မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်သွားခဲ့

ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်သွားခဲ့

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်သွားခဲ့

ဘုရင်ထိုင်တဲ့ နေရာအနားကို ဧသတာ တဖြည်းဖြည်း ရောက်သွားလေ ရင်တဒိတ်ဒိတ်ခုန်လာလေပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ ရှုရှန်နန်းတော်ကြီးတစ်ခုလုံး အပ်ကျသံတောင် မကြားရလောက်အောင် တိတ်ဆိတ်လို့နေတယ်။ တိတ်ဆိတ်လွန်းလို့ ဧသတာရဲ့ ခြေဖွဖွ လျှောက်သံနဲ့ သူဝတ်ဆင်ထားတဲ့ ဝတ်ရုံ တဖျပ်ဖျပ်မြည်သံကိုပဲ ကြားနေရတယ်။ တင့်တယ်လှပတဲ့ တိုင်လုံးကြီးတွေ၊ လှပတဲ့ ပန်းပုလက်ရာတွေနဲ့ ပြည့်နေတဲ့ လက်ဘနွန်ထင်းရှူးသား မျက်နှာကြက်တွေနဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးကြောင့် သူ့ရဲ့အာရုံ မထွေပြားသွားပါဘူး။ မြင့်မြတ်တဲ့နေရာပေါ်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ကိုပဲ သူ အာရုံစိုက်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အသက်က အဲဒီပုဂ္ဂိုလ်ရဲ့လက်ထဲမှာ ရှိနေလို့လေ။

ဧသတာ လျှောက်လာနေတာကို ရှင်ဘုရင်က စူးစိုက်ကြည့်ပြီး သူ့ရဲ့ ရွှေရာဇလှံတံကို ကမ်းပေးလိုက်တယ်။ အဲဒီအပြုအမူက ဘာမှမဟုတ်ပေမဲ့ ဧသတာကို အသက်ချမ်းသာရာရသွားစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင့်ခေါ်မခံရဘဲ ဘုရင့်ရှေ့မှောက်ရောက်လာတဲ့ ဧသတာရဲ့အပြစ်ကို ဘုရင်က အဲဒီလိုနည်းနဲ့ ခွင့်လွှတ်ပေးလိုက်လို့ပါ။ ခင်ပွန်းသည်က သနားကြင်နာတဲ့စိတ်နဲ့ ကမ်းပေးလိုက်တဲ့ ရာဇလှံတံရဲ့ထိပ်ကို ဧသတာ ကျေးဇူးတင်စွာ လှမ်းထိလိုက်တယ်။—ဧသတာ ၅:၁၊ ၂ *

ဘုရင်အာရွှေရုကို ကြည့်ရတာ အင်မတန်ကို ချမ်းသာကြွယ်ဝပြီး တန်ခိုးအာဏာကြီးထွားတဲ့ပုံပါပဲ။ အဲဒီခေတ်က ပါးရှားဘုရင်တွေ ဝတ်ဆင်တဲ့ ဝတ်ရုံရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး တန်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဧသတာ တွေ့လိုက်တာကတော့ ခင်ပွန်းသည်ရဲ့ ချစ်ရိပ်သန်းနေတဲ့ မျက်ဝန်းတစ်စုံကိုပါ။ ဘုရင်ကလည်း ဧသတာကို ချစ်တယ်ဆိုတာ သူ့နည်းသူ့ဟန်နဲ့ ဖော်ပြပါတယ်။ ဧသတာကို ချစ်တဲ့အတွက် ဘုရင်က “သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော်တစ်ဝက်တိုင်အောင် ငါပေးမည်” လို့ပြောတယ်။—ဧသတာ ၅:၃

ဧသတာ ပြသသွားတဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိက အရမ်းကို ထူးခြားပါတယ်။ မျိုးဖြုတ်သတ်ဖြတ်ခံရတော့မယ့် မိမိလူမျိုးကို ကာကွယ်ဖို့ ဘုရင့်ရှေ့မှောက်ကို သူရောက်လာပါပြီ။ အခုထက်ထိတော့ အောင်မြင်နေပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ စိန်ခေါ်ချက်တွေကို သူရင်ဆိုင်ရဦးမှာ။ ဘုရင် အယုံကြည်ရဆုံး အတိုင်ပင်ခံအမတ်က ယုတ်မာတဲ့သူဖြစ်တယ်၊ ဘုရင်ကို မလိမ့်တစ်ပတ်လုပ်ပြီး ဂျူးလူမျိုးကို သေတွင်းပို့ဖို့ ကြံစည်နေတဲ့သူ ဖြစ်တယ်ဆိုတာကို ဘုရင် လက်ခံယုံကြည်လာအောင် ဧသတာ ပြောရမယ်။ ဘုရင်ကို ဧသတာ ဘယ်လိုဖျောင်းဖျရမလဲ။ သူ့ရဲ့ယုံကြည်ခြင်းကနေ ဘာသင်ခန်းစာတွေ ရရှိနိုင်မလဲ။

“စကားပြောရသောအချိန်” ကို ပညာရှိရှိ သူရွေးချယ်ခဲ့

မှူးမတ်တွေရှေ့မှာ ဘုရင်ကို ဧသတာ ဖြစ်ကြောင်းကုန်စင် ပြောပြသင့်ပါသလား။ အဲဒီလိုသာ ပြောပြလိုက်မယ်ဆိုရင် ဘုရင်ကို အရှက်ခွဲသလို ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဘုရင့်အတိုင်ပင်ခံအမတ် ဟာမန်အတွက်လည်း ဧသတာရဲ့ စွပ်စွဲချက်ကို ဘူးခံငြင်းဖို့ အချိန်ရသွားနိုင်တယ်။ ဒါကြောင့် ဧသတာ ဘယ်လိုလုပ်ဆောင်ခဲ့ပါသလဲ။ နှစ်ပေါင်းများစွာကတည်းက ပညာရှိရှင်ဘုရင် ရှောလမုန် ဒီလိုရေးသားခဲ့တယ်– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ . . . တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏။” (ဒေ. ၃:၁၊) မွေးစားဖခင်လိုဖြစ်တဲ့ ဝမ်းကွဲ မော်ဒကဲက အဲဒီလိုမူတွေကို သုံးပြီး ဧသတာကို ငယ်ငယ်လေးကတည်းက သွန်သင်ဆုံးမခဲ့တာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒါကြောင့် “စကားပြောရသောအချိန်” ကို ဂရုတစိုက် ရွေးချယ်ဖို့ အရေးကြီးတယ်ဆိုတာကို ဧသတာ သဘောပေါက်ထားမှာ သေချာပါတယ်။

ဧသတာက “အရှင်မင်းကြီး အလိုတော်ရှိလျှင် အရှင်မင်းကြီးအဖို့ ကျွန်တော်မ ပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ ကြွတော်မူပါ” လို့ပြောတယ်။ (ဧသတာ ၅:၄) ဘုရင်က သဘောတူပြီး ဟာမန်ကို ဆင့်ခေါ်လိုက်တယ်။ ဧသတာ ပညာရှိရှိ ပြောလိုက်ပုံကို သတိပြုမိပါသလား။ ခင်ပွန်းသည်ရဲ့ သိက္ခာကို ထိန်းပေးတဲ့အပြင် ခင်ပွန်းသည်ကို မိမိရဲ့ရတက်မအေးဖွယ် ပူပန်စရာတွေ ပြောပြဖို့ ပိုပြီးသင့်လျော်တဲ့အချိန်ကို ဖန်တီးလိုက်တယ်လေ။

ဧသတာဟာ စားသောက်ပွဲကြီးကို ခင်ပွန်းသည်အကြိုက် လိုလေသေးမရှိအောင် ကောင်းကောင်း ပြင်ဆင်ထားမယ်ဆိုတာ သေချာပါတယ်။ စားသောက်ပွဲကြီးမှာ ဝိုင်အကောင်းစားတွေနဲ့ တည်ခင်းဧည့်ခံမယ်။ အဲဒါက လူကို စိတ်ရွှင်လန်းစေတယ်လေ။ (ဆာလံ ၁၀၄:၁၅) ဘုရင်အာရွှေရုဟာ စိတ်ပျော်နေတဲ့အတွက် ဧသတာကို ဘာအလိုရှိသလဲလို့ ထပ်ပြီး မေးပြန်တယ်။ ဧသတာအတွက် အခုအချိန်က စကားပြောရမယ့်အချိန်လား။

အချိန်အခါကောင်း မဟုတ်သေးဘူးလို့ ဧသတာ ယူဆလိုက်ပြီး ဘုရင်နဲ့ဟာမန်ကို နောက်တစ်နေ့မှာ ထပ်ကျင်းပမယ့် စားသောက်ပွဲကြီးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပြန်တယ်။ (ဧသတာ ၅:၇၊ ၈) သူ ဘာကြောင့် အချိန်ဆွဲနေရတာလဲ။ ဧသတာရဲ့ လူမျိုးဟာ ဘုရင့်အမိန့်ကြောင့် သေဘေးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို သတိရပါ။ သေရေးရှင်ရေးတမျှ ဖြစ်နေတဲ့အတွက် အချိန်အခါကောင်းဖြစ်အောင် ဧသတာ လုပ်ဆောင်ဖို့လိုတယ်လေ။ ဒါကြောင့် ခင်ပွန်းသည်ကို သူ ဘယ်လောက်လေးစားတယ်ဆိုတာ နောက်ထပ်ပြသခွင့်ရဖို့ သူ စောင့်ဆိုင်းလိုက်တာပါ။

စိတ်ရှည်ခြင်းဆိုတာ ထူးခြားမွန်မြတ်တဲ့ အရည်အသွေးတစ်ခုဖြစ်ပြီး အဲဒါကို လူတိုင်း မတင်ပြနိုင်ပါဘူး။ ဧသတာဟာ စိတ်သောကရောက်နေပြီး စိတ်ထဲရှိရာကို အားရပါးရ ပြောပြချင်ပေမဲ့ အခွင့်အခါကောင်းကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းလိုက်တယ်။ အမှန်ပြင်ဖို့လိုတဲ့ မှားယွင်းနေတဲ့အရာတွေကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရဖွယ်ရှိတဲ့အတွက် ဧသတာရဲ့စံနမူနာကနေ သင်ခန်းစာယူစရာတွေ အများကြီးရှိနိုင်ပါတယ်။ ကိစ္စရပ်ကို အခွင့်အာဏာရှိတဲ့သူ တစ်ယောက်ယောက်ဆီ တင်ပြဖို့ ကြိုးစားတဲ့အခါ ဧသတာလို စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ ကျမ်းစာပညာရှိစကားတစ်ခွန်းက ဒီလိုဆိုတယ်– “စိတ်ရှည်သောအားဖြင့် အမျက်ကို ငြိမ်းစေတတ်၏။ ဖြည်းညင်းသောစကားသည်လည်း အရိုးကျိုးအောင် တတ်နိုင်၏။” (သု. ၂၅:၁၅သမ္မာ) ဧသတာ လုပ်ခဲ့သလိုမျိုး အချိန်အခါကောင်းကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပြီး စကားကို ချိုချိုသာသာ ပြောဆိုမယ်ဆိုရင် ခက်ထန်မာကျောတဲ့ ဆန့်ကျင်မှုတွေတောင် ပျော့ပျောင်းသွားနိုင်ပါတယ်။ စိတ်ရှည်ပြီး ဉာဏ်ပညာရှိတဲ့အတွက် ဧသတာကို ယေဟောဝါဘုရားသခင် ဆုချခဲ့သလား။

စိတ်ရှည်မှုကြောင့် တရားမျှတမှုအတွက် လမ်းပွင့်သွား

ဧသတာရဲ့ စိတ်ရှည်မှုကြောင့် ထူးခြားတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဟာမန်ဟာ ဘုရင်နဲ့မိဖုရားတို့ရဲ့ ပါစားပေးမှုကို ခံရလို့ “ဝမ်းမြောက်ရွှင်လန်း” တဲ့စိတ်နဲ့ စားသောက်ခန်းမကနေ ထွက်လာတယ်။ ဒါပေမဲ့ နန်းတော်ဂိတ်တံခါးကိုလည်း ဖြတ်ရော ဟာမန်ရဲ့အကြည့်က မော်ဒကဲဆီ ရောက်သွားတယ်။ ဒီဂျူးက အခုထက်ထိ သူ့ကို အရိုအသေ မပေးသေးဘူး။ မော်ဒကဲ အရိုအသေမပေးတာက သူ့ရဲ့ အသိစိတ်၊ ယေဟောဝါဘုရားသခင်နဲ့ သူ့ရဲ့ဆက်ဆံရေးကြောင့်ပါ။ ဒါပေမဲ့ ဟာမန် “အလွန်အမျက်ထွက်” သွားတယ်။—ဧသတာ ၅:၉

ဟာမန် အိမ်ရောက်တော့ သူ့ကို မော်ဒကဲ အရိုအသေမပေးတဲ့အကြောင်း ဇနီးနဲ့ မိတ်ဆွေတွေကို ပြောပြတယ်။ သူတို့က ၇၂ ပေကျော်ရှိတဲ့ တိုင်ကြီးတစ်တိုင် စိုက်ထူဖို့၊ မော်ဒကဲကို ကွပ်မျက်ပြီး အဲဒီတိုင်မှာ ချိတ်ဆွဲထားဖို့ ဘုရင့်ဆီ အခွင့်တောင်းပါဆိုပြီး ဟာမန်ကို တိုက်တွန်းကြတယ်။ အဲဒီအကြံကို ဟာမန် သဘောကျသွားပြီး ချက်ချင်းပဲ အကောင်အထည်ဖော်တော့တယ်။—ဧသတာ ၅:၁၂-၁၄

ထူးဆန်းတာက အဲဒီအချိန်မှာ ဘုရင်ကလည်း အိပ်မပျော်ဘူးဖြစ်နေတယ်။ “ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်” ဖြစ်နေတာကြောင့် နန်းတော်မှတ်စာကို အသံကျယ်ကျယ်နဲ့ ဖတ်ပြခိုင်းတယ်။ ဒီအခါမှာ ဘုရင်အာရွှေရုကို လုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ်နဲ့ပတ်သက်တဲ့ မှတ်တမ်းကို ဖတ်ပြမိကြတယ်။ ဒီကိစ္စကို ဘုရင် သတိရသွားပြီ။ အဲဒီတုန်းက လုပ်ကြံဖို့ ကြံစည်တဲ့သူတွေကို ဖမ်းမိပြီး ကွပ်မျက်လိုက်သေးတယ်လေ။ ဒါပေမဲ့ လျှို့ဝှက်ကြံစည်မှုကို ဖော်ထုတ်ပေးခဲ့တဲ့ မော်ဒကဲနဲ့ပတ်သက်ပြီးတော့ကော။ ဘုရင်ဟာ ရုတ်တရက်ဆိုသလို သတိဝင်လာပြီး မော်ဒကဲကို ဆုချပြီးပြီလားလို့ အခြွေအရံတွေကို မေးလိုက်တယ်။ ဘာဆုမှ မချရသေးဘူးလို့ သူတို့က ပြန်ဖြေကြတယ်။—ဧသတာ ၆:၁-၃

စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ဘုရင်ဟာ မော်ဒကဲကို ဆုချဖို့ သူ့ကို ကူညီပေးမယ့် ဘယ်နန်းတွင်းအရာရှိ အဆင်သင့်ရှိနေသလဲလို့ မေးလိုက်တယ်။ အံ့ဩစရာကောင်းတာက နန်းတော်တံတိုင်းတွင်းမှာ ဟာမန် အစောကြီး ရောက်နေတယ်။ သူ့ကိုကြည့်ရတာ မော်ဒကဲကိုသတ်မိန့်ရဖို့အတွက် စိတ်စောနေသလိုပဲ။ ဒါပေမဲ့ ဘုရင့်ဆီ ဟာမန် ခွင့်ပြုချက်မတောင်းခင် ဘုရင့်မျက်နှာသာ ရရှိထားတဲ့သူကို ဘယ်လိုချီးမြှောက်ပေးရင် အကောင်းဆုံးလဲလို့ အမေးခံလိုက်ရတယ်။ ဘုရင်က သူ့ကို ချီးမြှောက်ချင်နေတာလို့ ဟာမန်ထင်နေတယ်။ ဒါနဲ့ ဟာမန်က ချီးမြှောက်ခံရမယ့် ပုဂ္ဂိုလ်ကို သားနားတဲ့ဝတ်ရုံ ဆင်မြန်းစေပြီး ဘုရင့်စီးတော်မြင်းနဲ့ ရှုရှန်နန်းတော်တစ်ပတ် မင်းခမ်းမင်းနားနဲ့ လှည့်လည်ခိုင်း၊ ပြီးရင် ဒီပုဂ္ဂိုလ်ဟာ ဘုရင်ချီးမြှောက်ခံရတဲ့သူ ဖြစ်တယ်ဆိုပြီး လူအားလုံး ကြားအောင် ကြွေးကြော်ပါလို့ အကြံပေးလိုက်တယ်။ ဒါပေမဲ့ ချီးမြှောက်ခံရမယ့် ပုဂ္ဂိုလ်က မော်ဒကဲဖြစ်တယ်ဆိုတာကို ဟာမန် သိလိုက်ရတဲ့အချိန်မှာ သူ့မျက်နှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ မော်ဒကဲဟာ ဘုရင့်ချီးမြှောက်ခြင်းခံရသူဖြစ်တယ်လို့ ကြွေးကြော်ရမယ့် တာဝန်ကို ဘယ်သူရခဲ့သလဲ။ ဟာမန်ပဲလေ။—ဧသတာ ၆:၄-၁၀

ဟာမန်ဟာ အဲဒီတာဝန်ကို ရလိုက်တဲ့အတွက် မော်ဒကဲကို ပိုလို့တောင် မုန်းသွားတယ်။ ဒီလိုနဲ့ စိတ်ပျက်လက်ပျက်ဖြစ်ပြီး အိမ်ကို ကပျာကယာ ပြန်သွားတယ်။ အိမ်ကိုရောက်တော့ ဇနီးဖြစ်သူနဲ့ မိတ်ဆွေတွေက အခြေအနေမကောင်းတော့ဘူး၊ မော်ဒကဲဆိုတဲ့ ဂျူးအမျိုးသားကို တိုက်ခိုက်တဲ့အတွက် အရှုံးနဲ့ရင်ဆိုင်ရတော့မယ်လို့ ပြောကြတယ်။—ဧသတာ ၆:၁၂၊ ၁၃

ဘုရင့်ဆီ တောင်းဆိုမှုတစ်ခုပြုဖို့ နောက်တစ်နေ့အထိ ဧသတာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းလိုက်တဲ့အတွက် ဟာမန်ကို သူ့သေတွင်းသူ တူးဖို့ ဖန်တီးပေးလိုက်သလို ဖြစ်သွားတယ်။ ရှင်ဘုရင် အိပ်မပျော်အောင် ယေဟောဝါဘုရားသခင် ဖန်တီးပေးလိုက်တာကော မဖြစ်နိုင်ဘူးလား။ (သု. ၂၁:၁) ဒါကြောင့် “စောင့်မျှော်” တတ်တဲ့ သဘောထားရှိဖို့ ကျမ်းစာမှာ တိုက်တွန်းထားတာ အံ့ဩစရာမဟုတ်ပါဘူး။ (မိက္ခာ ၇:၇သမ္မာ) ဘုရားသခင်ကို စောင့်ဆိုင်းတဲ့သဘောထား တင်ပြမယ်ဆိုရင် ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာထက် ပိုပြီးသာလွန်တဲ့ ဘုရားသခင့်ဖြေရှင်းနည်းကို တွေ့ရှိမှာဖြစ်တယ်။

သတ္တိရှိရှိ သူထုတ်ဖော်ပြောဆိုခဲ့

ဘုရင်ရဲ့စိတ်ရှည်မှုကို ဧသတာ ထပ်မစမ်းသပ်ရဲတော့ဘူး။ ဒုတိယအကြိမ် စားသောက်ပွဲကြီးမှာ ဖြစ်ကြောင်းကုန်စင် ပြောပြမှဖြစ်တော့မယ်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ။ ဖြစ်ချင်တော့ ဘုရင်ကလည်း သူ့ကို ဘာအလိုရှိသလဲလို့ ထပ်မေးပြန်တယ်။ (ဧသတာ ၇:၂) အခု ဧသတာအတွက် “စကားပြောရသောအချိန်” ရောက်လာပါပြီ။

“ကျွန်တော်မကို စိတ်နှင့်တွေ့တော်မူလျှင်လည်းကောင်း၊ အလိုတော်ရှိလျှင်လည်းကောင်း ကျွန်တော်မ အလိုအတိုင်း ကျွန်တော်မ အသက်နှင့် ကျွန်တော်မ တောင်းပန်သည်အတိုင်း အမျိုးသားချင်းအသက်ကို ချမ်းသာပေးတော်မူပါ” လို့မပြောခင်မှာ ဘုရားသခင်ဆီ ဧသတာ တိတ်တိတ်လေး ဆုတောင်းလိုက်တာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ (ဧသတာ ၇:၃) ကောင်းမယ်လို့ ဘုရင် ထင်တဲ့အတိုင်း စီရင်ဆုံးဖြတ်တာကို ဧသတာ လေးစားတယ်ဆိုတာ သူ့ရဲ့စကားကနေ သိနိုင်တယ်။ ဧသတာရဲ့အပြုအမူက ဘုရင်အရှက်ရအောင် တမင်တကာလုပ်ခဲ့တဲ့ မိဖုရားဟောင်း ဝါရှတိနဲ့ တစ်ခြားစီပဲ၊ ဆီနဲ့ရေလို ကွာလိုက်တာ။ (ဧသတာ ၁:၁၀-၁၂) ဒါ့အပြင် ဟာမန်အပေါ် ဘုရင် တလွဲယုံကြည်တာကိုလည်း ဧသတာ အပြစ်မတင်ခဲ့ဘူး။ အဲဒီအစား အသက်အန္တရာယ် ကြုံနေရတဲ့ သူ့ကို အကာအကွယ်ပေးဖို့ ဘုရင်ကို သူ အသနားခံခဲ့တယ်။

ဧသတာ အဲဒီလိုတောင်းဆိုတဲ့အတွက် ဘုရင် စိတ်ထိမိပြီး အံ့သြသွားမှာ သေချာတယ်။ မိဖုရားကို အန္တရာယ်ပေးဝံ့သူက ဘယ်သူလဲ။ ဧသတာက ဒီလိုဆက်ပြောတယ်– “ကျွန်တော်မနှင့် ကျွန်တော်မ၏ အမျိုးသားချင်းတို့အား ရောင်းစားလိုက်ကြပြီဖြစ်၍ ကျွန်တော်မတို့သည် သေရကြပါတော့မည်။ အကယ်၍ ကျွန်ဘဝသို့ ရောက်ကြရရုံသာဆိုလျှင် ကျွန်တော်မသည် အရှင်မင်းကြီးအား အနှောင့်အယှက်မပေးဘဲ ကြိတ်၍ ခံမည်သာဖြစ်ပါ၏။ ယခုမူ ကျွန်တော်မတို့သည် အမျိုးပြုတ်အောင် သုတ်သင်ဖျက်ဆီးခြင်းကို ခံရကြပါတော့မည်။” (ဧသတာ ၇:၄ခမ) ဧသတာဟာ ပြဿနာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်ပေမဲ့ ကျွန်ပြုဖို့ ခြိမ်းခြောက်ခံနေရရုံလေးနဲ့သာဆိုရင် သူ့အနေနဲ့ နှုတ်ပိတ်နေမှာပါလို့ ပြောသွားတာကို သတိပြုပါ။ ဒါပေမဲ့ ရေငုံနှုတ်ပိတ် နေလိုက်မယ်ဆိုရင် အဲဒီမျိုးဖြုတ်သတ်ဖြတ်မှုကြောင့် ဘုရင် အကြီးအကျယ် ဆုံးရှုံးနစ်နာသွားပါလိမ့်မယ်။

တစ်ဦးတစ်ယောက်ကို ဘယ်လိုဖျောင်းဖျရမလဲဆိုတာ ဧသတာရဲ့ ပုံနမူနာက သင်ပေးပါတယ်။ ကိုယ်ချစ်မြတ်နိုးရသူကို ဒါမှမဟုတ် အခွင့်အာဏာရှိသူကို ကြီးလေးတဲ့ပြဿနာအကြောင်း ပြောပြတော့မယ်ဆိုရင် ဧသတာ လုပ်ခဲ့တဲ့အတိုင်း စိတ်ရှည်ရှည်ထားပြီး တလေးတစားနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတာက အကူအညီဖြစ်စေနိုင်ပါတယ်။—သု. ၁၆:၂၁၊ ၂၃

ဘုရင်အာရွှေရုက “ထိုသို့ပြုမည်ဟု ကြံဝံ့သူကား အဘယ်သူနည်း။ အဘယ်မှာ ရှိသနည်း” လို့မေးလိုက်တယ်။ ဟာမန်ဘက်ကို ဧသတာ လက်ညှိုးထိုးပြီး “ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သော ဟာမန်ဖြစ်ပါ၏” လို့ပြောလိုက်တယ်။ ဧသတာရဲ့စကားကြောင့် ဘုရင်ရော ဟာမန်ပါ ရုတ်တရက် ကြက်သေသေသွားတယ်။ ဟာမန်ကတော့ ကြောက်ဒူးတုန်နေပါပြီ။ မိမိချစ်မြတ်နိုးရတဲ့ မိဖုရားကို သတ်ပစ်ဖို့အမိန့်ကို လက်မှတ်ရေးထိုးအောင် မလိမ့်တစ်ပတ် လုပ်ခဲ့သူက မိမိရဲ့ အကြံပေးအရာရှိဖြစ်နေတာကို ဘုရင်သိလိုက်ရတော့ ယမ်းပုံမီးကျသလို ဒေါသထောင်းကနဲ ထွက်သွားတယ်။ စိတ်ဆိုးလွန်းလို့ ဘုရင့်မျက်နှာ နီရဲတွတ်နေတာပဲ။ ဒါနဲ့ ဘုရင်ဟာ စိတ်တည်ငြိမ်မှုရဖို့ ဒေါနဲ့မောနဲ့ ဥယျာဉ်ဘက်ကို ထွက်သွားလိုက်တယ်။—ဧသတာ ၇:၅-၇

အကြံသမားအဖြစ် ဖော်ထုတ်ခံလိုက်ရတဲ့ ဟာမန်ကတော့ မိဖုရားရဲ့ခြေရင်းမှာ ပြားပြားဝပ်လို့နေတယ်။ နန်းတွင်းထဲ ဘုရင် ပြန်ဝင်လာတဲ့အခါ သလွန်ပေါ်မှာ ထိုင်နေတဲ့ ဧသတာကို ဟာမန် အသနားခံနေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ မိဖုရားကို မတရားပြုဖို့ ကြိုးစားနေတာလားဆိုပြီး ဟာမန်ကို စိတ်ဆိုးဆိုးနဲ့ စွပ်စွဲလိုက်ပါလေရော။ အဲဒီစွပ်စွဲသံက ဟာမန်အတွက် အသုဘခေါင်းလောင်း မြည်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဟာမန်ကို အပြင်ဆွဲထုတ်သွားပြီး သူ့ရဲ့မျက်နှာကိုလည်း အဝတ်နဲ့အုပ်လိုက်ကြတယ်။ ဒီအခါမှာ ဘုရင့်မှူးမတ်တစ်ယောက်က မော်ဒကဲကိုသတ်ဖို့ ဟာမန် စိုက်ထူထားတဲ့ တိုင်ကြီးတစ်တိုင်ရှိတယ်ဆိုပြီး ဘုရင်ကို ပြောပြလိုက်တယ်။ ဘုရင်အာရွှေရုက ချက်ချင်းပဲ ဟာမန်ကို ကွပ်မျက်ပြီး အဲဒီတိုင်မှာ ချိတ်ဆွဲဖို့ အမိန့်ပေးလိုက်တယ်။—ဧသတာ ၇:၈-၁၀

မတရားတဲ့ ကနေ့လောကမှာ တရားမျှတမှုရှိတဲ့ လုပ်ရပ်တွေကို တွေ့ရခဲပါတယ်။ သင်ကော အဲလိုကြုံဖူးပါသလား။ စိတ်ပျက်အားလျော့တာ၊ ပြစ်တင်ဝေဖန်တာ၊ ယုံကြည်ခြင်းကင်းမဲ့တာမျိုး ဧသတာမှာ မရှိခဲ့ပါဘူး။ အချိန်တန်လာတဲ့အခါ အမှန်တရားအတွက် ရဲရဲရင့်ရင့် သူထုတ်ဖော်ပြောဆိုခဲ့ပြီး ကျန်တာကို ယေဟောဝါဘုရားသခင်လက်ထဲ ပုံအပ်လိုက်ပါတယ်။ ကျွန်ုပ်တို့လည်း အဲဒီအတိုင်း လုပ်ကြပါစို့။ ဧသတာခေတ်ကစပြီး ကနေ့အချိန်အထိ ယေဟောဝါဘုရားသခင်က ပြောင်းလဲမသွားပါဘူး။ ဟာမန်ကို လုပ်ခဲ့သလိုမျိုး လူဆိုးတွေကို အလွတ်မပေးဘဲ သူတို့အတတ်နဲ့သူတို့စူးအောင် ဘုရားသခင် လုပ်ပေးနိုင်ပါတယ်။—ဆာလံ ၇:၁၁-၁၆

ယေဟောဝါဘုရားသခင်နဲ့ ဂျူးလူမျိုးအတွက် ကိုယ်ကျိုးမငဲ့ သူလုပ်ဆောင်သွားခဲ့

နောက်ဆုံးတော့ မော်ဒကဲက ဘယ်သူလဲဆိုတာ ဘုရင် သိလိုက်ရပါပြီ။ မိမိလုပ်ကြံမခံရအောင် ကာကွယ်ပေးခဲ့သူဖြစ်ရုံသာမက ဧသတာရဲ့ မွေးစားဖခင်ပါ ဖြစ်နေပါလား။ ဘုရင်ဟာ မော်ဒကဲကို ဟာမန်ရဲ့ ဝန်ကြီးချုပ်အရာ ပေးအပ်လိုက်တယ်။ ဧသတာကိုတော့ ဟာမန်ရဲ့အိမ်အပါအဝင် စည်းစိမ်အားလုံး ပေးအပ်လိုက်တယ်။ အဲဒီစည်းစိမ်တွေကို ထိန်းသိမ်းဖို့ မော်ဒကဲကို ဧသတာ တာဝန်ပေးလိုက်တယ်။—ဧသတာ ၈:၁၊ ၂

အခု ဧသတာနဲ့ မော်ဒကဲတို့ ဘေးမသီရန်မခ ဖြစ်သွားပြီဆိုတော့ ဧသတာအနေနဲ့ အေးအေးဆေးဆေး နေလို့ရပြီလား။ သူသာ တစ်ကိုယ်ကောင်းဆန်မယ်ဆိုရင် နေလို့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဂျူးတွေအားလုံးကို သတ်ပစ်ဖို့ ဟာမန်ရဲ့အမိန့်ထုတ်ပြန်ချက်က အင်ပါယာတစ်ခွင်လုံး ပြန့်သွားပြီလေ။ ဟာမန်ဟာ ယုတ်မာပက်စက်တဲ့ အကြံအစည်ကို အကောင်အထည်ဖော်ဖို့ အချိန်ကောင်းအခါကောင်း သတ်မှတ်နိုင်အောင် မဲချ (ပါးရှားဘာသာစကားနဲ့ ပုရလို့ခေါ်) ခဲ့တယ်။ အဲလိုမဲချတာက နတ်ဝိဇ္ဇာအတတ်ပညာနဲ့ ဆက်နွှယ်နေတယ်ဆိုတာ သိသာပါတယ်။ (ဧသတာ ၉:၂၄-၂၆) ဂျူးတွေကို သတ်မယ့်နေ့ရောက်ဖို့ လနဲ့ချီပြီး လိုသေးပေမဲ့ အလျင်အမြန် ရောက်လာနေသလိုပါပဲ။ မျိုးဖြုတ်သတ်ဖြတ်မှု မဖြစ်အောင်ကော တားဆီးနိုင်ပါ့မလား။

ဒီတစ်ခါလည်း ဧသတာဟာ ကိုယ့်အသက်ကို ပဓာနမထားဘဲ သက်စွန့်ကြိုးပမ်းခဲ့ပြန်တယ်။ ဆင့်ခေါ်ချက်မရဘဲ ဘုရင့်ရှေ့ကို နောက်တစ်ကြိမ် သူဝင်ရောက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ ငိုကြွေးပြီး ကြောက်မက်ဖွယ်အမိန့်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဘုရင်ကို အသနားခံခဲ့တယ်။ ဒါပေမဲ့ ပါးရှားဘုရင့်နာမည်နဲ့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ပြန်လည်ရုပ်သိမ်းလို့ မရတော့ပါဘူး။ (ဒံယေလ ၆:၁၂၊ ၁၅) ဒါကြောင့် ဘုရင်က ဧသတာနဲ့ မော်ဒကဲကို အမိန့်အသစ် ထုတ်ပြန်ဖို့ အာဏာလွှဲအပ်လိုက်တယ်။ ဂျူးတွေမှာ ရန်သူကို ခုခံကာကွယ်ခွင့်ရှိတယ်ဆိုတဲ့ ဒုတိယကြေညာချက်ကို ထုတ်ပြန်လိုက်တယ်။ မြင်းစီးစေတမန်တွေက အဲဒီသတင်းကောင်းကို ဂျူးတွေနေထိုင်ရာ အင်ပါယာတစ်ခွင် သွားရောက်ကြေညာလိုက်တယ်။ အခု သူတို့မှာ မျှော်လင့်ချက်ရှိသွားပါပြီ။ (ဧသတာ ၈:၃-၁၆) ကြီးမားကျယ်ပြောတဲ့ အင်ပါယာတစ်ခွင်က ဂျူးတွေဟာ လက်နက်စွဲကိုင်ပြီး ခုခံကာကွယ်ဖို့ အသင့်ပြင်ထားနေတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ အဲဒီကြေညာချက်အသစ်သာ မထုတ်ပြန်ခဲ့ရင် သူတို့ အဲလိုအခွင့်အရေးရမှာ မဟုတ်ဘူး။ အဲဒါထက် ပိုပြီးအရေးကြီးတာက ‘ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင် ယေဟောဝါ’ က ဂျူးတွေဘက်မှာ ရှိပါ့မလား။—၁ ရာ. ၁၇:၄၅

ဂျူးတွေကို သတ်မယ့်နေ့ ရောက်လာတဲ့အခါ ဂျူးတွေကလည်း ခုခံဖို့ အသင့်ဖြစ်နေကြပြီ။ ဂျူးလူမျိုး မော်ဒကဲက ဝန်ကြီးချုပ် ဖြစ်သွားပြီဆိုတဲ့သတင်း အင်ပါယာအနှံ့ ရောက်ရှိသွားတဲ့အခါ ပါးရှားအရာရှိအတော်များများတောင် ဂျူးတွေဘက် ရပ်တည်ပေးခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်ကပဲ ဂျူးတွေကို အနိုင်ရရှိစေခဲ့တာပါ။ ဂျူးတွေကို ရန်သူတွေ အန္တရာယ်ထပ်မပေးနိုင်အောင် ခွက်ခွက်လန် ရှုံးနိမ့်စေခဲ့မှာ သေချာပါတယ်။ *ဧသတာ ၉:၁-၆

ဟာမန်ရဲ့သား ဆယ်ယောက်ကို မသတ်ပစ်ရင် ဟာမန်ရဲ့အိမ်ကို ကြီးကြပ်ဖို့ မော်ဒကဲအတွက် ဘေးကင်းလုံခြုံမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ကိုလည်း ကျူပင်ခုတ် ကျူငုတ်မကျန်အောင် အပြတ်ရှင်းပစ်လိုက်တယ်။ (ဧသတာ ၉:၇-၁၀) ဒီလိုနဲ့ ကျမ်းစာကြိုဟောချက်တစ်ခု ပြည့်စုံသွားခဲ့တယ်။ အကြောင်းကတော့ ရှေးအချိန်က အစ္စရေးလူမျိုးကို ရန်ဘက်ပြုနေတဲ့ ရန်သူတွေထဲမှာ ပါဝင်ခဲ့တဲ့ အာမလက်လူမျိုးကို လက်စတုံးပစ်ဖို့ ဘုရားသခင် ကြိုပြောခဲ့ပါတယ်။ (တရားဟောရာ ၂၅:၁၇-၁၉) ဟာမန်ရဲ့သားတွေဟာ စီရင်ချက်ချခံရတဲ့ လူမျိုးရဲ့ နောက်ဆုံးလက်ကျန် ဖြစ်နိုင်ပါတယ်။

ဧသတာဟာ စစ်မှုနဲ့ သတ်ဖြတ်မှုပါဝင်တဲ့ မင်းမိန့်တွေလိုမျိုး ကြီးလေးတဲ့တာဝန်တွေကို အရွယ်နဲ့မလိုက်အောင် ထမ်းဆောင်ခဲ့ရပါတယ်။ ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်ရတာ လွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က ဂျူးတွေကို အသက်ဘေးကနေ ကာကွယ်ပေးဖို့ အလိုရှိပါတယ်။ အကြောင်းရင်းက လူသားအားလုံးရဲ့ မျှော်လင့်ရာရင်းမြစ်ဖြစ်တဲ့ မေရှိယဟာ ဂျူးလူမျိုးကနေ ထွက်ပေါ်လာမှာဖြစ်လို့ပါပဲ။ (ကမ္ဘာဦး ၂၂:၁၈) မေရှိယဖြစ်တဲ့ ယေရှု ကမ္ဘာပေါ်ကို ရောက်လာတုန်းက နောက်လိုက်တွေကို ပကတိစစ်ပွဲမှာ မပါဝင်ဖို့ တားမြစ်ခဲ့တယ်ဆိုတာကို ကနေ့ခေတ်မှာရှိတဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေ သိရလို့ ဝမ်းသာကြပါတယ်။—မဿဲ ၂၆:၅၂

ဒါပေမဲ့ ခရစ်ယာန်တွေဟာ စာတန်၊ သူ့ရဲ့အပေါင်းအပါ ဝိညာဉ်ဆိုးတွေနဲ့ ပုံဆောင်စစ်ပွဲ ဆင်နွှဲနေပါတယ်။ စာတန်ဟာ ယေဟောဝါဘုရားသခင်အပေါ် ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ဖြိုဖျက်ဖို့ အရင်ကထက် ပိုပြီးစိတ်ထက်သန်နေတယ်။ (၂ ကောရိန္သု ၁၀:၃၊ ၄) ဧသတာရဲ့ စံနမူနာကို ကျွန်ုပ်တို့ သိခွင့်ရတာ အခွင့်ထူးပါပဲ။ သူ့လိုပဲ ကျွန်ုပ်တို့လည်း ပညာရှိရှိ၊ စိတ်ရှည်ရှည်နဲ့ ဖျောင်းဖျခြင်းအားဖြင့်၊ သတ္တိရှိခြင်းအားဖြင့်၊ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေဘက် ကိုယ်ကျိုးမငဲ့ဘဲ ရပ်တည်ခြင်းအားဖြင့် ကိုယ့်ရဲ့ယုံကြည်ခြင်းကို တင်ပြသွားနိုင်ပါစေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ဒီဆောင်းပါးတွဲရဲ့ ပထမဆောင်းပါးမှာ မိဘမဲ့ ဧသတာကို သူ့ထက် အသက်အများကြီး ကြီးတဲ့ ဝမ်းကွဲ မော်ဒကဲက မွေးစားခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ပါရှားဘုရင် အာရွှေရုရဲ့ မိဖုရားအဖြစ် ရွေးချယ်ခံရတာကို ဖတ်ရှုခဲ့ရပါတယ်။ ဘုရင့်အတိုင်ပင်ခံအမတ်ဖြစ်တဲ့ ဟာမန်က မော်ဒကဲရဲ့ လူမျိုးဖြစ်တဲ့ ဂျူးတွေကို မျိုးဖြုတ်သတ်ပစ်ဖို့ ယုတ်မာတဲ့အကြံအစည်ကို လျှို့ဝှက်ကြံစည်ခဲ့တယ်။ ဂျူးလူမျိုးအတွက် ဘုရင့်ဆီ အသနားခံဖို့ ဧသတာကို မော်ဒကဲ တိုက်တွန်းခဲ့တယ်။—“သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ—ဘုရားသခင် ရွေးချယ်ထားတဲ့ လူမျိုးဘက် သူရပ်တည်ခဲ့”၂၀၁၁၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ဆောင်းပါးကို ဖတ်ကြည့်ပါ။

^ အပိုဒ်၊ 32 ရန်သူတွေအပေါ် ဂျူးတွေ အပြီးသတ် အနိုင်ရရှိအောင် ဘုရင်က နောက်တစ်နေ့အထိ စစ်တိုက်ခွင့်ပြုခဲ့ပါတယ်။ (ဧသတာ ၉:၁၂-၁၄) အောင်ပွဲရ ဂျူးတွေဟာ ကနေ့အချိန်ထိ နွေဦးရောက်တိုင်း ပုရင် (ပုရရဲ့ အများကိန်း) လို့ခေါ်တဲ့ ပွဲတော်ကို ကျင်းပကြတယ်။ ပုရင်ဆိုတာက ဂျူးတွေကို ဖျက်ဆီးဖို့ ဟာမန် ကြံစည်တဲ့အနေနဲ့ မဲချခဲ့တာကို အစွဲပြုပြီး ခေါ်ခဲ့တာဖြစ်တယ်။

[စာမျက်နှာ ၂၈ ပါလေးထောင့်ကွက်]

ဧသတာကျမ်းနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့မေးခွန်းများ

မော်ဒကဲဟာ ဘာကြောင့် ယေဟောဝါဘုရားသခင်ကို မကိုးကွယ်တဲ့သူနဲ့ ဧသတာကို လက်ထပ်ထိမ်းမြားစေခဲ့တာလဲ။

မော်ဒကဲဟာ မိမိနာမည်ကျော်စောရေးအတွက် ဧသတာကို ဘုရင်နဲ့ လက်ထပ်စေချင်တဲ့ အခွင့်အရေးသမား ဖြစ်တယ်လို့ဆိုတဲ့ ကျမ်းပညာရှင်တချို့ရဲ့စကားက အခြေအမြစ်မရှိပါဘူး။ ဖြောင့်မတ်တည်ကြည်တဲ့ ဂျူးအမျိုးသားတစ်ယောက်အနေနဲ့ မော်ဒကဲဟာ အဲလိုအိမ်ထောင်ရေးကို လက်ခံမှာမဟုတ်ပါဘူး။ (တရားဟောရာ ၇:၃) ဧသတာ လက်မထပ်ဖြစ်အောင် မော်ဒကဲ ကြိုးစားခဲ့ပါသေးတယ်လို့ ရှေးခေတ် ဂျူးထုံးတမ်းဆိုင်ရာ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လို ယူဆထားတဲ့ သက်ဦးဆံပိုင်ဘုရင်တစ်ယောက် အုပ်ချုပ်နေတဲ့နိုင်ငံမှာ တိုင်းတစ်ပါးသားအနေနဲ့ နေထိုင်နေရတဲ့ မော်ဒကဲမှာရော ဧသတာမှာပါ ရွေးချယ်စရာ ရှိမယ့်ပုံမပေါက်ဘူး။ အချိန်ကြာလာတာနဲ့အမျှ ဂျူးလူမျိုးကို ကာကွယ်ပေးဖို့ ဧသတာရဲ့အိမ်ထောင်ရေးကို ယေဟောဝါဘုရားသခင် အသုံးပြုခဲ့တယ်ဆိုတာ ထင်ရှားလာပါတယ်။—ဧသတာ ၄:၁၄

ဧသတာကျမ်းထဲမှာ ဘုရားသခင့်နာမည် ယေဟောဝါကို ဘာကြောင့် မဖော်ပြထားတာလဲ။

ဧသတာကျမ်းကို ရေးသားသူက မော်ဒကဲဖြစ်တယ်ဆိုတာ သိသာပါတယ်။ ဂျေရုဆလင်မြို့ကို ဒီမှတ်တမ်း မယူဆောင်သွားခင် ပါးရှားအင်ပါယာနဲ့ဆိုင်တဲ့ မှတ်တမ်းမှတ်ရာတွေထဲမှာ သိမ်းထားတာ ဖြစ်နိုင်တယ်။ တကယ်လို့ ဧသတာကျမ်းမှာ ဘုရားသခင့်နာမည်ကို ထည့်ထားမယ်ဆိုရင် ပါးရှားနတ်ဘုရားတွေကို ကိုးကွယ်တဲ့သူတွေက အဲဒီကျမ်းကို ဖျက်ဆီးကောင်း ဖျက်ဆီးပစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီဇာတ်လမ်းမှာ ယေဟောဝါဘုရားသခင် ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။ စိတ်ဝင်စားစရာက ဧသတာကျမ်းမှာ ဘုရားသခင့်နာမည်ကို ဝှက်ထားပုံပါပဲ။ မူရင်းဟီဘရူး လက်ရေးစာမူတွေမှာ ဧသတာကျမ်းရဲ့ အခန်းငယ်တချို့က စကားလုံးတွေရဲ့အစပိုင်း ဒါမှမဟုတ် နောက်ဆုံး အက္ခရာတွေကို ပေါင်းဖတ်လိုက်ရင် ဘုရားသခင့်နာမည် ထွက်လာတယ်။—ဧသတာ ၁:၂၀

ဧသတာကျမ်းဟာ သမိုင်းအရရော တိကျမှန်ကန်ရဲ့လား။

ဧသတာကျမ်းဟာ သမိုင်းအရလည်း တိကျမှန်ကန်မှု မရှိဘူးလို့ ဝေဖန်သူတွေက အခိုင်အမာပြောကြတယ်။ ဒါပေမဲ့ ဧသတာကျမ်းကို ရေးသားတဲ့သူဟာ ပါးရှားနန်းတွင်းအကြောင်း၊ ပါးရှားဗိသုကာလက်ရာနဲ့ ပါးရှားတွေရဲ့ ဓလေ့ထုံးစံအကြောင်းကို အသေးစိတ် သိရှိထားတယ်ဆိုတာကိုတော့ ကျမ်းပညာရှင်တချို့ သတိပြုမိကြတယ်။ လက်ရှိ လောကမှတ်တမ်းမှတ်ရာတွေထဲမှာ မိဖုရားဧသတာရဲ့အကြောင်းကို ဖော်ပြထားခြင်း မရှိတာ မှန်ပါတယ်။ ဒါပေမဲ့ အဲလိုမှတ်တမ်းမတင်ခံရတာ ဧသတာတစ်ယောက်တည်း မဟုတ်ပါဘူး။ အဲဒါထက် ပါးရှားလို မာဒူကာလို့အမည်ရတဲ့ မော်ဒကဲဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ရှုရှန်နန်းတော်မှာ အရာရှိအဖြစ် အမှုထမ်းခဲ့တဲ့အကြောင်းကိုတော့ လောကမှတ်တမ်းတွေထဲမှာ ဖော်ပြထားပါတယ်။

[စာမျက်နှာ ၂၉ ပါလေးထောင့်ကွက်]

ကြိုဟောချက်တစ်ခု ပြည့်စုံသွား

ဘုရားသခင် ရွေးချယ်ထားတဲ့ ဂျူးလူမျိုးအတွက် တိုက်ပွဲဆင်နွှဲရာမှာ ကျမ်းစာကြိုဟောချက် နောက်တစ်ခုကို ဧသတာနဲ့မော်ဒကဲတို့ ပြည့်စုံစေခဲ့ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၁,၂၀၀ ကျော်က ဘိုးဘေးယာကုပ်ရဲ့ သားတစ်ယောက်နဲ့ပတ်သက်ပြီး ယေဟောဝါဘုရားသခင်က ယာကုပ်ကို ဒီလိုကြိုပြောခိုင်းခဲ့ပါတယ်– “ဗင်ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်။ ဖမ်းရသောအရာကို နံနက်အချိန်၌ ကိုက်စား၍ လုယူသောအရာကိုလည်း ညအချိန်၌ ဝေဖန်လိမ့်မည်။” (ကမ္ဘာဦး ၄၉:၂၇) အစ္စရေးမင်းဆက်ရဲ့ သမိုင်းအစ (“နံနက်အချိန်”) မှာ ဗင်ယာမိန်အနွယ်ထဲက ဘုရင်ရှောလုနဲ့ ရဲစွမ်းသတ္တိရှိတဲ့ တခြားစစ်သည်တွေဟာ ယေဟောဝါဘုရားသခင် ရွေးချယ်ထားတဲ့ လူမျိုးအတွက် တိုက်ခိုက်ခဲ့ကြတယ်။ အစ္စရေးမင်းဆက် အကုန်ပိုင်း (“ညအချိန်”) မှာ ဗင်ယာမိန်အနွယ်ဖြစ်တဲ့ ဧသတာနဲ့ မော်ဒကဲတို့ဟာ ယေဟောဝါဘုရားသခင်ရဲ့ ရန်သူတွေကို ထိထိရောက်ရောက် တိုက်ပွဲဆင်နွှဲနိုင်အောင် နောက်ကွယ်ကနေ ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ လုယူရရှိတဲ့အရာတွေကိုလည်း ခွဲဝေယူခဲ့ကြတယ်။ ဆိုလိုတာက ဟာမန်ရဲ့ပိုင်ဆိုင်ရာ ပစ္စည်းအားလုံးကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဘုရင်ရဲ့သနားကြင်နာမှုကို ဧသတာ နှိမ့်ချစွာ အသိအမှတ်ပြုခဲ့

[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံ]

လူယုတ်မာ ဟာမန်ကို ဧသတာ သတ္တိရှိရှိနဲ့ ဖော်ထုတ်ခဲ့

[စာမျက်နှာ ၂၈၊ ၂၉ ပါ ရုပ်ပုံ]

ဧသတာနဲ့မော်ဒကဲတို့ဟာ ပါရှားအင်ပါယာတစ်ခွင်လုံးမှာရှိတဲ့ ဂျူးတွေဆီ ကြေညာချက်တွေ ပေးပို့ခဲ့