မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နာမည်နဲ့ တိကျတဲ့ကျမ်းစာသားကို ရှာပုံတော်ဖွင့်ခဲ့တဲ့ အယ်လ်ဖွန်ဆို သယ် သာမိုရာ

ဘုရားသခင့်နာမည်နဲ့ တိကျတဲ့ကျမ်းစာသားကို ရှာပုံတော်ဖွင့်ခဲ့တဲ့ အယ်လ်ဖွန်ဆို သယ် သာမိုရာ

ဘုရားသခင့်နာမည်နဲ့ တိကျတဲ့ကျမ်းစာသားကို ရှာပုံတော်ဖွင့်ခဲ့တဲ့ အယ်လ်ဖွန်ဆို သယ် သာမိုရာ

စပိန်ဘုရင် ဖာဒီနန်နဲ့ မိဖုရား အစ္စဘဲလ်လာတို့ဟာ ၁၄၉၂ ခုနှစ်မှာ ဒီလို အမိန့်ထုတ်ပြန်ခဲ့တယ်– “ကျွန်ုပ်တို့ရဲ့နိုင်ငံနဲ့ ပိုင်နက်တွေမှာ နေထိုင်တဲ့ ဂျူးလူမျိုးအားလုံး . . . သူတို့ရဲ့သားသမီးတွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကြီးကြီးငယ်ငယ် ဂျူးမိသားစုဝင်အားလုံး၊ ဒီနှစ်ရဲ့ ဇူလိုင်လကုန်ပိုင်းမှာ ထွက်သွားကြဖို့နဲ့ လုံးဝ ပြန်မလာဖို့ ကျွန်ုပ်တို့ အမိန့်ထုတ်ပြန်လိုက်တယ်။”

အဲဒီတင်းကျပ်တဲ့ အမိန့်နဲ့အတူ နယ်နှင်ဒဏ်ခံမလား၊ ဒါမှမဟုတ် သူတို့ရဲ့ဘာသာတရားကို စွန့်လွှတ်မလားဆိုပြီး စပိန်နိုင်ငံမှာရှိတဲ့ ဂျူးမိသားစုဝင်အားလုံးကို ရွေးချယ်ခွင့်ပေးထားတယ်။ ကွမ် သယ် သာမိုရာအမည်ရှိတဲ့ ရဗ္ဗိ (ဂျူးဘာသာရေးဆရာ) တစ်ယောက်ဟာ စပိန်နိုင်ငံမှာ ဆက်နေချင်တဲ့အတွက် ကက်သလစ်ဘာသာထဲ ပြောင်းဝင်လိုက်တာက ပိုကောင်းမယ်ဆိုပြီး ယူဆခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဘိုးဘွားအစဉ်အဆက်က စပိန်နိုင်ငံမှာ အခြေချခဲ့တဲ့အတွက်ပါ။ သားဖြစ်သူ အယ်လ်ဖွန်ဆိုကို သာမိုရာမြို့မှာရှိတဲ့ နာမည်ကြီး ဟီဘရူးကျောင်းကို ပို့လိုက်တာက ဂျူးနောက်ခံကြောင့်ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ အယ်လ်ဖွန်ဆိုဟာ လက်တင်၊ ဂရိနဲ့ အာရမိတ်ဘာသာစကားတွေကို နှံ့စပ်ကျွမ်းကျင်လာခဲ့တယ်။ အယ်လ်ဖွန်ဆို ကျောင်းပြီးသွားတဲ့နောက် ဆလာမန်ကာ တက္ကသိုလ်မှာ ဟီဘရူးဘာသာ နည်းပြဆရာအဖြစ် အလုပ်လုပ်တယ်။ သိပ်မကြာခင်မှာပဲ သူဟာ ဥရောပတစ်ခွင်မှာရှိတဲ့ ကျမ်းပညာရှင်တွေရဲ့အကျိုးအတွက် မိမိရဲ့ဘာသာစကားကျွမ်းကျင်မှုကို အသုံးချခွင့်ရခဲ့တယ်။

၁၅၁၂ ခုနှစ်မှာ အယ်လ်ကာလာ သယ် အေနာရက်စ် တက္ကသိုလ်အသစ်က အယ်လ်ဖွန်ဆို သယ် သာမိုရာကို ဟီဘရူးသာသာရပ်ရဲ့ ပါမောက္ခအဖြစ် ရွေးချယ်ခဲ့တယ်။ သာမိုရာဟာ သူ့ခေတ်အခါက ဦးဆုံးကျမ်းပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့အတွက် အဲဒီတက္ကသိုလ်အသစ်ကို တည်ထောင်သူ ခရစ်ယာန်ဘုန်းတော်ကြီး ဟီမီနက်ဇ် သယ် သီးစ်နရော့စ်က အရမ်းအရေးကြီးတဲ့ ကော်ပလူတန်ရှန် ပိုလီဂလော့တ်ကျမ်းပြုစုရာမှာ ကူညီပေးဖို့ သူ့ကို တောင်းဆိုခဲ့တယ်။ အတွဲခြောက်တွဲပါတဲ့ အဲဒီကျမ်းကို ဟီဘရူး၊ ဂရိ၊ လက်တင် ဘာသာစကားတွေနဲ့ ရေးထားပြီး တချို့အပိုင်းတွေကိုတော့ အာရမိတ်ဘာသာစကားနဲ့ ရေးသားထားပါတယ်။ *

ကျမ်းစာဘာသာပြန်လုပ်ငန်းနဲ့ပတ်သက်ပြီး ကျမ်းပညာရှင် မာရီရန်အို ရက်ဘယ်လ်ရာ ရီကိုက ဒီလိုမှတ်ချက်ချခဲ့တယ်– “ခရစ်ယာန်ဘုန်းတော်ကြီး [သီးစ်နရော့စ်] ရဲ့ ကျမ်းပြုစုရေးလုပ်ငန်းမှာ ဂျူးဘာသာကနေ ပြောင်းဝင်လာတဲ့ လူသုံးယောက်က ပါဝင်ကူညီခဲ့တယ်။ အဲဒီထဲမှာ အကျော်ကြားဆုံးကတော့ အယ်လ်ဖွန်ဆို သယ် သာမိုရာပဲ။ သူဟာ လက်တင်၊ ဂရိ၊ ဟီဘရူးနဲ့ အာရမိတ်ကျမ်းပညာရှင်တစ်ဦးဖြစ်ရုံမက သဒ္ဒါကျွမ်းကျင်သူ၊ အတွေးအခေါ်ပညာရှင်နဲ့ တာလ်မွတ်ကျမ်းကို ကျွမ်းကျင်ပိုင်နိုင်သူလည်း ဖြစ်တယ်။” ပိုမိုကောင်းမွန်ပြီး တိကျသေချာတဲ့ ဘာသာပြန်ကျမ်းဖြစ်ဖို့ဆိုရင် မူရင်းရှေးခေတ်ဘာသာစကားတွေကို ကောင်းကောင်း နားလည်တတ်ကျွမ်းထားရမယ်ဆိုတာကို ဆည်းပူးလေ့လာရာကနေ သာမိုရာ သိရှိခဲ့တယ်။ တကယ်ဆိုရင်၊ ကျမ်းစာဆိုင်ရာအသိပညာကို ပိုပြီးစိတ်ဝင်စားလာအောင် အဓိကလှုံ့ဆော်ပေးတဲ့သူတွေထဲမှာ သာမိုရာလည်းပါတယ်၊ အဲဒီစိတ်ဝင်စားမှုက ၁၆ ရာစုအစောပိုင်းလောက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း သာမိုရာဟာ ခက်ခဲတဲ့အချိန်နဲ့ အန္တရာယ်ရှိတဲ့ နေရာမှာနေပြီးတော့ ကျမ်းစာအသိပညာကို စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးခဲ့တာဖြစ်တယ်။ စပိန်ဘာသာရေးခုံရုံးက ဩဇာအကြီးမားဆုံး ဖြစ်နေတဲ့အပြင် ကက်သလစ်ချာ့ခ်ျကလည်း လက်တင်ဗားဂိတ် ဘာသာပြန်ကျမ်းကို တစ်ခုတည်းသော “အသိအမှတ်ပြု” ဘာသာပြန်ကျမ်းအဖြစ် အလေးအမြတ်ထားကြတယ်။ ဒါပေမဲ့ အလယ်ခေတ် (အေဒီ ၅-၁၅ ရာစု) လောက်ကစပြီး ကက်သလစ်ကျမ်းပညာရှင်တွေဟာ ဗားဂိတ်ဘာသာပြန်ကျမ်းမှာပါတဲ့ လက်တင်ကျမ်းစာသားတွေမှာ အမှားတော်တော်များများ ပါနေတယ်ဆိုတာကို သတိပြုမိခဲ့တယ်။ အဲဒီအမှားတွေကို အယ်လ်ဖွန်ဆို သယ် သာမိုရာနဲ့ တခြားသူတွေက ၁၆ ရာစုအစောပိုင်းလောက်ကနေစပြီး ပြုပြင်ခဲ့ကြတယ်။

‘ကယ်တင်ခြင်းရဖို့ ဘာသာပြန်ကျမ်း လိုအပ်’

သာမိုရာ ပြန်ဆိုခဲ့တဲ့ ကျမ်းတွေထဲမှာ လက်တင်ဘာသာနဲ့ရော ဟီဘရူးဘာသာနဲ့ပါပြန်ဆိုထားတဲ့ ဟီဘရူးကျမ်းစာစောင်က အထင်ရှားဆုံးဖြစ်တယ်။ အဲဒီကျမ်းစာစောင်ကို “ဓမ္မဟောင်းကျမ်း” လို့ လူသိများကြတယ်။ ကော်ပလူတန်ရှန် ပိုလီဂလော့တ်ကျမ်း ပြုစုတဲ့အခါ အဲဒီကျမ်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့ သာမိုရာ ရည်ရွယ်ထားပုံရတယ်။ သူရေးသားခဲ့တဲ့ လက်ရေးစာမူတွေထဲက တစ်ခုကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့နားက အယ်လ် အက်စ်ကိုရီရယ် စာကြည့်တိုက်မှာ တွေ့ရတယ်။ G-I-4 လို့ စာရင်းမှတ်ထားတဲ့ အဲဒီလက်ရေးစာမူထဲမှာ ဟီဘရူးသာသာနဲ့ ကမ္ဘာဦးကျမ်းအပြည့်အစုံပါတဲ့အပြင် လက်တင်ဘာသာစကားနဲ့လည်း ကြားညှပ်ဘာသာပြန်ဆိုထားတယ်။

အဖွင့်နိဒါန်းမှာ ဒီလိုအသိအမှတ်ပြုထားတယ်– “လူတွေ ကယ်တင်ခြင်းရဖို့ တခြားဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ သန့်ရှင်းတဲ့ကျမ်းစာစောင် လိုအပ်တယ်။ . . . ဟီဘရူးစကားလုံးတိုင်းကို အဓိပ္ပာယ်တူ လက်တင်စကားလုံးနဲ့ တိတိကျကျ လုံးကောက် ဘာသာပြန်ထားတဲ့ ကျမ်းတစ်အုပ် မရှိမဖြစ်လိုအပ်တယ်လို့ . . . ကျွန်တော်တို့ ယူမှတ်ခဲ့ကြတယ်။” အယ်လ်ဖွန်ဆို သယ် သာမိုရာကို ဟီဘရူးကျမ်းပညာရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုထားကြတဲ့အတွက် အဲဒီလိုလက်တင်ဘာသာစကားနဲ့ ဘာသာပြန်ကျမ်းအသစ်တစ်အုပ် ပြန်ဆိုဖို့ အရည်အချင်းပြည့်မီတယ်။

‘နားခိုရာ ရှာမတွေ့နိုင်’

အကိုးအကားစာအုပ်တစ်အုပ်အရ ၁၆ ရာစုတုန်းက စပိန်နိုင်ငံဟာ သာမိုရာလိုမျိုး ကျမ်းပညာရှင်တွေအတွက် အလုပ်လုပ်လို့ကောင်းတဲ့နေရာ တစ်ခုဖြစ်တယ်။ အလယ်ခေတ်အတွင်းမှာ စပိန်နိုင်ငံဟာ ဂျူးယဉ်ကျေးမှုရဲ့ အချက်အချာနေရာဖြစ်လာတယ်။ စွယ်စုံကျမ်းတစ်အုပ် (The Encyclopædia Britannica) က ဒီလိုရှင်းပြတယ်– “မွတ်ဆလင်နဲ့ ဂျူးလူဦးရေများစွာရှိတဲ့ အလယ်ခေတ်စပိန်နိုင်ငံဟာ အနောက်ဥရောပတစ်ခွင်မှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ်။ အဲဒီအချက်က အလယ်ခေတ်နောက်ပိုင်း စပိန်နိုင်ငံရဲ့ ဘာသာတရား၊ စာပေ၊ အနုပညာ၊ ဗိသုကာပညာရပ်တွေ တိုးတက်လာတာနဲ့ ဆက်နွှယ်နေတယ်။”

စပိန်မှာ ဂျူးလူမျိုးများစွာရှိတဲ့အတွက် ဟီဘရူးဘာသာစကားနဲ့ ကျမ်းစာလက်ရေးစာမူတွေလည်း အများကြီးရှိတယ်။ စပိန်နိုင်ငံတစ်ခွင်က ဂျူးကျမ်းတတ်တွေဟာ တရားဇရပ်နေရာတွေမှာ ကျမ်းစောင်တွေကို ဖတ်ပြချင်လို့ အဲဒီလက်ရေးစာမူတွေကို ကြိုးစားပမ်းစား ကူးယူကြတယ်။ အယ်လ် ဂိုးလ်စမစ်က သူ့စာအုပ်တစ်အုပ် (The Earliest Editions of the Hebrew Bible) မှာ ဒီလိုဖော်ပြထားတယ်– “စပိန်-ပေါ်တူဂီဘာသာစကားနဲ့ ပြန်ဆိုထားတဲ့ ကျမ်းစာရဲ့ဦးဆုံးကျမ်း ငါးကျမ်းပါတဲ့ ပင်တကျွတ်ကျမ်းနဲ့ အဲဒီကျမ်းအခြေခံတဲ့ လက်ရေးစာမူတွေက . . . အရမ်းတိကျမှန်ကန်တယ်ဆိုပြီး ဂျူးပညာရှင်တွေကြားမှာ နာမည်ကြီးတယ်။”

စပိန်နိုင်ငံမှာ အဲဒီလိုအခွင့်အရေးကောင်းတွေရှိနေပေမဲ့လည်း ကျမ်းစာဘာသာပြန်သူတွေအတွက် ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာတယ်။ ၁၄၉၂ ခုနှစ်မှာ ဘုရင်ဖာဒီနန်နဲ့ မိဖုရား အစ္စဘဲလ်လာတို့ရဲ့ ကက်သလစ်စစ်သားတွေက စပိန်နယ်မြေမှာရှိတဲ့ မွတ်ဆလင်လူမျိုးတွေရဲ့ နောက်ဆုံးပိုင်နက်ကို သိမ်းပိုက်လိုက်ကြတယ်။ အဲဒီနောက် ဒီဆောင်းပါးရဲ့အစပိုင်းမှာဖော်ပြထားတဲ့အတိုင်း ၁၄၉၂ ခုနှစ်မှာ ဂျူးဘာသာဝင်အားလုံး စပိန်နိုင်ငံကနေ ထွက်သွားဖို့ အမိန့်ထုတ်ပြန်လိုက်တယ်။ နောက်ဆယ်နှစ်အကြာမှာ မွတ်ဆလင်တွေကိုလည်း အလားတူအမိန့် ထုတ်ပြန်ခဲ့တယ်။ အဲဒီအချိန်ကစပြီး စပိန်နိုင်ငံမှာ ကက်သလစ်အယူဝါဒကို နိုင်ငံတော်အယူဝါဒအဖြစ် သတ်မှတ်ပြီး တခြားဝတ်ပြုရေးတွေကို ခွင့်မပြုတော့ဘူး။

အဲဒီအပြောင်းအလဲက ကျမ်းစာဘာသာပြန်လုပ်ငန်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ အယ်လ်ဖွန်ဆို သယ် သာမိုရာရဲ့ တွေ့ကြုံမှုက ပုံနမူနာတစ်ခုဖြစ်တယ်။ အဲဒီဂျူးကျမ်းပညာရှင်ဟာ ကက်သလစ်ဘာသာဝင်ဖြစ်လာပေမဲ့လည်း စပိန်အာဏာပိုင်တွေက သူ့နောက်ကြောင်းရာဇဝင်ကို သတိပြုမိခဲ့ကြတယ်။ ခရစ်ယာန်ဘုန်းတော်ကြီး သီးစ်နရော့စ်က ပိုလီဂလော့တ်ကျမ်းစာကို ပြုစုရာမှာ ဘာသာပြောင်းဝင်လာတဲ့ ဂျူးကျမ်းပညာရှင်တွေကို သုံးတဲ့အတွက် ဆန့်ကျင်သူတချို့ရဲ့ ဝေဖန်မှုကိုခံခဲ့ရတယ်။ ဒီဝေဖန်တိုက်ခိုက်မှုတွေကြောင့် သာမိုရာဟာ အခက်အခဲအများကြီး ကြုံတွေ့ခဲ့ရတယ်။ မက်ဒရစ်တက္ကသိုလ်မှာ တွေ့ရှိနိုင်တဲ့ လက်ရေးစာမူတစ်ခုထဲမှာ သာမိုရာ ဒီလိုညည်းညူခဲ့တယ်– “မိတ်ဆွေတွေရဲ့ စွန့်ပစ်မှု၊ မုန်းတီးမှုတွေကို . . . ကျွန်တော် ခံခဲ့ရတယ်။ အခုတော့ သူတို့ဟာ ကျွန်တော့်ရဲ့ရန်သူတွေ ဖြစ်သွားကြပြီ။ ကျွန်တော့်မှာ နားခိုရာ ရှာမတွေ့နိုင်တော့သလို ခြေချစရာနေရာလည်း မရှိတော့ဘူး။”

သာမိုရာရဲ့ အဓိကရန်သူတွေထဲက တစ်ယောက်ဟာ တိုလီဒိုမြို့ရဲ့ ဂိုဏ်းချုပ် ကွမ် တာဘေရာဖြစ်တယ်၊ သူက နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးရေးမှူးရာထူးကို ရရှိခဲ့တယ်။ တာဘေရာရဲ့ထိုးနှက်မှုကြောင့် သာမိုရာ အတော်လေး စိတ်ပျက်အားလျော့ခဲ့ရပြီး ပုပ်ရဟန်းမင်းကြီးဆီ အယူခံဝင်တဲ့အထိ ဖြစ်ခဲ့တယ်။ သူ့ရဲ့စာထဲမှာ ဒီအချက်တွေလည်း ပါတယ်– “ပုပ်ရဟန်းမင်းကြီးရဲ့ အကူအညီကို ကျွန်တော်တို့ တောင်းခံပါတယ်။ . . . တိုလီဒိုဂိုဏ်းချုပ် ဒွန် ကွမ် တာဘေရာရဲ့ရန်ကနေ ကာကွယ်ပေးပါ။ သူက ကျွန်တော်တို့ကို နေ့တိုင်း အဆက်မပြတ် စိတ်အနှောင့်အယှက် အမျိုးမျိုးပေးနေတယ်။ . . . သူ့ရဲ့အမြင်မှာ ကျွန်တော်တို့ဟာ သားသတ်ရုံမှာ အသတ်ခံရတော့မယ့် တိရစ္ဆာန်တွေလို ဖြစ်နေတဲ့အတွက် စိတ်ရောကိုယ်ပါ ချုံးချုံးကျနေတယ်။ . . . ပုပ်ရဟန်းမင်းကြီးအနေနဲ့ ကျွန်တော်တို့ရဲ့ အသနားခံစာကို လက်ခံမယ်ဆိုရင် ‘ခရီးသွားရာမှာ ဘေးမရှိ၊ ခြေမတိုက်မိအောင် ယာဝေးက ကူညီပါလိမ့်မယ်။’ (သု. ၃:၂၃)” *

အယ်လ်ဖွန်ဆို သယ် သာမိုရာထားခဲ့တဲ့ အမွေအနှစ်

ဝေဖန်တိုက်ခိုက်မှုတွေ ရှိနေပေမဲ့လည်း ကျမ်းစာကျောင်းသားများစွာရဲ့ အကျိုးအတွက် သာမိုရာဟာ မိမိရဲ့ဘာသာပြန်ခြင်းအလုပ်ကို ဖြစ်မြောက်အောင် ဆက်လုပ်ဆောင်သွားခဲ့တယ်။ သာမိုရာဟာ မိမိခေတ်အခါက ဒေသသုံးဘာသာစကားတွေနဲ့ ကျမ်းစာကိုဘာသာမပြန်ခဲ့ပေမဲ့ တခြားဘာသာပြန်သူတွေ လုပ်ဆောင်ရလွယ်ကူအောင် ပြင်ဆင်ပေးခဲ့ပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုကို နားလည်ဖို့ဆိုရင် ကျမ်းစာဘာသာပြန်ခြင်းက ကျမ်းပညာရှင် နှစ်မျိုးနှစ်စားအပေါ် အမြဲ မူတည်နေတယ်ဆိုတာ သတိရဖို့လိုပါတယ်။ ပထမ၊ မူရင်းဘာသာစကားတွေ (ဟီဘရူး၊ အာရမိတ်၊ ဂရိ) နဲ့ရေးထားတဲ့ ကျမ်းစာသားတွေရဲ့ လက်ရေးစာမူတွေကို လေ့လာတဲ့ ကျမ်းပညာရှင်တွေ မရှိမဖြစ်လိုအပ်တယ်။ ဒါမှသာ မူရင်းဘာသာစကားတွေနဲ့ တိကျမှန်ကန်တဲ့ ကျမ်းစာသားတွေကို ထုတ်လုပ်နိုင်မှာဖြစ်တယ်။ ဒုတိယ၊ ဘာသာပြန်သူတစ်ယောက်က ဦးဆုံးအဆင့်အနေနဲ့ အဲဒီကျမ်းစာကိုသုံးပြီး ဒေသသုံးဘာသာစကားနဲ့ ဘာသာပြန်ကျမ်းကို ပြန်ဆိုမှာဖြစ်တယ်။

၁၅၂၂ ခုနှစ်မှာ ကော်ပလူတန်ရှန် ပိုလီဂလော့တ်ကျမ်းကို ပုံနှိပ်ထုတ်ဝေခဲ့တယ်၊ အဲဒီကျမ်းမှာပါတဲ့ ဟီဘရူးကျမ်းစာသားကို ပြင်ဆင်တည်းဖြတ်ခဲ့တဲ့ အဓိကကျမ်းပညာရှင်က အယ်လ်ဖွန်ဆို သယ် သာမိုရာဖြစ်ပါတယ်။ (ပိုလီဂလော့တ်ကျမ်းမှာပါတဲ့ သူ့ရဲ့ ဟီဘရူး-လက်တင် ဝေါဟာရနဲ့ ဟီဘရူးသဒ္ဒါတွေက ဘာသာပြန်ဆိုသူတွေအတွက် အများကြီး အထောက်အကူရခဲ့တယ်။) သာမိုရာနဲ့ တစ်ခေတ်တည်းသား အီရမတ်စ်ကလည်း ဓမ္မသစ်ကျမ်းလို့ လူသိများတဲ့ ခရစ်ယာန်ဂရိကျမ်းစာစောင်အတွက် အလားတူလုပ်ဆောင်ခဲ့တယ်။ ပြင်ဆင်တည်းဖြတ်ထားတဲ့ ဟီဘရူးနဲ့ ဂရိကျမ်းစာသားတွေ ရရှိလာတဲ့အခါ တခြားဘာသာပြန်သူတွေက ကျမ်းစာကို တခြားဘာသာစကားတွေနဲ့ ပြန်ဆိုနိုင်ခဲ့ကြတယ်။ သမ္မာကျမ်းစာကို အင်္ဂလိပ်လို ဘာသာပြန်ဆိုခဲ့တဲ့ ဝီလျံတင်ဒေးလ်ဟာ ကော်ပလူတန်ရှန် ပိုလီဂလော့တ်ကျမ်းမှာပါတဲ့ ဟီဘရူးကျမ်းစာသားတွေကို ဦးဆုံးအသုံးချတဲ့သူတွေထဲက တစ်ယောက်ဖြစ်တယ်။

ကနေ့အချိန်မှာ ကျမ်းစာကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေနိုင်ခြင်းက သာမိုရာလို ကိုယ့်ဘဝကို မြှုပ်နှံပေးဆက်တဲ့ အမျိုးသားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်တယ်။ သူတို့ကြောင့် လူတွေဟာ ကျမ်းစာအသိပညာ တိုးတက်လာခြင်းဖြစ်ပါတယ်။ သာမိုရာနားလည်ခဲ့သလိုပဲ ကယ်တင်ခံရဖို့က ကျမ်းစာကို လူတွေ ကောင်းကောင်းနားလည်ပြီး လိုက်လျှောက်ခြင်းအပေါ် မူတည်နေပါတယ်။ (ယောဟန် ၁၇:၃) အဲဒီအတွက် လူတွေနားလည်နိုင်တဲ့ ဘာသာစကားနဲ့ပြန်ဆိုထားတဲ့ ဘာသာပြန်ကျမ်းတွေ လိုအပ်လာတယ်၊ ကိုယ့်ဘာသာစကားနဲ့ရေးထားတဲ့ ကျမ်းစာကသာ လူသန်းပေါင်းများစွာရဲ့ စိတ်နှလုံးကို ထိမိနိုင်မှာဖြစ်ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ကော်ပလူတန်ရှန် ပိုလီဂလော့တ်နဲ့ပတ်သက်ပြီး ဆွေးနွေးထားတာကို ၂၀၀၄၊ ဧပြီလ ၁၅ ရက်ထုတ် ကင်းမျှော်စင်ရဲ့ စာမျက်နှာ ၂၈-၃၁ ကိုကြည့်ပါ။

^ အပိုဒ်၊ 15 ရောမမြို့က ပုပ်ရဟန်းမင်းကြီးဆီ အယူခံဝင်တဲ့စာမှာ သာမိုရာက ဘုရားသခင်ရဲ့ ဘွဲ့ကို မသုံးဘဲ နာမည်ကို အသုံးပြုထားတာ စိတ်ဝင်စားစရာပဲ။ စပိန်လို ဘာသာပြန်ထားတဲ့ သာမိုရာရဲ့အယူခံစာထဲမှာ “ယာဝေး (Yahweh)” ဆိုတဲ့ အမည်ကို ဖော်ပြထားတယ်။ အဲဒီနာမည်ကို မူရင်းလက်တင်စာမှာ ဘယ်လိုဖော်ပြထားတယ်ဆိုတာကိုတော့ အသေအချာ မသိပါဘူး။ သာမိုရာရဲ့ဘာသာပြန်ကျမ်းမှာ ဘုရားသခင့်နာမည် အသုံးပြုတာနဲ့စပ်လျဉ်းပြီး စာမျက်နှာ ၁၉ မှာရှိတဲ့ “ဘုရားသခင့်နာမည်ကို ဘာသာပြန်ခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။

[စာမျက်နှာ ၁၉ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ဘုရားသခင့်နာမည်ကို ဘာသာပြန်ခြင်း

ဟီဘရူးနောက်ခံရှိတဲ့ ပညာတတ် အယ်လ်ဖွန်ဆို သယ် သာမိုရာရဲ့ ဘုရားသခင့်နာမည်ကို အက္ခရာဖလှယ်ပုံက အထူးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပူးတွဲပါဓာတ်ပုံမှာ တွေ့ရတဲ့အတိုင်း ဟီဘရူး-လက်တင် ကြားညှပ်ဘာသာပြန်ထားတဲ့ ကမ္ဘာဦးကျမ်းက ဘေးမျဉ်းကွက်လပ်မှာ “ယေဟောဝါ (jehovah)လို့ရေးထားတဲ့ ဘုရားသခင့်နာမည်ပါတယ်။

သာမိုရာဟာ ဘုရားသခင့်နာမည်ကို လက်တင်ဘာသာနဲ့ ပြန်ဆိုထားတာကို လက်ခံတယ်ဆိုတာ ထင်ရှားနေပါတယ်။ ၁၆ ရာစုအတွင်းမှာ ဥရောပရဲ့ အဓိကဘာသာစကားတွေနဲ့ ကျမ်းစာကို ဘာသာပြန်တဲ့အခါ အဲဒီလိုပုံစံနဲ့ စာလုံးပေါင်းတာ ဒါမှမဟုတ် အတော်ဆင်တူတဲ့စာလုံးကို ကျမ်းစာဘာသာပြန်သမား အတော်များများက လက်ခံခဲ့ကြတယ်၊ သူတို့တွေထဲမှာ ဝီလျံ တင်ဒေးလ် (အင်္ဂလိပ်၊ ၁၅၃၀)၊ ဇက်ဘက်စ်ရှန် မူနက်စ်တာ (လက်တင်၊ ၁၅၃၄)၊ ပီရာ ရော်ဘာ အိုလီ ဗာတန် (ပြင်သစ်၊ ၁၅၃၅) နဲ့ ခေစယိုဒိုရို ဒီ ရေနာ (စပိန်၊ ၁၅၆၉) တို့ပါဝင်တယ်။

ဒါကြောင့် သာမိုရာဟာ ဘုရားသခင့်နာမည်ကို လူတွေသိအောင် ကူညီပေးခဲ့တဲ့ ၁၆ ရာစု ကျမ်းပညာရှင်များစွာထဲက တစ်ယောက်ဖြစ်လာပါတယ်။ ဘုရားသခင့်နာမည်ကို အသံထွက်မခေါ်သင့်ဘူးဆိုတဲ့ ဂျူးတွေရဲ့ အယူသီးမှုကြောင့် ဘုရားသခင့်နာမည် ကွယ်ပျောက်သွားတယ်။ အဲဒီဂျူးဓလေ့ထုံးစံတွေရဲ့ လွှမ်းမိုးမှုကြောင့် လက်တင်ဗားဂိတ်ကျမ်းကို ပြန်ဆိုသူ ဂျရုမ်းလို ခရစ်ယာန်အမည်ခံ ကျမ်းစာဘာသာပြန်သူတွေဟာ ဘုရားသခင့်နာမည်ကို “သခင်” ဒါမှမဟုတ် “ဘုရားသခင်” ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးခဲ့ကြ ပါတယ်။

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

ဟီဘရူးဘာသာစကားနဲ့ တက်တြာဂရမ်မီတန်ကို ယေဟောဝါ (JEHOVAH) လို့ သာမိုရာက ပြန်ဆိုထားတာကို အနီးကပ်တွေ့ရပုံ

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

၁၄၉၂ ခုနှစ်မှာ ဘုရင်နဲ့မိဖုရားတို့ ထုတ်ပြန်ခဲ့တဲ့ အမိန့်

[Credit Line]

အမိန့်ပြန်တမ်း– Courtesy of the Archivo Histórico Provincial, Ávila, Spain

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

အယ်လ်ကာလာ သယ် အေနာရက်စ် တက္ကသိုလ်

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

သာမိုရာရဲ့ ကြားညှပ်ဘာသာပြန်ကျမ်း ရှေ့မျက်နှာဖုံး