မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သင် သိပါသလား

တောကန္တာရထဲမှာ အစ္စရေးလူတွေကို ဘုရားသခင် ဘာကြောင့် ငုံးတွေ ကျွေးခဲ့ရတာလဲ။

အီဂျစ်ပြည်ကနေ အစ္စရေးလူတွေ ထွက်လာပြီးနောက်မှာ သူတို့စားဖို့ ငုံးတွေကို နှစ်ခါ စေလွှတ်ပေးခဲ့တယ်။—ထွက်မြောက်ရာ ၁၆:၁၃; တောလည်ရာ ၁၁:၃၁

ငုံးတွေဟာ အရှည် ၇ လက်မလောက်၊ အလေးချိန် ၃.၅ အောင်စလောက်ရှိတဲ့ ငှက်ငယ်အမျိုးအစားဖြစ်တယ်။ အနောက်အာရှနဲ့ ဥရောပက ဒေသအတော်များများမှာ သားပေါက်တယ်။ မြောက်အာဖရိကနဲ့ အာရေဗျကျွန်းဆွယ်မှာ ဆောင်းခိုဖို့ ပြောင်းရွှေ့တဲ့အခါ မြေထဲပင်လယ် အရှေ့ဘက်ကမ်းခြေကို ဖြတ်ပြီး ဆိုင်းနိုင်းကျွန်းဆွယ်အပေါ် အုပ်လိုက် ပျံသန်းသွားကြတယ်။

ငုံးတွေဟာ “လေကိုအားပြုပြီး မြန်မြန်ဆန်ဆန် ပျံသန်းကြတယ်။ ဒါပေမဲ့ လေလမ်းကြောင်း ပြောင်းသွားမယ်ဆိုရင် ဒါမှမဟုတ် ခရီးဝေး ပျံသန်းလာရလို့ မောဟိုက်နေတယ်ဆိုရင် ငှက်အုပ်တစ်အုပ်လုံးဟာ မြေပေါ်ကို မူးလဲပြုတ်ကျလာတယ်” လို့ ကျမ်းစာအဘိဓာန်တစ်အုပ် (The New Westminster Dictionary of the Bible) မှာဖော်ပြထားတယ်။ ခရီးဆက်မသွားနိုင်ခင် ငှက်တွေဟာ မြေပေါ်မှာ တစ်ရက်နှစ်ရက် အနားယူကြတယ်။ အဲဒီအချိန်မှာ သူတို့ကို အလွယ်တကူ ဖမ်းနိုင်ကြတယ်။ ၂၀ ရာစုအစောပိုင်းမှာ အီဂျစ်နိုင်ငံဟာ နှစ်စဉ် ငုံးကောင်ရေ သုံးသန်းလောက်ကို တခြားနိုင်ငံတွေ တင်ပို့ကြတယ်။

အစ္စရေးလူတွေ ငုံးကောင်စားခဲ့ရတဲ့ အချိန်အခါနှစ်ခုစလုံးက နွေဦးရာသီမှာ ဖြစ်ပါတယ်။ ငုံးတွေဟာ နွေဦးရာသီအတွင်း ဆိုင်းနိုင်းဒေသအပေါ် မှန်မှန် ပျံသန်းသွားကြပေမဲ့ ယေဟောဝါဘုရားသခင်က မြေထဲပင်လယ်ဘက်ကနေ လေကို တိုက်စေတဲ့အခါ ငုံးတွေက အစ္စရေးလူတွေ တပ်စခန်းချတဲ့ဘက်ကို ရောက်သွားကြတယ်။—တောလည်ရာ ၁၁:၃၁

ယောဟန် ၁၀:၂၂ မှာ ဖော်ပြထားတဲ့ “အပ်နှံပွဲ” ဆိုတာ ဘာလဲ။

တဆေးမဲ့မုန့်ပွဲ၊ ပင်တေကုတ္တေပွဲနဲ့ စုသိမ်းပွဲဆိုတဲ့ ပွဲတော်သုံးမျိုးကို ကျင်းပကြဖို့ ဂျူးတွေကို ယေဟောဝါဘုရားသခင် မိန့်မှာခဲ့တယ်။ အဲဒီပွဲတော်သုံးမျိုးကို နွေဦး၊ နွေနှောင်းနဲ့ ဆောင်းဦးမှာ ကျင်းပကြတယ်။ ဒါပေမဲ့ ယောဟန် ၁၀:၂၂ မှာ ဖော်ပြထားတဲ့ ပွဲတော်က ဘီစီအီး ၁၆၅ မှာ ဘုရားသခင်ရဲ့ ဝတ်ပြုရာအိမ်တော်ကို ပြန်လည်အပ်နှံတဲ့ ပွဲဖြစ်ပြီး “ဆောင်းတွင်း” မှာ ကျင်းပကြတယ်။ အဲဒီပွဲကို ခိသလုလ (ဂျူးပြက္ခဒိန် နဝမမြောက် လ) ၂၅ ရက်နေ့ကစပြီး ဆောင်းယဉ်စွန်းချိန်နားအထိ ရှစ်ရက်ကြာ ကျင်းပခဲ့တယ်။ အဲဒီပွဲကို ဘာကြောင့် ကျင်းပခဲ့တာလဲ။

ဘီစီအီး ၁၆၈ မှာ ဆီးရီးယားပြည်က ဆီလူးဆဒ်မင်း အန်တိုင်းအားကပ်စ် ၄ (အီပီဖနစ္စ) က ဂျူးတွေရဲ့ ဝတ်ပြုရေးနဲ့ ဓလေ့ထုံးတမ်းတွေကို ဖယ်ရှားပြီး ဂျေရုဆလင်မြို့က ဘုရားသခင်ရဲ့ ဝတ်ပြုရာအိမ်တော်မှာရှိတဲ့ ယဇ်စင်မြင့်အပေါ်မှာ အယူမှားယဇ်စင်မြင့်ကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တယ်။ အဲဒီအယူမှားယဇ်စင်မြင့်မှာ ဂရိနတ်ဘုရားသခင် ဇုသအတွက် ယဇ်တွေ ပူဇော်ခဲ့ကြတယ်။

အဲဒီအပြုအမူကြောင့် မက္ကဘီးပုန်ကန်ဖို့ အကြောင်းပေါ်လာတယ်။ ဂျူဒက်စ် မက္ကဘီးလို့ခေါ်တဲ့ ဂျူးခေါင်းဆောင်ဟာ ဆီလူးဆဒ်မင်းကို တိုက်ခိုက်ပြီး ဂျေရုဆလင်မြို့ကို ပြန်လည်ရယူခဲ့တယ်။ အဲဒီနောက် ညစ်ညူးတဲ့ အယူမှားယဇ်စင်မြင့်ကို ဖြိုချလိုက်ပြီး ယဇ်စင်မြင့်အသစ် ဆောက်လိုက်တယ်။ နဂိုယဇ်စင်မြင့်ကို မတော်မလျော်ပြုခဲ့ပြီးတဲ့နောက် သုံးနှစ်တင်းတင်းပြည့်တဲ့အချိန်မှာ ဂျူဒက်စ်က ဘုရားသခင်ရဲ့ ဝတ်ပြုရာအိမ်တော်ကို သန့်ရှင်းရေးလုပ်ပြီး ပြန်လည်အပ်နှံခဲ့တယ်။ အဲဒီအချိန်ကစပြီး ဂျူးတွေဟာ “အပ်နှံပွဲ” (ဟီဘရူးလို ခါနကာ) ကို ဒီဇင်ဘာလရောက်တိုင်း ကျင်းပလာခဲ့ကြတယ်။ ကနေ့ခေတ်မှာ အဲဒီပွဲတော်ကို ဟာနကာလို့ လူသိများကြတယ်။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

၁၅၅၃ ခုနှစ်၊ လီအွန်မြို့က ဂျူဒက်စ် မက္ကဘီးရဲ့ရုပ်ပုံ

[စာမျက်နှာ ၁၄ အသိအမှတ်ပြုစာ]

From the book Scripture Natural History. Illustrated. 1876