ကျမ်းစာပရောဖက် ပြုချက်ကို ဘယ်သူ အနက်ဖွင့်ဆိုနိုင်သလဲ
ကျမ်းစာပရောဖက် ပြုချက်ကို ဘယ်သူ အနက်ဖွင့်ဆိုနိုင်သလဲ
မဟာအလက်ဇန္ဒားခေတ်တုန်းက ဂေါ်ဒီရပ်ရဲ့ ကြိုးထုံး (Gordian knot) ကို အဆန်းကြယ်ဆုံးအရာ ဖြစ်တယ်လို့ အဆိုရှိခဲ့တယ်။ အဲဒီကြိုးထုံးကို ဖြေပေးနိုင်တဲ့သူက ဉာဏ်ပညာရှိပြီး ဒီထက်မက အောင်မြင်မူတွေရရှိမယ်လို့ လူတွေ ယူမှတ်ကြတယ်။ * အလက်ဇန္ဒားက ကြိုးထုံးကို သူ့ဓားနဲ့ တစ်ချက်တည်းခုတ်ပြီးတော့ ပွဲသိမ်းပေးလိုက်တယ်။
ခေတ်ကာလတစ်လျှောက်မှာ ဉာဏ်ပညာရှိတဲ့ သူတွေဟာ ရှုပ်ထွေးနေတဲ့ ကြိုးထုံးတွေကို ဖြေဖို့သာမက စကားထာတွေကို အဓိပ္ပာယ်ဖော်ဖို့၊ ကြိုဟောချက်တွေကို အနက်ဖွင့်ဆိုဖို့၊ အနာဂတ်ကို ကြိုဟောဖို့ပါ ကြိုးစားခဲ့ကြတယ်။
အများအားဖြင့် ကျမ်းစာကြိုဟောချက်တွေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက်ကျတော့ အခက်တွေ့ခဲ့ကြတယ်။ ဥပမာ၊ ဆူညံပွက်လောရိုက်နေတဲ့ စားသောက်ပွဲကြီးမှာ ဗေလရှာဇာမင်းရဲ့ နန်းတော်နံရံကနေ ပေါ်လာတဲ့ ထူးဆန်းတဲ့ လက်ရေးစာတွေကို ဗာဗုလုန်ပညာရှိတွေ အနက်မဖွင့်ဆိုနိုင်ကြပါဘူး။ ယေဟောဝါဘုရားသခင်ရဲ့ သက်ကြီးရွယ်အိုပရောဖက် (ကြိုဟောသူ) ဒံယေလဟာ ကြိုဟောချက်တွေကို အနက်ဖွင့်ဆိုနိုင်တယ်လို့ နာမည်ကြီးတယ်။ အဲဒီလက်ရေးစာတွေကို သူ အနက်ဖွင့်ပေးနိုင်ခဲ့တယ်။ (ဒံယေလ ၅:၁၂) အဲဒီစာတွေက ဗာဗုလုန်အင်ပါယာ ပြိုလဲမယ်ဆိုတဲ့ ကြိုဟောချက်ဖြစ်ပြီး ညတွင်းချင်းပဲ ပြည့်စုံသွားခဲ့ပါတယ်။—ဒံယေလ ၅:၁၊ ၄-၈၊ ၂၅-၃၀။
ပရောဖက်ပြုချက်ဆိုတာ ဘာကိုပြောတာလဲ
ပရောဖက်ပြုချက်ဆိုတာ မှတ်တမ်းတင်ချိန်မှာ မဖြစ်သေးဘဲ အနာဂတ်မှာ ဖြစ်ပျက်မယ့်အရာတွေကို ကြိုဟောခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ စစ်မှန်တဲ့ပရောဖက်ပြုချက်က ဘုရားသခင်ဆီကလာတဲ့ သတင်းစကားဖြစ်ပြီး ဘုရားသခင်ရဲ့အလိုတော်၊ ရည်ရွယ်ချက်တွေနဲ့ဆိုင်တဲ့ ဖော်ပြချက်ကို ရေးသားထားတာ ဒါမှမဟုတ် ပြောဆိုတာဖြစ်တယ်။ မေရှိယ ပေါ်ထွန်းမယ့်အချိန်၊ မေရှိယ မည်သူမည်ဝါဖြစ်တယ်၊ “ဤလောကစနစ်နိဂုံးပိုင်း” နဲ့ ဘုရားသခင် တရားစီရင်မယ့် သတင်းစကားတွေနဲ့ပတ်သက်တဲ့ ကြိုဟောချက်တွေကို သမ္မာကျမ်းစာမှာ တွေ့ရပါတယ်။—မဿဲ ၂၄:၃; ဒံယေလ ၉:၂၅။
ကနေ့ခေတ် သိပ္ပံပညာ၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ တခြားနယ်ပယ်တွေမှာ ကျွမ်းကျင်ပါတယ်လို့ဆိုတဲ့ ပညာရှင်တွေဟာ အနာဂတ်ကို ဟောကိန်းထုတ်ဖို့ ကြိုးစားကြတယ်။ အဲဒီဟောကိန်း အတော်များများကို မီဒီယာတွေကနေတစ်ဆင့် လူသိရှင်ကြား ထုတ်လွှင့်ပြီး လူတွေကလည်း အဲဒီအချက်တွေကို အငမ်းမရ ရှာဖွေဖတ်ရှုကြတယ်။ တကယ်တော့ အဲဒါတွေက သူတို့ရဲ့ အသိပညာအပေါ် အခြေခံပြီး ခန့်မှန်းထားတာတွေ ဖြစ်ပါတယ်။ ဒီအပြင် ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်တိုင်း အဲဒါနဲ့ဆန့်ကျင်တဲ့ ယူဆချက်တွေ၊ တန်ပြန်အငြင်းပွားမှုတွေ အမြဲတမ်းရှိနေတယ်။ ဒါကြောင့် အနာဂတ်ကို ဟောကိန်းထုတ်တဲ့ လုပ်ငန်းဟာ အရမ်းအန္တရာယ်များပါတယ်။
စစ်မှန်တဲ့ပရောဖက်ပြုချက်ရဲ့ ရင်းမြစ်
ဒါဆိုရင် စစ်မှန်တဲ့ပရောဖက်ပြုချက်တွေက ဘယ်ကနေ လာတာလဲ။ အဲဒီပရောဖက်ပြုချက်တွေကို ဘယ်သူက အနက်ဖွင့်ဆိုနိုင်သလဲ။ တမန်တော်ပေတရု ဒီလိုရေးခဲ့တယ်– “ကျမ်းစာပရောဖက်ပြုချက်သည် တစ်ဦးတစ်ယောက်၏ ဖွင့်ဆိုချက်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း သင်တို့ ဦးစွာသိရှိကြ၏။” (၂ ပေတရု ၁:၂၀) “ဖွင့်ဆိုချက်” ဆိုတဲ့ ဂရိစကားလုံးဟာ “ဖြေရှင်းတာ၊ ဖွင့်ပြတာ” လို့ အဓိပ္ပာယ်ရပြီး “ချည်ထားတဲ့ ကြိုးထုံး ပြေသွားတယ်” ဆိုတဲ့ သဘောတရားနဲ့လည်း ဆင်တူပါတယ်။ ဒါကြောင့် ဘာသာပြန်ကျမ်းတစ်အုပ်က ဖွင့်ဆိုချက်ကို “ပြေသွားခြင်း” လို့ ပြန်ဆိုထားတယ်။
သင်္ဘောသားတစ်ယောက်ဟာ ကြိုးတစ်ချောင်းကို ရှုပ်ထွေးနေတဲ့ ကြိုးထုံးဖြစ်အောင် ကျွမ်းကျွမ်းကျင်ကျင် ချည်နေတာကို မြင်ယောင်ကြည့်ပါ။ သာမန်လူတစ်ယောက်ဟာ ရှုပ်ထွေးနေတဲ့ ကြိုးထုံးထဲက ကြိုးစတွေကို မြင်နေရပေမဲ့ ဘယ်လိုဖြေရမလဲဆိုတာ မသိပါဘူး။ အဲဒီလိုပါပဲ၊ အနာဂတ်ကို ခက်ခဲရှုပ်ထွေးစေတဲ့ လက်ရှိအခြေအနေတွေကို လူတွေ တွေ့မြင်နေရပေမဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ သူတို့ အသေအချာ မသိပါဘူး။
ဒံယေလလိုမျိုး ရှေးခေတ်က ဘုရားသခင်ရဲ့ ပရောဖက်တွေဟာ သူတို့အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို သူတို့နည်းသူတို့ဟန်နဲ့ ၂ ပေတရု ၁:၂၁။
မဆန်းစစ်ခဲ့တဲ့အပြင် ကြိုဟောခြင်းအားဖြင့်လည်း ရှုပ်ထွေးတဲ့ အနာဂတ်ကို အနက်ဖွင့်ဖို့ မကြိုးစားခဲ့ကြပါဘူး။ ဘုရားသခင်ရဲ့ ပရောဖက်တွေက ကနေ့ခေတ် နိုင်ငံရေးသမားတွေနဲ့ မတူပါဘူး။ သူတို့သဘောနဲ့သူတို့ ကြိုမဟောတဲ့အပြင် ဘုရားသခင် ဟောခိုင်းလို့ သူတို့ ကြိုဟောခဲ့ရင်တောင် အဲဒီအတိုင်းဖြစ်လာအောင် ကြိုးကိုင်ခြယ်လှယ်ဖို့ မကြိုးစားကြဘူး။ လူတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ကြိုဟောကြမယ်ဆိုရင် အဲဒီဟောကိန်းတွေက အခြေအမြစ်မရှိတဲ့ ဟောကိန်းတွေသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပေတရုက ဒီလိုဆက်ရှင်းပြခဲ့တယ်– “အကြောင်းမူကား ပရောဖက်ပြုချက်မည်သည် လူ့အလိုအားဖြင့် မည်သည့်အခါမျှ ဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ ပရောဖက်ပြုခြင်းဖြစ်၏။”—“အိပ်မက်အနက်များသည် ဘုရားသခင်နှင့်ဆိုင်”
လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၇၀၀ လောက်က အမျိုးသားနှစ်ဦးဟာ အီဂျစ်ထောင်ထဲမှာ အကျဉ်းချခံခဲ့ရတယ်။ သူတို့နှစ်ဦးစလုံးက စိတ်ဝင်စားစရာ အိပ်မက်တွေ မက်ခဲ့ကြတယ်။ သူတို့တိုင်းပြည်က ပညာရှိတွေနဲ့ တွေ့ခွင့်မရတဲ့အတွက် အကျဉ်းသားဖော်ဖြစ်တဲ့ ယောသပ်ကို သူတို့ စိတ်ရှုပ်ထွေးနေတဲ့အကြောင်း ပြောပြပြီး “ငါတို့သည် အိပ်မက်ကို မြင်ရပြီ။ အနက်ကို ဖတ်နိုင်သောသူ မရှိ” ဘူးလို့လည်း ပြောတယ်။ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူ ယောသပ်က သူတို့ရဲ့ အိပ်မက်ကို ပြောပြခိုင်းပြီး “အိပ်မက်အနက်များသည် ဘုရားသခင်နှင့်ဆိုင်” တယ်လို့ သူတို့ကို ရှင်းပြတယ်။ (ကမ္ဘာဦး ၄၀:၈၊ သမ္မာ) အတွေ့အကြုံရှိတဲ့ သင်္ဘောသားကပဲ ရှုပ်ထွေးနေတဲ့ ကြိုးထုံးတွေကို ဖြေပေးနိုင်သလို ယေဟောဝါဘုရားသခင်ကပဲ ဟောကိန်းတွေကို ဖွင့်ပြနိုင်စွမ်းရှိပါတယ်။ တကယ်တော့ အရင်ဆုံး ပရောဖက်ပြုတာလည်း ဘုရားသခင်ဖြစ်သလို အနက်အဓိပ္ပာယ်ကို သတ်မှတ်ထားချိန်မှာ ဖွင့်ပြတာလည်း ဘုရားသခင်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဟောကိန်းတွေရဲ့ အဓိပ္ပာယ်ကို သိရှိဖို့ ဘုရားသခင်ကို ကျွန်ုပ်တို့ မျှော်ကိုးတာ သဘာဝကျပါတယ်။ ယောသပ် အနက်ဖွင့်ဆိုနိုင်တာကလည်း ဘုရားသခင်ကြောင့် ဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လိုသဘောနဲ့ “အိပ်မက်အနက်များသည် ဘုရားသခင်နှင့်ဆိုင်” တာလဲ။ ဘုရားသခင်နဲ့ဆိုင်တယ်လို့ ပြောရတဲ့အကြောင်းရင်း အတော်များများ ရှိပါတယ်။ ကျမ်းစာထဲမှာ ကြိုဟောချက်တချို့ကို ပြည့်စုံမှုနဲ့တွဲပြီး မှတ်တမ်းတင်ထားတယ်။ ကြိုးထုံးတချို့ကို ဘယ်လိုဖြေရမလဲဆိုတာ သင်္ဘောသားက အလွယ်တကူ ရှင်းပြနိုင်သလိုပဲ အဲဒီလိုမျိုး ကြိုဟောချက်တွေကို အလွယ်တကူ အဓိပ္ပာယ်ဖော်နိုင်ပါတယ်။—ကမ္ဘာဦး ၁၈:၁၄; ၂၁:၂။
အထက်အောက်စကားတွေကို ဆန်းစစ်လိုက်ရင် ကြိုဟောချက်တချို့ကို ရှင်းပြပြီး အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်။ “ချိုနှစ်ချောင်းရှိသော သိုးတစ်ကောင်” ကို “မျက်စိနှစ်လုံးကြား၌ ထူးဆန်းသော ချိုတစ်ချောင်းရှိသော ဆိတ်တစ်ကောင်” က ဝှေ့လှဲချလိုက်တဲ့ အဆင်းအာရုံတစ်ခုကို ဒံယေလ မြင်တွေ့ခဲ့တယ်။ ရှေ့နောက်စကားဆက်ကို ဖတ်မယ်ဆိုရင် ချိုနှစ်ချောင်းရှိတဲ့ သိုးဟာ “မေဒိ [မီးဒီးယား] ရှင်ဘုရင်၊ ပေရသိ [ပါးရှား] ရှင်ဘုရင်” တွေကို ပုံဆောင်ပြီး ဆိတ်က “ဟေလသ [ဂရိ] ရှင်ဘုရင်” ကို ပုံဆောင်တယ်။ (ဒံယေလ ၈:၃-၈၊ ၂၀-၂၂) နောက်အနှစ် ၂၀၀ ကျော်အကြာမှာ “ချိုကြီး” ဖြစ်တဲ့ မဟာအလက်ဇန္ဒားက ပါးရှားကို အောင်မြင်ခဲ့တယ်။ အလက်ဇန္ဒားဟာ ဂျေရုဆလင်မြို့အနီးမှာ တပ်ချနေတုန်း အဲဒီကြိုဟောချက်ကို တွေ့သွားပြီး မိမိကိုပဲ ရည်ညွှန်းတယ်လို့ ယုံကြည်ခဲ့ကြောင်း ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်က ပြောပြတယ်။
“အိပ်မက်အနက်များသည် ဘုရားသခင်နှင့်ဆိုင်” တယ်ဆိုတဲ့ စကားမှာ နောက်အဓိပ္ပာယ်တစ်မျိုး ရှိပါသေးတယ်။ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့ ယောသပ်ဟာ အကျဉ်းသားဖော် နှစ်ယောက်ရဲ့ နားလည်ရခက်တဲ့ အိပ်မက်အနက်ကို သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ နားလည်နိုင်ခဲ့တယ်။ (ကမ္ဘာဦး ၄၁:၃၈) ကနေ့ခေတ်မှာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေဟာ ကြိုဟောချက်တချို့ရဲ့ အဓိပ္ပာယ်ကို မသိတဲ့အခါ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆုတောင်းပြီး သန့်ရှင်းသောစွမ်းအားတော်နဲ့ ရေးထားတဲ့ သမ္မာကျမ်းစာကို ဇွဲရှိရှိ လေ့လာ၊ ရှာဖွေကြတယ်။ ကြိုဟောချက်တချို့ရဲ့ အဓိပ္ပာယ်ကိုသိနိုင်တဲ့ ကျမ်းချက်တွေကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ သူတို့ ရှာတွေ့ခဲ့ကြတယ်။ ဘယ်လူသားကမှ အနက်အဓိပ္ပာယ်တွေကို မဖွင့်ပြနိုင်ပါဘူး။ ဘုရားသခင်ကပဲ ဖွင့်ပြနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင့်စွမ်းအားတော်နဲ့ သမ္မာကျမ်းစာအားဖြင့် အနက်အဓိပ္ပာယ်ဟာ ရှင်းလင်းလာလို့ပါ။ ဒါကြောင့် အနက်ဖွင့်ဆိုချက်တွေကို ကျမ်းစာပြင်ပကနေ ရရှိနိုင်မှာမဟုတ်ပါဘူး။—တမန်တော် ၁၅:၁၂-၂၁။
ကြိုဟောချက်တစ်ခုနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်က ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူတွေ နားလည်နိုင်မယ့်အချိန်ကို ဘုရားသခင် သတ်မှတ်ပြီး ညွှန်ကြားတဲ့သဘောနဲ့လည်း “အိပ်မက်အနက်များသည် ဘုရားသခင်နှင့်ဆိုင်” တာဖြစ်တယ်။ ကြိုဟောချက်တစ်ခုရဲ့ အနက်အဓိပ္ပာယ်ကို မပြည့်စုံခင်၊ ပြည့်စုံနေချိန်၊ ပြည့်စုံပြီးတဲ့နောက်မှာ သိမြင်နိုင်ပါတယ်။ ပရောဖက်ပြုချက်တွေဟာ ဘုရားသခင်ဆီကနေ လာတာဖြစ်တဲ့အတွက် အချိန်တန်ရင် ဘုရားသခင်ကပဲ အနက်အဓိပ္ပာယ်ကို ဖွင့်ပြပါလိမ့်မယ်။
ယောသပ်ဟာ အကျဉ်းသားဖော်နှစ်ယောက်ရဲ့ အိပ်မက်အဓိပ္ပာယ်ကို မပြည့်စုံခင် သုံးရက်အလိုမှာ ဖွင့်ပြပေးခဲ့တယ်။ (ကမ္ဘာဦး ၄၀:၁၃၊ ၁၉) ဖာရောမင်းရဲ့ အိပ်မက်တွေကို ယောသပ် ရှင်းပြတဲ့အချိန်မှာလည်း အစာရေစာပေါများမယ့် ခုနစ်နှစ်က စတင်ခါနီးနေပါပြီ။ ဖာရောမင်းရဲ့ အိပ်မက် အနက်အဓိပ္ပာယ်ကို ဘုရားသခင့်စွမ်းအားတော်နဲ့ ယောသပ် ဖွင့်ပြပေးနိုင်တဲ့အတွက် ကြိုဟော ထားတဲ့အတိုင်း အစာရေစာပေါများချိန်မှာ အစီအစဉ်တွေ ကြိုတင်ရေးဆွဲနိုင်ခဲ့တယ်။—ကမ္ဘာဦး ၄၁:၂၉၊ ၃၉၊ ၄၀။
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေဟာ ကြိုဟောချက်တချို့ ပြည့်စုံပြီးမှသာ အဲဒီကြိုဟောချက်တွေရဲ့ အနက်အဓိပ္ပာယ်ကို အပြည့်အဝ နားလည်လာကြတာပါ။ ယေရှုရဲ့အသက်တာမှာ ဖြစ်ပျက်မယ့် ဖြစ်ရပ်များစွာကို ယေရှုမမွေးခင် ရာစုနှစ်ပေါင်းများစွာ ကြိုပြောထားပေမဲ့ ယေရှု ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှ တပည့်တွေက အပြည့်အဝ နားလည်လာခဲ့ကြတာ ဖြစ်ပါတယ်။ (ဆာလံ ၂၂:၁၈; ၃၄:၂၀; ယောဟန် ၁၉:၂၄၊ ၃၆) သမ္မာကျမ်းစာထဲမှာ ကြိုဟောချက်တချို့ကို ‘စစ်မှန်သော အသိပညာ တိုးပွား’ မယ့် နောက်ဆုံးကာလအထိ “တံဆိပ်ခတ်” ထားတယ်လို့ ဒံယေလ ဖော်ပြခဲ့တယ်။ (ဒံယေလ ၁၂:၄) ကျွန်ုပ်တို့ဟာ အဲဒီကြိုဟောချက်တွေ ပြည့်စုံနေတဲ့အချိန်မှာ အသက်ရှင်နေကြပါတယ်။ *
သင့်အပေါ် အကျိုးသက်ရောက်မယ့် ကျမ်းစာကြိုဟောချက်များ
ယောသပ်နဲ့ ဒံယေလဟာ သူတို့ခေတ်က အုပ်စိုးရှင်တွေရဲ့ ရှေ့မှောက်သွားပြီး သူတို့ရဲ့တိုင်းနိုင်ငံတွေ ပျက်စီးမယ်ဆိုတဲ့ ကြိုဟောချက်တွေကို တင်ဆက်ခဲ့ရပါတယ်။ ပထမရာစုက ခရစ်ယာန်တွေလည်း ပရောဖက်ပြုတဲ့ဘုရားသခင် ယေဟောဝါရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအနေနဲ့ သူတို့ခေတ်ကလူတွေကို ဟောပြောခဲ့ရပါတယ်။ သူတို့ရဲ့ သတင်းတရားကို နားထောင်တဲ့သူတွေဟာ အဲဒီသတင်းကနေ အကျိုးများစွာ ရရှိခဲ့ကြတယ်။
ကနေ့ခေတ်မှာလည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ကြိုဟောချက်ဆိုင်ရာ သတင်းတရားဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ကြေညာနေကြတယ်။ “ဤလောကစနစ် နိဂုံးပိုင်း” နဲ့ဆိုင်တဲ့ ယေရှုရဲ့ ကြိုဟောချက် ပြည့်စုံနေတယ်ဆိုတာကိုလည်း ဟောပြောနေကြပါတယ်။ (မဿဲ ၂၄:၃၊ ၁၄) အဲဒီကြိုဟောချက်တွေက ဘာတွေလဲ၊ သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာတွေကို သင် သိပါသလား။ အရေးပါဆုံး ကျမ်းစာကြိုဟောချက်တွေထဲက တစ်ခုကို နားလည်ပြီး အဲဒီကနေ အကျိုးရရှိနိုင်အောင် ယေဟောဝါသက်သေတွေက သင့်ကို ကူညီပေးလိုကြပါတယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 ဖရီဂျီယာနယ်ရဲ့ မြို့တော် ဂေါ်ဒီယမ်မှာ အဲဒီမြို့ကို တည်ထောင်တဲ့သူ ဂေါ်ဒီရပ်စ်ရဲ့ စစ်ရထားကို ဖြေလို့မရတဲ့ ကြိုးထုံးတစ်ထုံးနဲ့ တိုင်တစ်တိုင်မှာ ချည်ထားတယ်ဆိုတဲ့ ဂရိဒဏ္ဍာရီတစ်ပုဒ် ရှိခဲ့တယ်။ အာရှနယ်ကို အောင်နိုင်မယ့်သူကသာ အဲဒီကြိုးထုံးကို ဖြေပေးနိုင်ခဲ့တယ်။
^ အပိုဒ်၊ 19 ၂၀၁၁၊ မေ ၁ ရက်ထုတ် ကင်းမျှော်စင်မှာပါတဲ့ “ကျမ်းစာကြိုဟောချက် ခြောက်ခု ပြည့်စုံနေတာကို တွေ့မြင်နေရ” ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးတွဲကို ဖတ်ကြည့်ပါ။
[စာမျက်နှာ ၁၃ ပါရုပ်ပုံ]
ကြိုဟောချက်ကို ယောသပ်နဲ့ ဒံယေလတို့ ရှင်းပြတဲ့အခါ ဘုရားသခင်ကို ချီးမွမ်းခဲ့ကြ