သဘာဝကပ်ဘေးတွေကို ရင်ဆိုင်ဖြေရှင်းနည်း
သဘာဝကပ်ဘေးတွေရဲ့ ဖြစ်ပွားနှုန်းနဲ့ အဖျက်စွမ်းအားက တိုးများလာနေပါတယ်။ ဒါကြောင့် သင် ကပ်ဘေးကြုံရတဲ့အခါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ လုပ်ဆောင်နိုင်တဲ့ လက်တွေ့ကျ အချက်တချို့ကို သုံးသပ်ကြည့်ကြရအောင်။
ကပ်ဘေးကျရောက်နိုင်တဲ့ ဒေသမှာ မနေပါနဲ့။
‘စဉ်းစားဉာဏ်ရှိသူသည် မိမိတို့ကြုံတွေ့ရမည့် ဘေးကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်ကြ၏။ စဉ်းစားဉာဏ်မဲ့သူတို့မူကား ဘေးနှင့်ထိပ်တိုက်ဝင်၍ တိုးပြီးကာမှ နောင်တရတတ်ကြလေသည်’ လို့ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (သု. ၂၂:၃၊ ခမ) ဒီပညာရှိဆုံးမစကားကို ကပ်ဘေးတွေ ကြုံရတဲ့အခါ ကျင့်သုံးနိုင် ပါတယ်။ မီးတောင် ပေါက်ကွဲတော့မယ်၊ ရေကြီးတော့မယ် ဒါမှမဟုတ် မုန်တိုင်း တိုက်တော့မယ်လို့ ကြိုတင်သတိပေးလာတဲ့အခါ အန္တရာယ်နယ်မြေကို စွန့်ခွာပြီး ဘေးကင်းရာအရပ်ကို ရွှေ့ပြောင်းနေထိုင်တာက ပညာရှိရာရောက်တယ်။ အိမ် ဒါမှမဟုတ် တခြားရုပ်ပစ္စည်းတွေထက် အသက်က ပိုတန်ဖိုးရှိပါတယ်။
လူတချို့ဟာ အန္တရာယ်နယ်မြေမှာ မနေထိုင်ဖို့ ရွေးချယ်ကောင်း ရွေးချယ်နိုင်ပါတယ်။ အကိုးအကားစာအုပ်တစ်အုပ်မှာ ဒီလိုပြောထားတယ်– “ကပ်ဘေးအန္တရာယ်က ပထဝီမြေအနေအထားနဲ့လည်း အလွန်သက်ဆိုင်တယ်။ အန္တရာယ်အများဆုံး ဒေသက ကမ္ဘာ့မြေမျက်နှာပြင် အစိတ်အပိုင်း သေးသေးလေးမှာပဲ ရှိပြီး နောင်မှာလည်း အဲဒီနေရာမှာပဲ ကပ်ဘေးအကြီးအကျယ် ဖြစ်ပွားမယ့် အလားအလာ ရှိတယ်။” ဥပမာ၊ မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသတွေ ဒါမှမဟုတ် ကမ္ဘာ့ပြတ်ရွေ့ကြောင်းတွေရှိတဲ့ ဒေသတွေမှာ အဲဒီလိုမျိုး ဖြစ်နိုင်ပါတယ်။ အန္တရာယ်များတဲ့ ဒေသတွေမှာ မနေထိုင်ဘူးဆိုရင် ဒါမှမဟုတ် ဘေးကင်းရာအရပ်ကို ပြောင်းရွှေ့သွားနိုင်တယ်ဆိုရင် ကပ်ဘေးတွေရဲ့ဒဏ်ခံရဖို့ အကြောင်းနည်းသွားမှာ ဖြစ်ပါတယ်။
ကြိုတင်စီစဉ်ထားပါ။
ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပေမဲ့ မျှော်လင့်မထားတဲ့ ကပ်ဘေးနဲ့ သင် ရင်ဆိုင်ရနိုင်တယ်။ ပြင်ဆင်မှုတွေ ကြိုတင်ပြုလုပ်ထားမယ်ဆိုရင် ကပ်ဘေးတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ပိုလွယ်ကူသွားမှာ ဖြစ်တယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းကိုးရဲ့ အကြံပြုချက်နဲ့လည်း ကိုက်ညီတယ်။ (သု. ၂၂:၃) ကပ်ဘေးကျရောက်တဲ့အခါ အဆင်သင့်ထွက်ပြေးနိုင်အောင် အရေးပေါ်ပစ္စည်းတွေကို အိတ်တစ်အိတ်ထဲမှာ ထည့်ထားပြီးပြီလား။ အဲဒီအိတ်ထဲမှာ ရှေးဦးသူနာပြုပစ္စည်းတွေ၊ ရေသန့်ဘူး၊ ကြာရှည်ခံအစားအစာနဲ့ အရေးကြီးစာရွက်စာတမ်းတွေ ထည့်ထားပါလို့ စာအုပ်တစ်အုပ် (1-2-3 of Disaster Education) မှာ အကြံပြုထားတယ်။ ဖြစ်ပျက်နိုင်တဲ့ ကပ်ဘေးအမျိုးအစားတွေနဲ့ လုပ်ဆောင်နိုင်တဲ့အချက်တွေကို မိသားစုနဲ့ ဆွေးနွေးသုံးသပ်တာကလည်း ပညာရှိရာရောက်ပါတယ်။
ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားနေပါ။
ဒါက ဘယ်အခြေအနေမျိုးမှာမဆို အကူအညီ ဖြစ်စေနိုင်တယ်။ ယေဟောဝါက “ဆင်းရဲ [ခြင်း] အမျိုးမျိုး ခံရသူတို့” ကို “သနားကြင်နာတတ်သည့် အဖ၊ နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်၊” “စိတ်ညှိုးငယ်သူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။—၂ ကောရိန္သု ၁:၃၊ ၄; ၇:၆။
ဘုရားသခင်ဟာ မိမိကို ယုံကြည်ကိုးစားတဲ့သူတွေ ဘာတွေရင်ဆိုင်နေရသလဲဆိုတာကို အလွန်စိတ်ဝင်စားပါတယ်။ ကိုယ်တော်ဟာ မေတ္တာရှင်ဘုရားသခင်ဖြစ်ပြီး စိတ်တက်ကြွဖွယ် အားပေးမှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြင်ဆင်ပေးတယ်။ (၁ ယောဟန် ၄:၈) အံ့ဖွယ်အမှုတွေ လုပ်ပေးဖို့မဟုတ်ဘဲ ဘုရားသခင်ရဲ့ တန်ခိုးကြီးမားတဲ့ သန့်ရှင်းသောစွမ်းအားတော်အတွက် ဆုတောင်းတာက ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်ဖို့ အထောက်အကူ ပေးနိုင်ပါတယ်။ သန့်ရှင်းသော စွမ်းအားတော်က ကပ်ဘေးကြုံနေရသူတွေအတွက် နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းချက်တွေကို ပြန်သတိရလာစေနိုင်တယ်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေလည်း ရှေးအစ္စရေးဘုရင်ဒါဝိဒ် ခံစားခဲ့ရသလို ခံစားရနိုင်ပါတယ်။ ဒါဝိဒ်က ဒီလိုပြောခဲ့တယ်– “သေမင်း၏အရိပ် လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာ [“နှစ်သိမ့်၊” ကဘ] စေပါ၏။”—ဆာလံ ၂၃:၄။
အံ့ဖွယ်အမှုတွေ လုပ်ပေးဖို့မဟုတ်ဘဲ ဘုရားသခင်ရဲ့ စွမ်းအားတော်ရဖို့ ဆုတောင်းတာက အခြေအနေတိုင်းကို ရင်ဆိုင်နိုင်စေ
ယုံကြည်ချက်တူတဲ့သူတွေ အချင်းချင်း ကူညီပေးကြ။
“မြေတစ်ပြင်လုံး၌ ကြီးစွာသော ငတ်မွတ်ခြင်းဘေး ကျရောက်လိမ့်” မယ်လို့ ပထမရာစုက အာဂဗုလို့ခေါ်တဲ့ ခရစ်ယာန်တစ်ဦး ဟောကိန်းထုတ်ထားတဲ့အတိုင်း “ကလောဒိမင်းလက်ထက်၌ ထိုငတ်မွတ်ခြင်းဘေး အမှန်ပင် ကျရောက်” ခဲ့တယ်။ ဒါကြောင့် ယုဒနယ်မှာရှိတဲ့ ယေရှုရဲ့တပည့် အတော်များများ ဆိုးဆိုးဝါးဝါး အငတ်ဘေး ကြုံခဲ့ရတယ်။ ဒီသတင်းကိုကြားတဲ့ တခြားနယ်က တပည့်တွေ ဘာလုပ်ခဲ့ကြသလဲ။ ကျမ်းစာမှတ်တမ်းက ဒီလိုဖော်ပြတယ်– ‘တပည့်တို့သည် ယုဒပြည်၌နေသော ညီအစ်ကိုတို့ထံ အသီးအသီး တတ်နိုင်သရွေ့ ကယ်ဆယ်ရေး အထောက်အပံ့ ပေးပို့ရန် ဆုံးဖြတ်ကြ၏။’ (တမန်တော် ၁၁:၂၈၊ ၂၉) ယုံကြည်ချက်တူတဲ့သူတွေဟာ ကယ်ဆယ်ရေး အထောက်အပံ့တွေကို မေတ္တာစေတနာနဲ့ ပေးကမ်းခဲ့ကြပါတယ်။
ကနေ့လည်း ဆိုးဝါးတဲ့ ကပ်ဘေးတွေ ကျရောက်တဲ့အခါ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်တဲ့သူတွေ အဲဒီအတိုင်းပဲ တုံ့ပြန်ကြပါတယ်။ ယုံကြည်ချက်တူတဲ့သူတွေကို ကူညီပေးတဲ့နေရာမှာ ယေဟောဝါသက်သေတွေကို လူသိများကြတယ်။ ဥပမာ၊ ၂၀၁၀၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ချီလီနိုင်ငံမှာ မြေငလျင် လှုပ်ခတ်သွားတဲ့အခါ ကပ်ဘေးသင့်တဲ့သူတွေကို ယေဟောဝါသက်သေတွေ ချက်ချင်း ကူညီပေးခဲ့ကြတယ်။ ကာလာလို့ခေါ်တဲ့ အမျိုးသမီး နေထိုင်တဲ့ အိမ်ဟာ ဆူနာမီရေလှိုင်းကြောင့် ပျက်စီးသွားတယ်။ သူက ဒီလိုပြောပြတယ်– “ငလျင်လှုပ်ပြီး နောက်တစ်နေ့မှာ ကျွန်မတို့ကို ကူညီဖို့ တခြားဒေသက ရောက်လာတဲ့ [သက်သေခံချင်းတွေ] ကိုတွေ့လိုက်ရတော့ အရမ်းအားရှိသွားတယ်။ အဲဒီစေတနာ့ဝန်ထမ်းတွေရဲ့ ကောင်းမြတ်မှုတွေကနေတစ်ဆင့် ကျွန်မတို့ကို ယေဟောဝါ နှစ်သိမ့်ပေးတာ သေချာတယ်။ ယေဟောဝါရဲ့မေတ္တာနဲ့ ကာကွယ်စောင့်ရှောက်မှုကို ကျွန်မ ခံစားခဲ့ရပါတယ်။” အဲဒီလိုကူညီပေးတာတွေကို ယေဟောဝါသက်သေမဟုတ်တဲ့ သူ့ရဲ့အဘိုးက တွေ့မြင်သွားပြီး ဒီလိုပြောတယ်– “ကျွန်တော် နှစ်ပေါင်းများစွာတက်ခဲ့တဲ့ ချာ့ခ်ျက အသင်းသားတွေနဲ့ တခြားစီပဲ။” အဲဒီနောက် သူ့ကို ကျမ်းစာသင်ပေးပါဆိုပြီး ယေဟောဝါသက်သေတွေကို တောင်းဆိုခဲ့ပါတယ်။
ကပ်ဘေးတွေရဲ့ ဆိုးကျိုးတွေကို ဖြေရှင်းဖို့ ယုံကြည်ချက်တူတဲ့ သူတွေ အချင်းချင်း ကူညီပေးကြ
ဘုရားသခင်ကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းခြင်းက ကပ်ဘေးကြုံနေရချိန်မှာ အကူအညီများစွာ ရရှိစေနိုင်ပါတယ်။ ဒါပေမဲ့ ကပ်ဘေးတွေ ကမ္ဘာပေါ်ကနေ ပပျောက်တော့မယ့်အချိန် ရှိပါဦးမလား။ ဒါကို ကျမ်းစာမှာ ဘယ်လို ပြောပြထားသလဲဆိုတာကို ကြည့်ကြရအောင်။