မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သင် သိပါသလား

ဧသတာကျမ်းမှာ ဖော်ပြထားတဲ့ ပါရှန်းဘုရင် အာရွှေရုက ဘယ်သူလဲ။

ဘုရင်အာရွှေရုဟာ ဂျူးအပျိုစင် ဧသတာကို မိဖုရားအဖြစ် ရွေးကောက်ပြီး ဧသတာကလည်း ဂျူးလူမျိုးကို မျိုးဖြုတ်သတ်ဖြတ်မှုကနေ ကယ်နုတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဧသတာကျမ်းထဲမှာ ဖော်ပြထားပါတယ်။ ကျမ်းစာမှာပါတဲ့ အာရွှေရုဟာ ပါရှန်းဘုရင်တွေထဲက ဘယ်တစ်ယောက်ဖြစ်မလဲဆိုပြီး ကျမ်းပညာရှင်တွေ ထင်ကြေးအမျိုးမျိုး ပေးနေတာ ကြာလှပါပြီ။ ဒါပေမဲ့ ပါရှန်းသမိုင်းဝင်အဆောက်အအုံတွေမှာ ဘာသာစကားသုံးမျိုးနဲ့ ရေးထားတဲ့ အချက်အလက်ကြောင့် အာရွှေရုဟာ ဘယ်သူလဲဆိုတာ ရှင်းလင်းလာပုံရပါတယ်။ အဲဒီအချက်အလက်တွေကြောင့် အာရွှေရုဟာ မဟာဒါရိမင်း (ဟက်စတာစပစ်) ရဲ့သား ဇခ်စိဇ် ၁ ဖြစ်တယ်ဆိုတာ သေချာတယ်။ ပါးရှားကျောက်စာမှာ တွေ့ရတဲ့ ဇခ်စိဇ်နာမည်ရေးထားပုံက ဧသတာကျမ်း (ဟီဘရူးဘာသာဖြင့်) မှာတွေ့ရတဲ့ ဇခ်စိဇ်နာမည်ရေးထားပုံနဲ့ လုံးဝနီးပါး တူညီနေတယ်။

အာရွှေရုနဲ့ပတ်သက်ပြီး ဧသတာကျမ်းမှာ ဖော်ပြထားတဲ့ အချက်အလက်အားလုံးက အထက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီနေတယ်။ အဲဒီပါရှန်းဧကရာဇ်ဟာ ဧလံပြည်၊ စူစာ (ရှုရှန်) မြို့တော်ကနေ မေဒိ (မီးဒီးယား) ကိုအုပ်ချုပ်ပြီး သူ့ရဲ့ပိုင်နက်ကို အိန္ဒိယနိုင်ငံကနေ မြေထဲပင်လယ်ကျွန်းတွေအထိ တိုးချဲ့ခဲ့တယ်။ (ဧသတာ ၁:၂၊ ၃; ၈:၉; ၁၀:၁) “အဲဒီအချက်အလက်အားလုံးက တခြားဧကရာဇ်မင်းတွေနဲ့မဟုတ်ဘဲ ဇခ်စိဇ်နဲ့ပဲ အကုန်ကိုက်ညီနေပါတယ်။ ဧသတာကျမ်းမှာ ဖော်ပြထားတဲ့ အာရွှေရုရဲ့ စရိုက်က ဟဲရိုဒိုတပ်စ်နဲ့ တခြားဂရိသမိုင်းပညာရှင်တွေ ဖော်ပြတဲ့ ဇခ်စိဇ်ရဲ့စရိုက်နဲ့ တစ်ထပ်တည်းပါပဲ” လို့ကျမ်းပညာရှင် လူးဝစ် ဘေလ်စ် ပါတန်က ပြောပြတယ်။

ရှေးခေတ်အီဂျစ်ပြည်မှာ အုတ်တွေ ဖုတ်ခဲ့တယ်ဆိုတဲ့ အထောက်အထား ရှိပါသလား။

အီဂျစ်လူတွေက ဟီဘရူးကျွန်တွေကို အုတ်ဖုတ်ခိုင်းတယ်လို့ ထွက်မြောက်ရာကျမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီကျွန်တွေဟာ မြေစေးနဲ့ ကောက်ရိုးတွေကို သုံးပြီး သတ်မှတ်ထားတဲ့ အရေအတွက်ပြည့်အောင် နေ့တိုင်း အုတ်ဖုတ်ရပါတယ်။—ထွက်မြောက်ရာ ၁:၁၄; ၅:၁၀-၁၄

ရှေးအချိန်က နေလှန်းအုတ်တွေ ပြုလုပ်တဲ့လုပ်ငန်းဟာ နိုင်းမြစ်ဝှမ်းဒေသမှာ အရေးပါတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဲဒီနေလှန်းအုတ်တွေနဲ့ ဆောက်လုပ်ထားတဲ့ ရှေးခေတ်အဆောက်အအုံတွေဟာ အီဂျစ်နိုင်ငံမှာ အခုထက်ထိ ရှိနေတုန်းပါပဲ။ ဘီစီအီး ၁၅ ရာစုက သီဘီစ်မြို့၊ ရက်ခ်မိုင်ရ်ရဲ့ သင်္ချိုင်းဂူပေါ်မှာ နေလှန်းအုတ် လုပ်ပုံလုပ်နည်းကို ရေးဆွဲထားတယ်။ အဲဒီနံရံပန်းချီကားပေါ်က နေလှန်းအုတ်လုပ်ပုံလုပ်နည်းနဲ့ ထွက်မြောက်ရာကျမ်းမှာ ဖော်ပြထားတဲ့ လုပ်ပုံလုပ်နည်းက တစ်ပုံစံတည်း ဖြစ်ပုံရတယ်။

အဲဒီပန်းချီကားရဲ့ နောက်ခံကို စွယ်စုံကျမ်းတစ်ကျမ်း (The International Standard Bible Encyclopedia) က ဒီလိုဖော်ပြတယ်– “ရေအိုင်ထဲကနေ ရေကိုခပ်၊ ရွှံ့စေးနဲ့ရောပြီး ပေါက်ပြားနဲ့ သမအောင် မွှေတယ်။ ပြီးတော့ အုတ်လုပ်ဖို့ အဆင်ပြေမယ့်နေရာဆီ သယ်သွားတယ်။ အုတ်ဖုတ်သမားက အဲဒီရွှံ့စေးကို သစ်သားပုံစံခွက်ထဲမှာ ထည့်ပြီး မြေကြီးပေါ် မှောက်ချလိုက်တယ်။ ပြီးတော့ ပုံစံခွက်ကို တဖြည်းဖြည်း မလိုက်တယ်။ ရလာတဲ့ အုတ်တွေကို အတန်းလိုက်ထားပြီး နေလှန်းတယ်။ ခြောက်သွေ့သွားတဲ့အခါ အုတ်တွေကို အထပ်လိုက် စီထားလိုက်တယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အခုထက်ထိ အဲဒီနည်းအတိုင်း အုတ်ဖုတ်နေတုန်းပါပဲ။”

ကျွန်တွေဟာ ကောက်ရိုးနဲ့ အုတ်လုပ်တဲ့မြေစေးတွေကို အသုံးပြုပြီး ခွဲတမ်းအလိုက် နေ့တိုင်း အုတ်ဖုတ်ရတယ်လို့ ဘီစီအီး ၂၀၀၀ က ပါပိုင်းရတ်စ်ကျူစာ အမျိုးမျိုးမှာလည်း ဖော်ပြထားပါတယ်။

[စာမျက်နှာ ၂၂ ပါရုပ်ပုံ]

ဇခ်စိဇ် (မတ်တတ်ရပ်နေသူ) နဲ့ မဟာဒါရိမင်း (ထိုင်နေသူ) ပုံတို့ကို ဖော်ပြထားတဲ့ ကျောက်ပြား

[စာမျက်နှာ ၂၂ အသိအမှတ်ပြုစာ]

Werner Forman/Art Resource, NY

[စာမျက်နှာ ၂၂ ပါရုပ်ပုံ]

ရက်ခ်မိုင်ရ်ရဲ့ သင်္ချိုင်းဂူပေါ်မှာ အသေးစိတ် ရေးဆွဲထားတဲ့ နံရံပန်းချီကား

[စာမျက်နှာ ၂၂ အသိအမှတ်ပြုစာ]

Erich Lessing/Art Resource, NY