မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာဗြဟံ—ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသား

အာဗြဟံ—ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသား

အာဗြဟံ—ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသား

ခါနာန်ပြည်ကို သွားဖို့ အထုပ်အပိုးတွေ ပြင်နေတဲ့ သူ့မိသားစုနဲ့ သူ့ကျွန်တွေကို အာဗြဟံ ကြည့်နေတယ်။ (ကမ္ဘာဦး ၁၂:၁-၅) ဒီလူအုပ်ကြီး အသက်ရှင်ရပ်တည်ဖို့က သူ့အပေါ် မူတည်နေတယ်ဆိုတာ အာဗြဟံ ကောင်းကောင်း သဘောပေါက်တယ်။ ဒါပေမဲ့ ကိုယ်မသိတဲ့ နယ်မြေမှာ သူတို့ကို ရုပ်ပိုင်းအရ ဘယ်လိုထောက်ပံ့ပေးရမလဲ။ စားကျက်ကောင်းကောင်း၊ မြေဆီလွှာကောင်းကောင်း၊ ရေကောင်းကောင်းရနိုင်ပြီး တကယ့်ကိုဖြစ်ထွန်းတဲ့ ဥရမြို့ကို ပြန်သွားတာပဲ ပိုအဆင်ပြေမလား။ နယ်မြေအသစ်မှာ သူ ဖျားနာမယ် ဒါမှမဟုတ် သေသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူ့မိသားစုကို ဘယ်သူက ထောက်ပံ့မလဲ။ တကယ်လို့ အာဗြဟံမှာ အဲဒီလိုစိုးရိမ်စိတ်တွေရှိခဲ့ရင်တောင် ကြောက်စိတ်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတာမျိုး မရှိခဲ့ပါဘူး။ ဘာပဲဖြစ်လာပါစေ၊ ဘုရားသခင်ပြောတဲ့အတိုင်း လုပ်ဖို့ သူ စိတ်ပိုင်းဖြတ်လိုက်တယ်။ စစ်မှန်တဲ့ ရဲစွမ်းသတ္တိရှိခြင်းရဲ့ အမှတ်အသားတစ်ခုပါပဲ။

ရဲစွမ်းသတ္တိဆိုတာ ဘာလဲ။ ရဲစွမ်းသတ္တိဆိုတာ ကြံ့ခိုင်ခြင်း၊ ရဲရင့်ခြင်း၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စွန့်စားဆောင်ရွက်ခြင်းဖြစ်ပြီး သူရဲဘောကြောင်ခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ရဲစွမ်းသတ္တိရှိတယ်လို့ ဆိုတဲ့အခါ ဘယ်တော့မှ မကြောက်ဘူး ဆိုတဲ့အဓိပ္ပာယ်တော့ မဟုတ်ဘူး။ ဘုရားသခင်ဆီကလာတဲ့ ရဲစွမ်းသတ္တိကို ပိုင်ဆိုင်ထားသူတစ်ဦးဟာ ကြောက်စိတ်ရှိနေပေမဲ့လည်း လုပ်စရာရှိတာ လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။

ရဲစွမ်းသတ္တိကို အာဗြဟံ ဘယ်လိုတင်ပြခဲ့သလဲ။ အာဗြဟံဟာ အများမိုးခါးရေသောက်သလို လိုက်မသောက်ဖို့ အသင့်ရှိခဲ့တယ်။ ဘုရားသခင်တွေအများကြီးနဲ့ အထိမ်းအမှတ်ရုပ်ပုံအများကြီးကို ဝတ်ပြုတဲ့လူတွေကြားထဲမှာ အာဗြဟံ ကြီးပြင်းလာခဲ့တယ်။ ဒါပေမဲ့ တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာ သူတွေးကြောက်မနေဘဲ မှန်တယ်လို့ သူသိထားရာကို နောက်မတွန့်ဘဲ လုပ်ဆောင်ခဲ့ပါတယ်။ တခြားသူတွေနဲ့ဆန့်ကျင်ပြီး “အမြင့်ဆုံးသောဘုရားသခင်” ယေဟောဝါ တစ်ဦးတည်းကိုပဲ ဝတ်ပြုဖို့ သူရွေးချယ်ခဲ့တယ်။—ကမ္ဘာဦး ၁၄:၂၄

အာဗြဟံဟာ ရုပ်ပစ္စည်းတွေကိုထက် စစ်မှန်တဲ့ဘုရားသခင်ကို ဦးစားထားခဲ့တယ်။ ဥရမြို့က ဇိမ်ကျတဲ့ သူ့ဘဝကို စွန့်လွှတ်ပြီး တောကန္တာရထဲကို သွားဖို့ အသင့်ရှိခဲ့တယ်။ ယေဟောဝါဘုရားသခင်က သူ့ရုပ်ပိုင်းလိုအပ်ရာတွေကို ဖြည့်ဆည်းပေးမယ်ဆိုတာကိုလည်း အပြည့်အဝ ယုံကြည်စိတ်ချခဲ့တယ်။ နှစ်တွေကုန်လွန်လာတာနဲ့အမျှ ဥရမြို့က ပြည့်စုံကုံလုံမှုတွေကို အာဗြဟံ ပြန်တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က သူနဲ့ သူ့မိသားစုကို အမြဲထောက်ပံ့ပေးမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ခဲ့တယ်။ အာဗြဟံဟာ ယေဟောဝါဘုရားသခင်ကို သူ့ဘဝရဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး တွယ်ကပ်နေတဲ့အခါ ဘုရားသခင့်ပညတ်တွေကို လိုက်နာဖို့ လိုအပ်တဲ့ ရဲစွမ်းသတ္တိ ရရှိခဲ့ပါတယ်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာက ဘာလဲ။ အာဗြဟံလိုပဲ ကျွန်ုပ်တို့လည်း လိုအပ်မယ်ဆိုရင် ခေတ်ရေစီးကြောင်းကိုဆန်ပြီး ဘုရားသခင်ရဲ့စကားကို နားထောင်ဖို့ လိုအပ်တဲ့ ရဲစွမ်းသတ္တိကို ပြုစုပျိုးထောင်နိုင်ပါတယ်။ ဥပမာ၊ ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးကွယ်သူတွေဟာ စိတ်ရင်းမှန်တဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေရဲ့ ဆန့်ကျင်မှုတွေကို ကြုံရနိုင်တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ယောဟန် ၁၅:၂၀) ဒါပေမဲ့ ဘုရားသခင်အကြောင်း ကိုယ်သိထားရာတွေကို အခိုင်အမာ ယုံကြည်စိတ်ချတဲ့အခါ ကိုယ့်ယုံကြည်ချက်ကို ရိုသေလေးစားတဲ့နည်းနဲ့ ခုခံကာကွယ်နိုင်ပါလိမ့်မယ်။—၁ ပေတရု ၃:၁၅

ဘုရားသခင်က မိမိကို ယုံကြည်တဲ့သူတွေကို ထောက်ပံ့ပေးမယ်ဆိုတဲ့ ကတိစကားကိုလည်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ အဲဒီလိုယုံကြည်စိတ်ချမှုမျိုး ကျွန်ုပ်တို့မှာ ရှိမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဘဝအသက်တာကို ရုပ်ပစ္စည်းတွေအပေါ်မှာမဟုတ်ဘဲ ဝတ်ပြုရေးနဲ့ဆက်စပ်တဲ့အရာတွေအပေါ် အခြေပြုတည်ဆောက်ရဲမှာဖြစ်တယ်။ (မဿဲ ၆:၃၃) မိသားစုတစ်စု အဲဒီအတိုင်း လုပ်ခဲ့တာကို သုံးသပ်ကြည့်ရအောင်။

ဒက်ခ်နဲ့ ဘီကီတို့ဟာ သားငယ်နှစ်ယောက်ရှိပေမဲ့လည်း ကျမ်းစာသတင်းကောင်း ဟောပြောတဲ့သူတွေ ပိုလိုအပ်တဲ့ နိုင်ငံတစ်နိုင်ငံကို သွားချင်ကြတယ်။ ဒါနဲ့ အသေအချာ သုတေသနလုပ်ပြီး စိတ်ထက်သန်စွာ ဆုတောင်းပြီးတဲ့နောက် သူတို့ရဲ့အစီအစဉ်အတိုင်း လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ “ကလေးတွေကိုခေါ်ပြီး အဆင်ပြေမယ်လို့ တပ်အပ် မပြောနိုင်တဲ့ နေရာတစ်ခုကို ရွှေ့ပြောင်းဖို့ဆိုတာ သတ္တိရှိဖို့တော့လိုတယ်။ ဒါပေမဲ့ ပြောင်းရွှေ့မယ့်ကိစ္စကို စဆွေးနွေးတုန်းက အာဗြဟံနဲ့ စာရာတို့ရဲ့ ပုံနမူနာကို ကျွန်တော်တို့ သုံးသပ်ခဲ့ကြတယ်။ ယေဟောဝါကို သူတို့ ယုံကြည်စိတ်ချခဲ့ပုံ၊ သူတို့ကို ကိုယ်တော် အမြဲ ကူညီပေးခဲ့ပုံတွေကို သုံးသပ်တာက ကျွန်တော်တို့အတွက် တကယ် အကူအညီဖြစ်စေခဲ့တယ်” ဆိုပြီး ဒက်ခ် ပြန်ပြောပြတယ်။

တိုင်းတစ်ပါးမှာနေရတဲ့ ဘဝအသက်တာအကြောင်း ဒက်ခ်က ဒီလိုပြောပြတယ်– “မယုံနိုင်လောက်အောင် အကျိုးကျေးဇူးတွေ ခံစားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ပြောင်းရွှေ့တဲ့ နိုင်ငံမှာ ဘဝပုံစံက ပိုပြီးရိုးရှင်းသွားတဲ့အတွက် မိသားစုလိုက် ဟောပြောဖို့၊ စကားလက်ဆုံပြောဖို့နဲ့ ကလေးတွေနဲ့အတူတူ ကစားဖို့ အချိန်အများကြီး ရလာတယ်။ ရရှိတဲ့လွတ်လပ်မှုက ပြောမပြနိုင်လောက်အောင်ပါပဲ။”

လူတိုင်းမှာ အဲဒီလိုအပြောင်းအလဲကြီးတွေကို လုပ်နိုင်တဲ့အနေအထား မရှိဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အာဗြဟံကို တုပတဲ့အနေနဲ့ ဘုရားသခင့်ဝတ်ပြုရေးကို ဦးစားထားပြီး လိုအပ်တဲ့အချိန်မှာ ဘုရားသခင် ထောက်မမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကျမ်းစာထဲမှာပါတဲ့အတိုင်း ‘ယေဟောဝါဘုရားသခင်သည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်’ ဆိုပြီး ရဲရင့်စွာ ပြောဆိုနိုင်ပါလိမ့်မယ်။—ဟေဗြဲ ၁၃:၅၊ ၆

[စာမျက်နှာ ၇ ပါအကျဉ်းဖော်ပြချက်]

ဘုရားသခင်ဆီကလာတဲ့ ရဲစွမ်းသတ္တိကို ပိုင်ဆိုင်ထားသူတစ်ဦးဟာ ကြောက်စိတ်ရှိနေပေမဲ့လည်း လုပ်စရာရှိတာကို လုပ်ဆောင်တတ်

[စာမျက်နှာ ၈ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဇနီးဝတ္တရားကျေပွန်တဲ့ အမျိုးသမီးတစ်ယောက်

ယုံကြည်ခြင်းနဲ့ အသက်ရှင်ရာမှာ စံပြဖြစ်တဲ့ အမျိုးသားတစ်ယောက်နဲ့ စာရာ လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ စာရာဟာ သူကိုယ်တိုင်လည်း စံနမူနာကောင်း တင်ပြခဲ့တယ်။ စာရာကို ဘုရားသခင့်စိတ်တော်နဲ့တွေ့လိုတဲ့ အမျိုးသမီးတွေ တုပသင့်တဲ့သူဆိုပြီး ကျမ်းစာထဲမှာ နာမည်နဲ့တကွ သုံးကြိမ်တောင် ဖော်ပြထားပါတယ်။ (ဟေရှာယ ၅၁:၁၊ ၂; ဟေဗြဲ ၁၁:၁၁; ၁ ပေတရု ၃:၃-၆) ကျမ်းစာက ဒီမှတ်သားထိုက်တဲ့ အမျိုးသမီးအကြောင်း နည်းနည်းလေးပဲ ဖော်ပြထားပေမဲ့ သူ့မှာ အရည်အသွေးကောင်းတွေ ရှိတယ်ဆိုတာ ကျွန်ုပ်တို့ နားလည်နိုင်ပါတယ်။

ဥပမာ၊ ဥရမြို့ကို စွန့်ခွာဖို့ ဘုရားသခင်က သူ့ကို ညွှန်ကြားလာတယ်လို့ အာဗြဟံ ပြောပြတဲ့အခါ စာရာရဲ့ ဦးဆုံးတုံ့ပြန်မှုကို စဉ်းစားကြည့်ပါ။ သူတို့ ဘယ်ကိုသွားရမလဲ၊ ဘာကြောင့် သွားဖို့လိုအပ်တာလဲဆိုတာ စာရာ စဉ်းစားခဲ့မလား။ ရုပ်ပိုင်းလိုအပ်ရာတွေအတွက် စာရာ စိုးရိမ်ပူပန်ခဲ့သလား။ မိသားစုနဲ့ မိတ်ဆွေတွေကို ခွဲခွာရတော့မယ်၊ သူတို့နဲ့ ပြန်တွေ့ရချင်မှလည်း ပြန်တွေ့ရတော့မှာ ဆိုတဲ့အတွေးနဲ့ သူ ဝမ်းနည်းခဲ့သလား။ အဲဒီအရာတွေကို သူစဉ်းစားခဲ့မှာ သေချာပါတယ်။ ဒါပေမဲ့ အာဗြဟံပြောတာကို လိုလိုလားလားနဲ့ လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့နာခံတဲ့ လုပ်ရပ်အတွက် ယေဟောဝါဘုရားသခင် ဆုချမယ်ဆိုတာ သူယုံကြည်စိတ်ချခဲ့တယ်။—တမန်တော် ၇:၂၊ ၃

စာရာဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့ နာခံမှုရှိသူတစ်ဦး ဖြစ်ရုံသာမက အရမ်းတော်တဲ့ ဇနီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ စာရာဟာ ယောက်ျားနဲ့အပြိုင် မိသားစုရေးရာတွေကို ထိန်းချုပ်ဖို့ ကြိုးစားမဲ့အစား မိသားစုကို ခင်ပွန်းဖြစ်သူ ဦးစီးဦးဆောင်ရာမှာ မေတ္တာနဲ့ထောက်မတယ်၊ ခင်ပွန်းဖြစ်သူကိုလည်း စိတ်နှလုံးထဲကနေ ရိုသေလေးစားတတ်အောင် ကြိုးစားခဲ့တယ်။ အဲဒီလိုကောင်းမွန်တဲ့ အရည်အသွေးတွေနဲ့ သူ့ကိုယ်သူ ဆင်ယင်ထုံးဖွဲ့ခဲ့တဲ့အတွက် နှစ်လို့ဖွယ်ဇနီးတစ်ယောက် ဖြစ်ခဲ့ပါတယ်။—၁ ပေတရု ၃:၁-၆

စာရာတင်ပြခဲ့တဲ့ အရည်အသွေးတွေက ကနေ့ခေတ် ဇနီးသည်တွေအတွက် အကျိုးရှိပါ့မလား။ အိမ်ထောင်သက် ၃၀ ကျော်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ ဂျီးလ်အမည်ရှိ အမျိုးသမီးတစ်ယောက် ဒီလိုပြောပြတယ်– “ကျွန်မရဲ့ခင်ပွန်းသည်ကို ကိုယ့်ထင်မြင်ချက်တွေ လွတ်လွတ်လပ်လပ် ဖွင့်ပြောသင့်တယ်ဆိုတာ စာရာရဲ့စံနမူနာကနေ သိလာရတယ်။” သူ ဒီလိုဆက်ပြောတယ်– “တစ်ချိန်တည်းမှာ ကျွန်မရဲ့ခင်ပွန်းက အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် အပြီးသတ်ဆုံးဖြတ်ချက်ကို သူပဲ ချရမယ်။ သူ ဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီဆုံးဖြတ်ချက် ဖြစ်မြောက်အောင် အစွမ်းရှိသမျှနဲ့ ထောက်မဖို့က ကျွန်မရဲ့တာဝန်ပဲ။”

စာရာဆီကနေရရှိတဲ့ အထိရောက်ဆုံး ဖြစ်နိုင်တဲ့ သင်ခန်းစာကတော့ စာရာဟာ အရမ်းလှပေမဲ့လည်း သူ့ရဲ့အပြင်ပန်းအလှကြောင့် မာန်တက်သွားခြင်း မရှိခဲ့တာပါပဲ။ (ကမ္ဘာဦး ၁၂:၁၀-၁၃) စာရာဟာ ကောင်းတစ်ခါ ဆိုးတစ်လှည့်အခြေအနေတွေကို အာဗြဟံနဲ့အတူတူ မျှဝေခံစားပေးခဲ့ပြီး နှိမ့်ချစွာ ထောက်မပေးခဲ့တယ်။ အာဗြဟံနဲ့ စာရာတို့ဟာ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိတယ်၊ နှိမ့်ချပြီး မေတ္တာထားကြတယ်ဆိုတာ သေချာပါတယ်။ နှစ်ယောက်စလုံး ဘုရားသခင်ဆီက ဆုကျေးဇူးရရှိအောင် အပြန်အလှန်ထောက်မခဲ့တဲ့ စုံတွဲပါပဲ။