မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၄ ဘုရားသခင်က မတရားဘူး—မှန်ပါသလား

၄ ဘုရားသခင်က မတရားဘူး—မှန်ပါသလား

၄ ဘုရားသခင်က မတရားဘူး—မှန်ပါသလား

သင် ကြားသိထားရာ– “ဘုရားသခင်ဟာ ဒီလောကရဲ့ တာဝန်ခံဖြစ်ပြီး အရာရာတိုင်းက ကိုယ်တော်ရဲ့အလိုတော်ကြောင့် ဖြစ်ရတာ။ ကမ္ဘာပေါ်မှာ အဆင့်အတန်းခွဲခြားမှု၊ မတရားမှုနဲ့ ဖိနှိပ်မှုတွေ ပြည့်နှက်နေတဲ့အတွက် ဘုရားသခင်မှာ တာဝန်ရှိတယ်။”

ကျမ်းစာသွန်သင်ရာ– ကမ္ဘာပေါ်မှာ မတရားမှုတွေဖြစ်ရတာက ဘုရားသခင်ကြောင့် မဟုတ်ဘူး။ ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘[ဘုရားသခင်၏] အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီတော်မူ၏။’—တရားဟောရာ ၃၂:၄ကဘ။

ဘုရားသခင်ဟာ လူဆိုးလူကောင်း အားလုံးအပေါ် ရက်ရောတယ်။ ဥပမာ၊ “လူဆိုး၊ လူကောင်းတို့အပေါ် နေကို ထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေတော်မူ” တယ်။ (မဿဲ ၅:၄၅) လူမျိုးနဲ့ယဉ်ကျေးမှု အမျိုးမျိုးရှိကြတဲ့ လူတွေကို ကိုယ်တော် တန်းတူရည်တူ ဆက်ဆံတယ်။ ဒါကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။’—တမန်တော် ၁၀:၃၄၊ ၃၅

ဒါဆိုရင် မတရားမှု ဘာကြောင့်ဖြစ်ရတာလဲ။ လူအများစုဟာ ဘုရားသခင်ရဲ့ တရားမျှတမှု စံနမူနာကို မလိုက်လျှောက်ဘဲ မမျှမတ ပြုမူဖို့ ရွေးချယ်ကြလို့ပါပဲ။ (တရားဟောရာ ၃၂:၅) ဒါ့အပြင် ဘုရားသခင်ဟာ ကမ္ဘာကိုအုပ်ချုပ်ဖို့ ရန်သူစာတန်ကို ခွင့်ပြုထားတယ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ * (၁ ယောဟန် ၅:၁၉) ဒါပေမဲ့ စာတန်ကို ကမ္ဘာပေါ် အကြာကြီး အုပ်ချုပ်ခွင့် ပြုမှာမဟုတ်ဘူး။ ဘုရားသခင်ဟာ မိမိနည်းမိမိဟန်နဲ့ ‘စာတန်၏အမှုအရာများကို ချိုးဖျက်’ ဖို့ အစီအစဉ်ဆွဲထားပြီးပြီ။—၁ ယောဟန် ၃:၈

အမှန်တရားကို သိရှိခြင်းမှ အကူအညီရနိုင်ပုံ– အကျင့်ပျက်ပြားမှု၊ ဖိနှိပ်မှုနဲ့ မတရားမှုတွေနဲ့ပတ်သက်ပြီး အတောမသတ်နိုင်တဲ့ သတင်းတွေကြောင့် သင် စိတ်ရှုပ်ထွေးမိမှာပဲ။ ဆင်းရဲခက်ခဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို သိရှိထားမယ်ဆိုရင် အခြေအနေတွေ ဘာကြောင့် ဒီလောက်ဆိုးရွားနေတယ်၊ ကမ္ဘာကို ပိုမိုကောင်းမွန်လာအောင် လူသားတွေ အစွမ်းကုန် ကြိုးစားပေမဲ့ အရှုံးကြီးရှုံးနေတာ ဘာကြောင့်လဲဆိုတာကို သင် သဘောပေါက်လာပါလိမ့်မယ်။ (ဆာလံ ၁၄၆:၃) အချိန်နဲ့ခွန်အားတွေ စိုက်ထုတ်ပြီး မတည်မြဲတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ ကြိုးစားမယ့်အစား သင့်ရဲ့အနာဂတ်မျှော်လင့်ချက်ကို ဘုရားသခင့်ကတိတော်တွေ ယုံကြည်ကိုးစားခြင်းအပေါ် အခြေပြုထားပါ။—ဗျာ. ၂၁:၃၊ ၄

မတရားမှုဖြစ်ရတဲ့ အကြောင်းရင်းအမှန်ကို သိရှိထားခြင်းက အထူးသဖြင့် ကိုယ်ကိုယ်တိုင် အခက်အခဲကြုံရတဲ့အခါ သင့်ကို စိတ်သက်သာရာရစေတယ်။ ကျွန်ုပ်တို့ မတရားဆက်ဆံခံရတဲ့အခါ ဟဗက္ကုတ်လို့ခေါ်တဲ့ ရှေးသစ္စာရှိအမျိုးသား ပြောခဲ့တဲ့အတိုင်း ပြောဆိုနိုင်တယ်။ “တရားသည် အကျိုးမရှိဖြစ်လျက် တရားသဖြင့် စီရင်ဆုံးဖြတ်ခြင်း မရှိပါ” လို့ ဟဗက္ကုတ်ဆိုခဲ့တယ်။ (ဟဗက္ကုတ် ၁:၄) သူ အဲလိုပြောတဲ့အတွက် ဘုရားသခင် အပြစ်မတင်ခဲ့ပါဘူး။ အဲဒီအစား ကိစ္စရပ်တွေကို တည့်မတ်ပေးဖို့ အချိန်သတ်မှတ်ထားပြီးပြီဆိုတာ ဟဗက္ကုတ်ကို ယုံကြည်စိတ်ချစေတဲ့အပြင် အခက်အခဲကြားမှာတောင် ပျော်ပျော်ရွှင်ရွှင်နေဖို့ အကူအညီပေးခဲ့တယ်။ (ဟဗက္ကုတ် ၂:၂-၄; ၃:၁၇၊ ၁၈) အဲဒီလိုပဲ၊ မတရားမှုတွေကို ဖယ်ရှားပေးမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတွေကို ယုံကြည်စိတ်ချခြင်းက သင့်ကို မတရားတဲ့လောကမှာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် ထောက်ကူပေးပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 စာတန် ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကို သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၃ မှာဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

ဆင်းရဲခက်ခဲမှုတွေနဲ့ မတရားမှုတွေအတွက် ဘုရားသခင်မှာ တာဝန်ရှိပါသလား

[Picture Credit Line on page 7]

© Sven Torfinn/Panos Pictures