မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက အနာဂတ်ကို ကြိုဟောသလား

သမ္မာကျမ်းစာက အနာဂတ်ကို ကြိုဟောသလား

ဘုရားသခင့်စကားတော်မှ သင်ယူပါ

သမ္မာကျမ်းစာက အနာဂတ်ကို ကြိုဟောသလား

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ကျမ်းစာကြိုဟောချက်တွေက တိကျသေချာရဲ့လား။

အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင် တစ်ဦးတည်းကပဲ အနာဂတ်ကို အသေးစိတ် ကြိုမြင်နိုင်တာပါ။ (အာမုတ် ၃:၇) ဥပမာ၊ မေရှိယ (ခရစ်တော်) လို့ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာမယ်၊ မေရှိယဟာ အာဗြဟံလို့ခေါ်တဲ့ ဖြောင့်မတ်တဲ့အမျိုးသားရဲ့ မျိုးရိုးကနေ ဆင်းသက်လာမယ်၊ နာခံမှုရှိတဲ့ လူသားတွေ ရောဂါကင်းဝေးပြီး ပြီးပြည့်စုံလင်တဲ့ အသက်တာကို ပြန်လည်ရရှိနိုင်အောင် ပြုလုပ်ပေးမယ့် အုပ်စိုးရှင်လည်း ဖြစ်မယ်ဆိုတာကို နှစ်ပေါင်းများစွာကတည်းက ဘုရားသခင် ကြိုပြောခဲ့ပါတယ်။ (ကမ္ဘာဦး ၂၂:၁၈; ဟေရှာယ ၅၃:၄၊ ၅) ကြိုဟောထားတဲ့ အဲဒီမေရှိယဟာ ဗက်လင် (ဘက်သလီဟင်) မြို့မှာ မွေးဖွားပါလိမ့်မယ်။—မိက္ခာ ၅:၂ ကိုဖတ်ပါ။

အဲဒီမေရှိယဟာ ယေရှုပဲဖြစ်ပါတယ်။ မေရှိယဟာ အပျိုစင်တစ်ယောက်ကနေ မွေးဖွားလာပြီး အထင်အမြင်သေးခံရမယ်လို့ ကျမ်းစာမှာ နှစ်ပေါင်း ၇၀၀ ကျော် ကြိုပြောထားတယ်။ လူသားတွေရဲ့ အပြစ်အတွက် သူ့အသက်ကို စွန့်ပြီး သူဌေးသူကြွယ်တွေရဲ့ သင်္ချိုင်းမှာ သင်္ဂြိုဟ်ခံရမယ်။ (ဟေရှာယ ၇:၁၄; ၅၃:၃၊ ၉၊ ၁၂) မေရှိယဟာ မြည်းကလေးစီးပြီး ဂျေရုဆလင်မြို့ထဲကိုဝင်မယ်၊ ငွေ ၃၀ နဲ့ သစ္စာဖောက်ခံရမယ်ဆိုပြီးတော့လည်း ကျမ်းစာမှာ အနှစ်ငါးရာကျော် ကြိုပြောထားတယ်။ မေရှိယနဲ့ပတ်သက်တဲ့ ကြိုဟောချက်တွေအားလုံး ယေရှုမှာ တစ်ခုမကျန် ပြည့်စုံလာခဲ့ပါတယ်။—ဇာခရိ ၉:၉; ၁၁:၁၂ ကိုဖတ်ပါ။

၂။ ဘုရားသခင်က ရက်စွဲတွေကို ကြိုပြောသလား။

မေရှိယပေါ်ထွန်းမယ့်နှစ် အတိအကျကို သမ္မာကျမ်းစာမှာ အနှစ်ငါးရာကျော် ကြိုပြောခဲ့ပါတယ်။ ကိုယ်တော်ရောက်ရှိမယ့်အချိန်ကို ပုံဆောင်သီတင်းနှစ်တွေနဲ့ တွက်ချက်ပြီး တစ်ရက်ကို တစ်နှစ်လို့ ယူဆရမှာဖြစ်တယ်။ ဆိုလိုတာက တစ် “သီတင်း” မှာ ခုနစ်နှစ်ရှိတယ်။ မေရှိယပေါ်ထွန်းမယ့်အချိန်က ၇ သီတင်းနဲ့ ၆၂ သီတင်း၊ စုစုပေါင်း ၆၉ သီတင်း ကြာလိမ့်မယ်။ အဲဒါက ၄၈၃ နှစ်နဲ့ ညီမျှပါတယ်။ အဲဒီနှစ်တွေကို ဘယ်အချိန်ကနေစပြီး ရေတွက်တာလဲ။ သမ္မာကျမ်းစာအရ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူ နေဟမိ ဂျေရုဆလင်မြို့ကို ရောက်ရှိပြီး အဲဒီမြို့ကို ပြန်လည်တည်ထောင်တဲ့အချိန်ကနေ စတင်တာဖြစ်တယ်။ အဲဒီအချိန်က ဘီစီအီး ၄၅၅ ဖြစ်တယ်ဆိုတာကို ပါးရှားသမိုင်းက အတည်ပြုတယ်။ (နေဟမိ ၂:၁-၅) နောက် ၄၈၃ နှစ်အကြာ စီအီး ၂၉ အတိအကျမှာပဲ ယေရှုဟာ မေရှိယအဖြစ် နှစ်ခြင်းခံခဲ့ပါတယ်။—ဒံယေလ ၉:၂၅ ကိုဖတ်ပါ။

၃။ ကနေ့အချိန်မှာရော ကျမ်းစာကြိုဟောချက်တွေက မှန်ကန်နေပါသလား။

ကျွန်ုပ်တို့ခေတ်မှာ အရေးကြီးတဲ့ဖြစ်ရပ်တွေ ဖြစ်ပျက်လိမ့်မယ်လို့ ယေရှု ကြိုပြောခဲ့ပါတယ်။ ယေရှုကြိုပြောခဲ့တဲ့အထဲမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းလည်း ပါပြီး အဲဒါက ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့သူအားလုံးကို စိတ်ရောကိုယ်ပါ ချမ်းသာခွင့်ပေးပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော်က လက်ရှိဆိုးသွမ်းတဲ့ ဒီလောကတစ်ခုလုံးကို အဆုံးတိုင်စေမှာဖြစ်တယ်။—မဿဲ ၂၄:၁၄၊ ၂၁၊ ၂၂ ကိုဖတ်ပါ။

ကျမ်းစာကြိုဟောချက်တွေထဲမှာ လက်ရှိလောကရဲ့ နိဂုံးနဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားပါတယ်။ ကနေ့ခေတ်ကြီးက တိုးတက်နေတယ်လို့ လူတွေ ယူမှတ်ကြပေမဲ့ ကျမ်းစာမှာတော့ လူတွေက ဒီကမ္ဘာကြီးကို ဖျက်ဆီးကြလိမ့်မယ်လို့ ဖော်ပြထားတယ်။ စစ်၊ အစာခေါင်းပါးမှု၊ မြေငလျင်နဲ့ ကပ်ရောဂါတွေကြောင့် ပိုပြီးခက်ခဲကျပ်တည်းလာလိမ့်မယ်။ (လုကာ ၂၁:၁၁; ဗျာ. ၁၁:၁၈) ကျင့်ဝတ်စံနှုန်းတွေ ကျဆင်းလာလိမ့်မယ်။ အခုလို ခက်ခဲတဲ့အချိန်မှာ ယေရှုရဲ့နောက်လိုက်တွေက တိုင်းနိုင်ငံအားလုံးမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောကြလိမ့်မယ်။—မဿဲ ၂၄:၃၊ ၇၊ ၈; ၂ တိမောသေ ၃:၁-၅ တို့ကိုဖတ်ပါ။

၄။ အနာဂတ်မှာ လူသားတွေ ဘာတွေ ကြုံရမလဲ။

အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ လူသားတွေအတွက် ကောင်းတဲ့အရာတွေ ပြင်ဆင်ပေးထားပါတယ်။ မေရှိယဖြစ်တဲ့ ယေရှုခရစ်နဲ့အတူ ရွေးချယ်ခံရတဲ့သူတွေဟာ ကမ္ဘာမြေကြီးကို ကောင်းကင်ကနေ အုပ်ချုပ်ပါလိမ့်မယ်။ သူတို့တွေနဲ့ဖွဲ့စည်းထားတဲ့ အဲဒီကောင်းကင်အစိုးရဟာ အနှစ်တစ်ထောင် အုပ်ချုပ်မှာဖြစ်တယ်။ သေလွန်သူတွေဟာ အသက်ပြန်ရှင်လာကြပြီး ထာဝရအသက်ရနိုင်မယ့် အခွင့်အရေးကို ရရှိပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ချိန်မှာ အသက်ရှင်နေထိုင်ခွင့်ရသူတိုင်း ကုသမှုခံရပါလိမ့်မယ်။ ဖျားနာမှုနဲ့ သေခြင်း ရှိတော့မှာမဟုတ်ပါဘူး။—ဗျာ. ၅:၁၀; ၂၀:၆၊ ၁၂; ၂၁:၄၊ ၅ ကိုဖတ်ပါ။

ဒီထက်မက ပိုသိချင်တယ်ဆိုရင် ဒီမှာဖော်ပြထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ စာမျက်နှာ ၂၃-၂၅ နဲ့ ၁၉၇-၂၀၁ မှာဖတ်ကြည့်နိုင်ပါတယ်။ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း