မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ပညတ်တွေက ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုသလဲ

ဘုရားသခင့်ပညတ်တွေက ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုသလဲ

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ဘုရားသခင့်ပညတ်တွေက ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုသလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ဘုရားသခင်ကို ဘာကြောင့် နာခံသင့်သလဲ။

ဘုရားသခင်ကို နာခံမှုပြရခြင်းက ကျွန်ုပ်တို့ကို ကိုယ်တော် ဖန်ဆင်းထားလို့ပါပဲ။ ယေရှုတောင် ဘုရားသခင်ကို အမြဲနာခံခဲ့တယ်။ (ယောဟန် ၆:၃၈; ဗျာ. ၄:၁၁) ဘုရားသခင့်ပညတ်တွေကို စောင့်ရှောက်မယ်ဆိုရင် ကိုယ်တော်ကို ကျွန်ုပ်တို့ ချစ်မြတ်နိုးတယ်ဆိုတာ ဖော်ပြရာရောက်တယ်။—၁ ယောဟန် ၅:၃ ကိုဖတ်ပါ။

ယေဟောဝါဘုရားသခင်ရဲ့ ပညတ်အားလုံးက ကျွန်ုပ်တို့ကောင်းကျိုးအတွက် ဖြစ်တယ်။ လက်ရှိအချိန်မှာ အကောင်းဆုံး ဘဝလမ်းစဉ်ကို သွန်သင်ပေးတဲ့အပြင် အနာဂတ်မှာ တည်မြဲတဲ့ အကျိုးကျေးဇူးတွေ ဘယ်လိုရရှိနိုင်တယ်ဆိုတာကိုလည်း ဖော်ပြပေးတယ်။—ဆာလံ ၁၉:၇၊ ၁၁; ဟေရှာယ ၄၈:၁၇၊ ၁၈ တို့ကိုဖတ်ပါ။

၂။ ဘုရားသခင့်ပညတ်တွေက ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲ။

ဘုရားသခင့်ပညတ်က မူးယစ်သောက်စားခြင်းကို ရှုတ်ချတဲ့အတွက် သေစေနိုင်တဲ့ ရောဂါနဲ့ မတော်တဆဖြစ်မှုတွေကနေ ကာကွယ်ပေးတယ်။ အရက်သေစာ အလွန်အကျွံ သောက်စားခြင်းက လူကို စွဲစေပြီး မိုက်မဲတဲ့အပြုအမူတွေကို ပြုမူစေတယ်။ (သု. ၂၃:၂၀၊ ၂၉၊ ၃၀) အရက်ယမကာ အသင့်အတင့် သောက်သုံးခြင်းကိုတော့ ဘုရားသခင် မတားမြစ်ပါဘူး။—ဆာလံ ၁၀၄:၁၅; ၁ ကောရိန္သု ၆:၁၀ တို့ကိုဖတ်ပါ။

မနာလိုခြင်း၊ ဒေါသကြီးခြင်းနဲ့ တခြားဆိုးညစ်တဲ့ သဘောထားတွေကိုလည်း ဘုရားသခင် သတိပေးထားတယ်။ ကိုယ်တော်ရဲ့ အကြံပေးစကားတွေကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံး လိုက်လျှောက်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုမှာဖြစ်တယ်။—သု. ၁၄:၃၀; ၂၂:၂၄၊ ၂၅ ကိုဖတ်ပါ။

၃။ ဘုရားသခင့်ပညတ်က ကျွန်ုပ်တို့ကို ဘယ်လိုကာကွယ်ပေးသလဲ။

ဘုရားသခင်ပညတ်က အိမ်ထောင်ဖက်မဟုတ်တဲ့သူနဲ့ ကိုယ်လက်နှီးနှောခြင်းကို တားမြစ်တယ်။ (ဟေဗြဲ ၁၃:၄) ဒီပညတ်ကို လိုက်လျှောက်တဲ့ ဇနီးမောင်နှံတွေဟာ လုံခြုံမှု ပိုခံစားရတဲ့အပြင် သားသမီးတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်းကျင်ကို ဖန်တီးပေးရာလည်း ရောက်တယ်။ ဒါပေမဲ့ အိမ်ထောင်ဖက်မဟုတ်တဲ့သူနဲ့ ကိုယ်လက်နှီးနှောမယ်ဆိုရင် ရောဂါ၊ ကွာရှင်းမှု၊ အကြမ်းဖက်မှု၊ စိတ်ဒဏ်ရာနဲ့ မိမစုံဖမစုံ မိသားစုတွေ ဖြစ်စေတယ်။—သု. ၅:၁-၉ ကိုဖတ်ပါ။

အိမ်ထောင်ဖက်မဟုတ်တဲ့သူနဲ့ ကိုယ်လက်နှီးနှောဖို့ သွေးဆောင်ခံရနိုင်တဲ့ အခြေအနေတွေကို ရှောင်ကြဉ်ခြင်းအားဖြင့် ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်မှုကို ကာကွယ်ကြတယ်။ ဒါ့အပြင် တခြားသူတွေ မနစ်နာရအောင် ရှောင်ကြဉ်ရာလည်းရောက်တယ်။—၁ သက်သာလောနိတ် ၄:၃-၆ ကိုဖတ်ပါ။

၄။ အသက်ကို တန်ဖိုးထားခြင်းက ဘယ်လိုအကျိုးပြုသလဲ။

ဘုရားသခင်ပေးထားတဲ့ အသက်ကို တန်ဖိုးထားတဲ့သူတွေဟာ ဆေးလိပ်သောက်ခြင်းနဲ့ အသက်အန္တရာယ်ရှိစေတဲ့ အမူအကျင့်တွေလိုမျိုး အကျင့်ဆိုးတွေကို စွန့်လွှတ်လိုက်တဲ့အခါ ကျန်းမာရေးအကျိုးကျေးဇူးတွေ ခံစားရတယ်။ (၂ ကောရိန္သု ၇:၁) သားအိမ်ထဲမှာရှိတဲ့ သန္ဓေသားရဲ့ အသက်ကိုတောင် ဘုရားသခင် တန်ဖိုးထားတယ်။ (ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃) ဒါကြောင့် တမင်တကာ ကိုယ်ဝန်မဖျက်ချသင့်ဘူး။ ဒါ့အပြင် အသက်ကို တန်ဖိုးထားတဲ့သူတွေဟာ အလုပ်ခွင်မှာ၊ အိမ်မှာနဲ့ ကားမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားကြတယ်။ (တရားဟောရာ ၂၂:၈) အသက်ဟာ ဘုရားသခင်ဆီက ရရှိတဲ့ ဆုလက်ဆောင်ဖြစ်တဲ့အတွက် အသက်ကို အပျော်သဘောနဲ့ မစွန့်စားကြဘူး။—ဆာလံ ၃၆:၉ ကိုဖတ်ပါ။

၅။ အသွေးရဲ့မြင့်မြတ်မှုက ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုသလဲ။

အသွေးက အသက်ကို ကိုယ်စားပြုတဲ့အတွက် ဘုရားသခင့်အမြင်မှာ အသွေးက မြင့်မြတ်တယ်။ (ကမ္ဘာဦး ၉:၃၊ ၄) ဘုရားသခင့်ပညတ်မှာ အသွေးက အသက်နဲ့ တန်ဖိုးချင်းတူတဲ့အတွက် ကျွန်ုပ်တို့ကို အကျိုးပြုတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ အသွေးကြောင့် အပြစ်တွေကနေ ခွင့်လွှတ်မှုရရှိနိုင်ပါတယ်။—ဝတ်ပြုရာ ၁၇:၁၁-၁၃; ဟေဗြဲ ၉:၂၂ တို့ကိုဖတ်ပါ။

ယေရှုဟာ စုံလင်တဲ့လူသားဖြစ်တဲ့အတွက် ကိုယ်တော်ရဲ့အသွေးက အရမ်းတန်ဖိုးရှိတယ်။ ယေရှုဟာ လူသားတွေအတွက် မိမိအသက်ကို ပူဇော်ပြီးတဲ့နောက် အသက်ကို ကိုယ်စားပြုတဲ့ အသွေးရဲ့တန်ဖိုးကို ဘုရားသခင်ဆီ ဆက်သလိုက်တယ်။ (ဟေဗြဲ ၉:၁၂) ကိုယ်တော်သွန်းလောင်းခဲ့တဲ့ အသွေးက ကျွန်ုပ်တို့ကို ထာဝရအသက် ရရှိစေနိုင်ပါတယ်။—မဿဲ ၂၆:၂၈; ယောဟန် ၃:၁၆ တို့ကိုဖတ်ပါ။

ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၂ နဲ့ ၁၃ မှာ ဖတ်ကြည့်နိုင်ပါတယ်။