတို့တွေ့ခဲ့တဲ့ သူတွေအတွက် အားပေးမှုဖြစ်စေပြီး မျှော်လင့်ချက်တွေရှိလာအောင် ယေဟောဝါဘုရားသခင် တကယ်ပဲ ကူညီပေးခဲ့တယ်လို့ ကျွန်မတို့အားလုံး ခံစားရတယ်။ အဲဒီစခန်းကနေ ကျွန်မတို့ ပြန်ထွက်လာတဲ့အချိန်မှာ လူတွေက ဝေစာတွေ၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေနဲ့ ဝှေ့ယမ်းပြီး နှုတ်ဆက်ကြတယ်။
အိမ်အပြန်လမ်းခရီးမှာ နောက်ကြောင်းကို ပြန်စဉ်းစားလာကြတယ်။ အဲဒီနေ့အတွက် ကျွန်မ အရမ်းကျေးဇူးတင်တာပဲ။ ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြခဲ့တဲ့ သက်ကြီးအမျိုးသား ဇာက်ခ်၊ ဝမ်းနည်းမှု ပြေလျော့သွားတဲ့ သက်ကြီးအမျိုးသမီး ဘီထရီစ်၊ ကျွန်မကို အပြုံးနဲ့ပဲ ဆက်သွယ်နိုင်ပြီး အားရပါးရ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ အဘွားအိုတို့ကို သတိရနေတယ်။ မေးခွန်းတွေကို ပညာသားပါပါ မေးမြန်းပြီး အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ မြီးကောင်ပေါက် လူငယ်လေးတွေအကြောင်း ကျွန်မ စဉ်းစားနေမိတယ်။ မယုံနိုင်လောက်အောင် ဆင်းရဲဒုက္ခရောက်နေတဲ့ကြားက ရယ်နိုင်ပြုံးနိုင်သေးတဲ့ လူတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ကျွန်မ အရမ်းလေးစားတယ်။
ဒီနေရာမှာ ဆင်းရဲဝေဒနာ ခံစားနေရတဲ့သူတွေကို ကာယရေးအရရော စိတ်ပိုင်းအရပါ သက်သာမှုရအောင် စိတ်ရင်းမှန်နဲ့ ကြိုးစားကူညီပေးနေတဲ့ တခြားသူတွေကိုလည်း ကျွန်မတို့ တွေ့ခဲ့ရတယ်။ လူ့ပြဿနာတွေဟာ လုံးဝပပျောက်သွားမယ်ဆိုတဲ့အကြောင်း ကျမ်းစာကနေ ပြောပြရတာ တကယ့်အခွင့်ထူးပါပဲ။ ဘုရားသခင်နဲ့လူသားတွေ ပြန်လည်သင့်မြတ်လာအောင် ကြိုးစားပမ်းစား လုပ်ဆောင်နေတယ်ဆိုတာကို တစ်နေ့ကျရင် လူတွေ သိလာကြရမယ့် အရေးကြီးဆုံးလုပ်ငန်းမှာ ပါဝင်ခွင့်ရတာ ကျွန်မ အရမ်းပျော်တယ်။