မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အမှန်တရား

သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အမှန်တရား

သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အမှန်တရား

ဒီဆောင်းပါးတွဲတွေမှာ ဖော်ပြထားတဲ့အတိုင်း ဘုရားသခင်နဲ့ပတ်သက်တဲ့ လိမ်လည်မှုတွေထဲက တစ်ခုကို သင် ကြားဖူးမယ် ဒါမှမဟုတ် သွန်သင်ခံရနိုင်တယ်။ ဒါပေမဲ့ သင့်ရဲ့ယုံကြည်ချက်တွေ၊ အထူးသဖြင့် ကြာမြင့်စွာကတည်းက စွဲကိုင်လာတဲ့ ယုံကြည်ချက်တွေကို ပြောင်းလဲဖို့ တွန့်ဆုတ်ကောင်း တွန့်ဆုတ်နိုင်ပါတယ်။

အဲလိုတွန့်ဆုတ်တာကို နားလည်ပေးနိုင်ပါတယ်။ ဘာသာရေးခေါင်းဆောင်တချို့က သူတို့ရဲ့သွန်သင်ချက်တွေကို ကျမ်းစာမိန့်ဆိုရာနဲ့ မနှိုင်းယှဉ်ဖို့ အသင်းသားတွေကို တားမြစ်ထားတယ်။ ဘာသာရေးခေါင်းဆောင်တချို့ကျတော့ ကျမ်းစာက ခက်ခဲနက်နဲလွန်းတဲ့အတွက် ဘယ်သူမှ နားလည်နိုင်မှာမဟုတ်ဘူးလို့ ပြောပြီး သူတို့ရဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေကို သွတ်သွင်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ယေရှုရဲ့ တပည့်အများစုက သာမန်လူတန်းစားတွေဖြစ်ပြီး ယေရှုရဲ့သွန်သင်ချက်တွေကို အလွယ်တကူ သဘောပေါက်ခဲ့ကြတယ်။—တမန်တော် ၄:၁၃

သင့်ရဲ့ ယုံကြည်ချက်တွေ မှန်မမှန်ဆိုတာကို ဆန်းစစ်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် သင့်မှာ ယုံကြည်ခြင်းမရှိဘူးလို့ ယူဆနိုင်ဖွယ်ရှိတယ်။ ဒါပေမဲ့ ဘုရားသခင် တောင်းဆိုရာတွေကို နားလည်ဖို့ သမ္မာကျမ်းစာကို သင် ဖတ်ရှုလေ့လာတဲ့အတွက် ဘုရားသခင် နှစ်သက်မှာမဟုတ်ဘူးဆိုတာ အဓိပ္ပာယ်ရှိပါ့မလား။ တကယ်တော့ ကျမ်းစာကို ကိုယ်တိုင်ဆန်းစစ်လေ့လာဖို့ ဒီလိုအားပေးထားပါတယ်– “ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်မည်။”—ရောမ ၁၂:၂

ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကိုသိအောင် ရှာဖွေလေ့လာဖို့ အရေးကြီးပါတယ်။ အဲဒါက အသစ်အဆန်းတစ်ခုခုကို လေ့လာသိရှိနိုင်ရုံတင်မကဘူး သင့်ဘဝကိုလည်း ပိုပြီးတိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ (ယောဟန် ၈:၃၂) အဖွင့်ဆောင်းပါးမှာ ဖော်ပြထားတဲ့ ဒီယန်းဆိုတဲ့ အမျိုးသမီးဟာ အခုဆိုရင် သမ္မာကျမ်းစာကို ယုံကြည်စိတ်ချလာပါပြီ။ သူ ဒီလိုပြောပြတယ်– “ကျမ်းစာဖော်ပြချက်တွေက အရမ်းကို ရှင်းလင်းပြတ်သားတယ်ဆိုတာ အရင်က မသိခဲ့ဘူး။ အခုဆိုရင် ယေဟောဝါဘုရားသခင်ကို ခံစားချက်မဲ့တဲ့ ပုဂ္ဂိုလ်အဖြစ်မဟုတ်ဘဲ မေတ္တာရှင် ကောင်းကင်ခမည်းတော်အဖြစ် သိရှိလာပါပြီ။ စစ်မှန်တဲ့ ဘဝရည်ရွယ်ချက်လည်း ရှိလာပါပြီ။”

အရင်က သင်ဟာ အကျိုးခံစားရတယ်ဆိုတဲ့ ခံစားချက်မျိုးမရှိဘဲ ကျမ်းစာကို လေ့လာခဲ့ဖွယ်ရှိမယ်။ အဲဒီလိုသာဆိုရင် ဇွဲမလျှော့ဘဲ ဆက်လေ့လာသွားပါ။ ဘုရားသခင်နဲ့ပတ်သက်တဲ့ လိမ်ညာမှုတွေကို သင် သွန်သင်ခံရချိန်မှာ ကျမ်းစာကို နားလည်အောင် ကြိုးစားတာက ရုပ်ပုံကားချပ်အမှားကိုကြည့်ပြီး ရုပ်ဆက်ပန်းချီကား အပိုင်းအစလေးတွေကိုဆက်ဖို့ ကြိုးစားနေတာနဲ့တူတယ်။ အပိုင်းအစတချို့ကို မှန်မှန်ကန်ကန် ဆက်နိုင်ပေမဲ့ ပေးထားတဲ့ပုံနဲ့ မကိုက်ညီတဲ့အခါ စိတ်ပျက်ပြီး လက်လျှော့လိုက်တယ်။ ဒါပေမဲ့ ရုပ်ပုံကားချပ်အမှန်နဲ့ အစပြုမယ်ဆိုရင် အပိုင်းအစတွေကို သူ့နေရာနဲ့သူ မှန်မှန်ကန်ကန် ဆက်နိုင်ပါလိမ့်မယ်။

ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သင်ယူလေ့လာချင်ပါသလား။ အခမဲ့ ကျမ်းစာလေ့လာချင်တယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ဆက်သွယ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၄ မှာပါတဲ့ သင့်လျော်ရာလိပ်စာကို စာရေးနိုင်ပါတယ်။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

“ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်မည်။”—ရောမ ၁၂:၂