မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သင် သိပါသလား

ဂျေရုဆလင်မြို့က ဝတ်ပြုရာအိမ်တော်ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လိုငွေကြေးထောက်ပံ့သလဲ။

ဝတ်ပြုရာအိမ်တော်က လုပ်ဆောင်မှုအမျိုးမျိုးကို အခွန်ငွေ၊ အထူးသဖြင့် မဖြစ်မနေပေးရတဲ့ ဆယ်ဖို့တစ်ဖို့ အလှူငွေနဲ့ ထောက်ပံ့တယ်။ ဒါပေမဲ့ တခြားအခွန်ငွေတွေကိုလည်း အသုံးပြုပါသေးတယ်။ ဥပမာ၊ ဝတ်ပြုရာတဲတော် တည်ဆောက်ချိန်က လူဦးရေစာရင်းဝင်သူတိုင်း ရှယ်ကယ်လ်လို့ခေါ်တဲ့ ငွေဒင်္ဂါးတစ်ပြားရဲ့ တစ်ဝက်တန်ဖိုးကို ‘ထာဝရဘုရားသခင်အား’ ပေးလှူရမယ်ဆိုတဲ့ ဘုရားသခင့်ညွှန်ကြားချက်ကို မောရှေ ရရှိခဲ့တယ်။—ထွက်မြောက်ရာ ၃၀:၁၂-၁၆

သတ်မှတ်ထားတဲ့ အဲဒီငွေပမာဏကို နှစ်စဉ် ဝတ်ပြုရာအိမ်တော်အခွန်အဖြစ် ပေးလှူတာက ဂျူးထုံးစံဖြစ်လာတဲ့ပုံရတယ်။ ငါးတစ်ကောင်ရဲ့ပါးစပ်ထဲက ရလာတဲ့ ငွေတစ်ပြားကိုယူပြီး အခွန်ဆောင်ဖို့ ပေတရုကို ယေရှု ညွှန်ကြားခဲ့တုန်းက အဲဒီအခွန်အတွက်ဖြစ်တယ်။—မဿဲ ၁၇:၂၄-၂၇

လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝတ်ပြုရာအိမ်တော်အခွန် ပေးဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြားနှစ်ပြားကို ဂျေရုဆလင်မြို့မှာ တွေ့ရှိခဲ့တယ်။ စီအီး ၂၂၊ တိုင်ရာမြို့မှာ သွန်းခဲ့တဲ့ ဒင်္ဂါးတစ်ပြားကို ပထမရာစုတုန်းက ဖောက်ခဲ့တဲ့ ရေနုတ်မြောင်းတစ်ခုထဲမှာ တွေ့ရှိခဲ့တာဖြစ်တယ်။ အဲဒီဒင်္ဂါးပြားရဲ့တစ်ဖက် မျက်နှာပြင်ပေါ်မှာ တိုင်ရာမြို့ရဲ့ အကြီးဆုံးနတ်ဘုရား ဗာလ ဒါမှမဟုတ် မဲလ်ကာ့တ်ရဲ့ ဦးခေါင်းပုံပါပြီး နောက်တစ်ဖက်မှာတော့ ရွက်သင်္ဘောရဲ့ ဦးပိုင်းပေါ် နားနေတဲ့ လင်းယုန်ငှက်ပုံ ပါရှိတယ်။ နောက်ဒင်္ဂါးတစ်ပြားကို ဝတ်ပြုရာအိမ်တော် တည်ရှိရာ တောင်ကုန်းကနေ ဖယ်ရှားလိုက်တဲ့ အုတ်ပုံထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီဒင်္ဂါးပေါ်မှာ ရောမတွေကို ဂျူးတွေ ပုန်ကန်ခဲ့တဲ့ ဦးဆုံးနှစ် စီအီး ၆၆ ဆိုတဲ့ ရက်စွဲတပ်ထားတယ်။ ဖလားတစ်ခုနဲ့ သလဲဖူး သုံးဖူးအပြင် “ရှယ်ကယ်လ်တစ်ဝက်” နဲ့ “သန့်ရှင်းသော ဂျေရုဆလင်” ဆိုတဲ့ စာတန်းတွေလည်း ပါရှိတယ်။ အဲဒီတွေ့ရှိချက်နဲ့ပတ်သက်ပြီး အဲဒီဒင်္ဂါးပြားမှာ “မီးဒဏ်ခံထားရတဲ့ လက္ခဏာတွေ” ရှိနေတယ်၊ “စီအီး ၇၀ မှာ ဒုတိယဝတ်ပြုရာအိမ်တော်ကို မီးရှို့ဖျက်ဆီးခဲ့တုန်းက ဖြစ်နိုင်ဖွယ်ရှိတယ်” လို့ပါမောက္ခ ဂေဘရီရယ်လ် ဘာကေးက ဆိုတယ်။

ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာရဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေက ဘယ်လောက် ကြီးကျယ်သလဲ။

နေဗုခဒ်နေဇာ ပြောခဲ့တဲ့စကားကို ကျမ်းစာမှာ ဒီလိုမှတ်တမ်းတင်ထားတယ်– ‘ဤမြို့ကား ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့ ငါ့တန်ခိုးအာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လော။’ (ဒံယေလ ၄:၃၀) ရှေးခေတ်ဗာဗုလုန်မြို့ကြီးက တကယ်ပဲ ကြီးကျယ်ခဲ့ပါသလား။

နေဗုခဒ်နေဇာဟာ ဝတ်ကျောင်းတွေ၊ နန်းတော်တွေ၊ မြို့ရိုးတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ မိုးပျံဥယျာဉ်တစ်ခုကို တည်ဆောက်ခဲ့တယ်ဆိုပြီး သမိုင်းပညာရှင်တွေက အသိအမှတ်ပြုကြတယ်။ ဗာဗုလုန်မြို့လယ်ခေါင်မှာရှိတဲ့ အထင်ကရ ဝတ်ကျောင်းတော်ကြီးမှာ အမြင့်ပေ ၂၃၀ ကျော်ရှိနိုင်တဲ့ မျှော်စင်ကြီးတစ်ခု ရှိတယ်။ ဒါပေမဲ့ “[နေဗုခဒ်နေဇာရဲ့] ပြီးမြောက်မှုတွေထဲမှာ အထင်ရှားဆုံးက စီတန်းလှည့်လည်ရာမှာသုံးတဲ့ လမ်းမကြီးနဲ့ အစ်ရှ်တာမုခ်ဝ ဖြစ်တယ်” ဆိုပြီး စာအုပ်တစ်အုပ် (Babylon—City of Wonders) မှာဖော်ပြထားတယ်။ အစ်ရှ်တာမုခ်ဝကို ဖြတ်သွားတဲ့ အဲဒီလမ်းမကြီးကို လမ်းလျှောက်နေဟန် ခြင်္သေ့ပန်းပုရုပ်တွေနဲ့ အလှဆင်ထားတယ်။ ဗာဗုလုန်မြို့ရဲ့ အခမ်းနားဆုံး ဝင်ပေါက်ဖြစ်တဲ့ အစ်ရှ်တာမုခ်ဝနဲ့ပတ်သက်ပြီး ဖော်ပြပါစာအုပ်ထဲမှာ ဒီလိုရေးထားတယ်– “မြို့တော်ထဲကို ဝင်သွားတော့မယ့် ရှေးခေတ်ဧည့်သည်အနေနဲ့ အပြာရင့်ရောင် စဉ့်ရည်သုတ်ထားတဲ့ အုတ်တွေ၊ ရာနဲ့ချီရှိတဲ့ ချီတက်နေဟန် နွားရုပ်တွေ၊ နဂါးရုပ်တွေနဲ့ အလှဆင်ထားတဲ့ မုခ်ဝကို တွေ့မြင်လိုက်တဲ့အခါ တစ်သက်မမေ့နိုင်စရာပဲ။”

၂၀ ရာစုအစပိုင်းမှာ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ စီတန်းလှည့်လည်ရာ လမ်းမကြီးနဲ့ အစ်ရှ်တာမုခ်ဝရဲ့ အပိုင်းအစ ရာပေါင်းများစွာ တူးဖော်တွေ့ရှိခဲ့ပြီး အဲဒီအပိုင်းအစ တော်တော်များများကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ ပါဂမံပြတိုက်မှာ ပြန်လည်တည်ဆောက် ပြသထားတယ်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ပကတိအရွယ်အစား

[Credit Lines]

အပေါ်– Clara Emit, Courtesy of Israel Antiquities Authority; bottom: Zev Radovan

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

ပြန်လည်တည်ဆောက်ထားတဲ့ အစ်ရှ်တာမုခ်ဝ