မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အပေါ် တာဝန်ကျေပါ

ဘုရားသခင်အပေါ် တာဝန်ကျေပါ

ဘုရားသခင်ထံ ချဉ်းကပ်ကြပါ

ဘုရားသခင်အပေါ် တာဝန်ကျေပါ

‘ဘဝရည်ရွယ်ချက်ဆိုတာ ဘာလဲ’ ဆိုပြီး သင် မေးဖူးသလား။ ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ကို အဲလိုမေးခွန်းမျိုး မေးတတ်ဖို့လောက်သာမက အဲဒီမေးခွန်းရဲ့အဖြေကို အရမ်းသိချင်တဲ့စိတ်ပါ ပေးထားပါတယ်။ အဖြေကိုတွေ့အောင်လည်း ဘုရားသခင် ပြင်ဆင်ပေးထားတဲ့အတွက် ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ကျွန်ုပ်တို့သိချင်တဲ့အဖြေက သမ္မာကျမ်းစာမှာ ရှိပါတယ်။ အဲဒါကိုသိနိုင်ဖို့ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ရှေးခေတ်အစ္စရေးဘုရင် ရှောလမုန်ရဲ့စကားတွေကို သုံးသပ်ကြည့်ရအောင်။ဒေ. ၁၂:၁၃

ဘုရင်ရှောလမုန်ဟာ သမ္ဘာရင့်၊ ဝါရင့်ပုဂ္ဂိုလ်ဖြစ်တယ်။ ဘဝရဲ့အဓိပ္ပာယ်နဲ့ ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာ သူ ကောင်းကောင်း ပြောပြနိုင်ပါတယ်။ သူဟာ သာမန်ထက် ထူးကဲတဲ့ ဉာဏ်ပညာ၊ စည်းစိမ်ဥစ္စာ ပေါများကြွယ်ဝမှုနဲ့ ဘုရင့်အခွင့်အာဏာကို ရရှိပိုင်ဆိုင်ထားတဲ့အပြင် စည်းစိမ်နဲ့ ထင်ပေါ်ကျော်ကြားမှုအပါအဝင် လူတို့လိုက်စားရာတွေကိုပါ အသေအချာ ရှာဖွေလေ့လာနိုင်ခဲ့တယ်။ (ဒေ. ၂:၄-၉; ၄:၄) အဲဒီနောက် သူရှာဖွေတွေ့ရှိရာတွေကို ဘုရားသခင့်စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုနဲ့ ဒီလိုအကျဉ်းချုံး ဖော်ပြခဲ့တယ်–“အချုပ်အခြာစကားဟူမူကား [စစ်မှန်သော] ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံ [“မခြွင်းမချန် လိုက်နာရမည့် ဝတ္တရား၊” ကဘ] တို့ကို ချုပ်ခြာသတည်း။” လူ့ကြိုးပမ်းမှုတွေထဲမှာ အကျိုးအရှိဆုံးနဲ့ အမြင့်မြတ်ဆုံး ကြိုးပမ်းမှုကို အဲဒီစကားတွေမှာ ဖော်ပြထားပါတယ်။

‘စစ်မှန်သော ဘုရားသခင်ကို ကြောက်ရွံ့ပါ။’ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုတဲ့ အယူအဆက အစပိုင်းမှာ နှစ်သက်စရာကောင်းပုံ မပေါ်ဘူး။ ဒါပေမဲ့ အဲဒီကြောက်ရွံ့တဲ့စိတ်က ချစ်ကြောက်ရိုသေတဲ့ စိတ်သဘောထားဖြစ်တယ်။ ခက်ထန်ပြီး ဒေါသကြီးတဲ့ သခင်ကို ဖိမ့်ဖိမ့်တုန် ကြောက်လန့်နေတဲ့ ကျွန်တစ်ယောက်ကိုမဟုတ်ဘဲ မေတ္တာပြည့်ဝတဲ့ ဖခင်ရဲ့ နှစ်သက်လက်ခံမှုကိုရချင်တဲ့ ကလေးတစ်ယောက်ကို စဉ်းစားကြည့်နိုင်ပါတယ်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုတာ “ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော်ရဲ့ တန်ခိုးနဲ့ ကြီးမြတ်မှုကို လေးမြတ်တဲ့အတွက် ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်သူတွေ ပြသတဲ့ ကြည်ညိုလေးစားပြီး ခန့်ညားတဲ့သဘော” ဖြစ်တယ်လို့ အကိုးအကားစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်မြတ်နိုးပြီး ကိုယ်တော်လည်း ကျွန်ုပ်တို့ကို ချစ်မြတ်နိုးတယ်ဆိုတာကို သိထားတဲ့အတွက် အဲဒီသဘောထားက ကိုယ်တော်ရဲ့အလိုတော်ကို ထမ်းဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ အဲဒီလိုကြောက်ရွံ့မှုမျိုးက ခံစားချက်သက်သက်မဟုတ်ဘဲ လုပ်ရပ်တွေနဲ့ ဖော်ပြတဲ့ အကျိုးပြုကြောက်ရွံ့ခြင်းဖြစ်တယ်။ အဲဒါကို ဘယ်လိုနည်းနဲ့ ဖော်ပြကြမလဲ။

‘ပညတ်တော်တို့ကို စောင့်ရှောက်ပါ။’ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းက ကိုယ်တော့်ကို နာခံဖို့ လှုံ့ဆော်ပေးတယ်။ အဲဒါက ဘုရားသခင်ကို နာခံမှုပြရမယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ ကုန်ပစ္စည်းထုတ်လုပ်သူတစ်ဦးဟာ မိမိတီထွင်ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းကို အသုံးပြုနိုင်တဲ့ အကောင်းဆုံးနည်းကို သိရှိထားသလိုပဲ ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်တဲ့ ဘုရားသခင်လည်း ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ဖို့ အကောင်းဆုံးလမ်းစဉ်ကို သိရှိထားပါတယ်။ ဒါ့အပြင် ဘုရားသခင်ဟာ ကျွန်ုပ်တို့အကျိုးကို အရမ်းလိုလားတယ်။ ကျွန်ုပ်တို့ကို ပျော်ရွှင်စေလိုတယ်။ ကိုယ်တော်ရဲ့တောင်းဆိုချက်တွေက ကျွန်ုပ်တို့အကျိုးအတွက်ပါပဲ။ (ဟေရှာယ ၄၈:၁၇) ဒါကို တမန်တော် ယောဟန်က ဒီလိုဖော်ပြတယ်– “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်မဟုတ်။” (၁ ယောဟန် ၅:၃) ကိုယ်တော်ရဲ့ပညတ်တွေက ကျွန်ုပ်တို့ကို ကိုယ်တော်ချစ်မြတ်နိုးတယ်ဆိုတာ ဖော်ပြပြီး ကျွန်ုပ်တို့ရဲ့နာခံမှုက ကိုယ်တော်ကို ကျွန်ုပ်တို့ ချစ်မြတ်နိုးတယ်ဆိုတာ ဖော်ပြတယ်။

‘လူတို့ မခြွင်းမချန် လိုက်နာရမည့် ဝတ္တရားဖြစ်သည်။’ ဒီစကားတွေက ဘုရားသခင်ကို ကြောက်ရွံ့ဖို့နဲ့ ကိုယ်တော်ကို နာခံဖို့ အရေးကြီးရတဲ့ အကြောင်းရင်းကို ပေါ်လွင်စေတယ်။ အဲဒီလိုလုပ်ဆောင်ဖို့က ကျွန်ုပ်တို့ရဲ့ တာဝန်ဖြစ်တယ်။ ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်ဖြစ်တဲ့အတွက် ကျွန်ုပ်တို့ရဲ့အသက်ကို ကိုယ်တော် ပိုင်ဆိုင်တယ်။ (ဆာလံ ၃၆:၉) ဒါကြောင့် ကိုယ်တော်ကိုနာခံဖို့ တာဝန်ရှိတယ်။ ကိုယ်တော်ရဲ့အလိုတော်အတိုင်း နေထိုင်မယ်ဆိုရင် ကိုယ်တော့်အပေါ် တာဝန်ကျေရာကျတယ်။

ဒါဆိုရင် ဘဝရည်ရွယ်ချက်က ဘာလဲ။ ရိုးရိုးလေးပြောရမယ်ဆိုရင် ကျွန်ုပ်တို့ ဒီကမ္ဘာပေါ်ရှိနေရတာက ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ဖို့ပါပဲ။ ဘဝကို အဓိပ္ပာယ်ပြည့်ဝစေဖို့ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းမရှိဘူး။ ယေဟောဝါဘုရားသခင်ရဲ့အလိုတော်နဲ့ သင့်ဘဝကို အဲဒီအတိုင်း ဘယ်လိုနေထိုင်မလဲဆိုတာကို ပိုပြီးမသိချင်ဘူးလား။ ယေဟောဝါသက်သေတွေက သင့်ကို ကူညီပေးချင်ကြပါတယ်။

နိုဝင်ဘာလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

သုတ္တံ ၂၂-၃၁။ ဒေသနာ ၁-၁၂။ ရှောလမုန်သီချင်း ၁-၈